မောင်လူမွှေး - ငဲ့ကြည့်သင့်တဲ့ ဘဝတွေ
မောင်လူမွှေး - ငဲ့ကြည့်သင့်တဲ့ ဘဝတွေ
မိုးမခ ၊ အောက်တိုဘာ ၁၆ ၊ ၂၀၂၅
ခုရက်ပိုင်းအတွင်း သတင်းဆိုးတစ်ခုကို ကြားရတယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီး ထောင်ချတာကို ခံနေရတဲ့ မောင်လူမွှေးရဲ့ ညီငယ်မိတ်ဆွေ တစ်ယောက် ထောင်ထဲမှာ အခြေအနေမကောင်းဘူးတဲ့။ ခံတွင်းကင်ဆာ ဖြစ်နေပြီး အဆုတ်ကလည်း မကောင်းတော့ဘူးတဲ့။ ဒီသတင်းကြားပြီးနောက် မောင်လူမွှေး မွန်းကျပ်လာပြီး သက်ပြင်းရှည်ကြီးတွေလည်း မကြာမကြာ ချဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အဖေ ဆုံးတယ်။ ညီမဖြစ်သူက အိမ်မပြန်နိုင်ဘူး။ အိမ်မှာ သူ့အမေတစ်ယောက်တည်း။ သူက ထောင်ထဲမှာ ကျန်းမာရေး ဆိုးဝါးနေတယ်။ မင်းအောင်လှိုင် ဆုတ်ဖြဲပစ်လို့ အပိုင်းပိုင်းဖြစ်သွားရတဲ့ မိသားစုတွေထဲမှာ သူ့မိသားစုလည်း ပါသွားရှာတာပေါ့။
သူဟာ လူငယ်ဘဝရဲ့ လွတ်လပ်မှုကို အထူးခုန်မင်တယ်။ သူငယ်ချင်းတွေအပေါ် ခင်မင်ရင်းနှီးစွာဆက်ဆံပြီး အနွံအတာခံတယ်။ ပျော်ပျော်နေတတ်တယ်။ ဒီလို လူငယ်တစ်ယောက်ရဲ့ဘဝကို အာဏာသိမ်းစစ်တပ်က ရက်ရက်စက်စက် ဆုတ်ဖြဲပစ်လိုက်တယ်။
ဂီတနဲ့ ကဗျာကို ရူးသွပ်တဲ့သူနဲ့ မောင်လူမွှေး သိတာ ဆယ်စုနှစ်တစ်ခုတော့ ရှိပါပြီ။ ငွေကြေးအတွက် မပူပင်ရပေမယ့် သူဟာ ဘယ်တော့မှ မော်မော်ကြွားကြွား မရှိခဲ့ပါဘူး။ ဂီတတူရိယာပစ္စည်းတွေ ဝယ်တယ်။ တီးခတ်တယ်။ ကျောင်းအာစရိယပူဇော်ပွဲတွေမှာ ပွဲဖြစ်မြောက်ရေးကို တက်တက်ကြွကြွ လုပ်ဆောင်တယ်။
ကဗျာရေးတယ်။ သီချင်းဆိုတယ်။ ဓာတ်ပုံရိုက်တယ်။ စက်ဘီးစီးတယ်။ စီးကရက်နဲ့ လက်ဖက်ရည်ကြိုက်တယ်။ စာပေနဲ့ပတ်သက်တဲ့ ကိစ္စတွေမှာ တက်ကြွတယ်။ မိသားစုအပေါ်မှာ တာဝန်ကျေတယ်။ ဒီလိုလူငယ်တစ်ယောက်။ ခုထောင်ထဲမှာ ပိတ်လှောင်ခံထားရပြီး ဝေဒနာတွေနဲ့ လူးလွန့်နေရှာပေလိမ့်မယ်။
မိသားစု သေကွဲရော၊ ရှင်ကွဲရော ကွဲခဲ့ရပြီ။ စီးပွားရေး ပြိုလဲခဲ့ရပြီ။ ခု သူ့ကျန်းမာရေး ပြိုလဲခဲ့ပြီ။ အာဏာသိမ်းစစ်တပ်ဟာ သူ့ကို လုံလောက်တဲ့ ဆေးကုသခွင့် ဘယ်လိုမှ မပေးလောက်ဘူးဆိုတာကိုတော့ မောင်လူမွှေး အပါအဝင် အားလုံးက သိနေကြပါတယ်။ ဒါပေမဲ့ မောင်လူမွှေးတို့ဟာ သူနဲ့ပတ်သက်ပြီး ကံတစ်ခုတည်းကို အားကိုးပြီး မျှော်လင့်ချက်ထားနေကြသေးတာကိုလည်း သတိထားမိပါတယ်။
မောင်လူမွှေး မိတ်ဆွေ ညီငယ်ဟာ အသိဉာဏ်မဲ့တဲ့ လူမိုက်တွေရဲ့ နှိပ်စက်ခြင်းကို ခံနေရရှာတယ်။ လွတ်မြောက်နယ်မြေမှာ အသိဉာဏ်နည်းတဲ့ သူတွေကြောင့် မောင်လူမွှေးတို့လည်း စိတ်ပိုင်းဆိုင်ရာ ရုတ်တရက် ထိခိုက်ခံစားရတာမျိုးတွေ တော်တော်များများ ကြုံကြရပါတယ်။ ဒီလိုကြုံတွေ့ရတဲ့အခါတိုင်း မောင်လူမွှေးဟာ မိတ်ဆွေ ညီငယ်အကြောင်းကို တွေးမိတတ်ပါတယ်။ သူ့ထိခိုက်မှုနဲ့စာရင် မောင်လူမွှေးတို့ရဲ့ ထိခိုက်မှုက ဘာဟုတ်သေးလို့လဲ။ စစ်အာဏာရှင် ပြုတ်ကျရေးယုံကြည်ချက်နဲ့ ပေးဆပ်နေရတာချင်း တူပေမယ့် သူ့ပေးဆပ်မှုနဲ့စာရင် မောင်လူမွှေးတို့ ပေးဆပ်နေရတာက ဘာဟုတ်သေးလို့လဲ။ မောင်လူမွှေးမှာတို့မှာ ငဲ့ကြည့်သင့်တဲ့ ဘဝများစွာရှိပါတယ်။
သူတို့တွေထဲက အချို့ဟာ ထောင်ထဲမှာ အချည်းနှီး အချိန်ကုန်နေရတယ်လို့ ခံစားကောင်းခံစားရနိုင်ပါတယ်။ မောင်လူမွှေးသာ သူတို့ကို စကားတစ်ခွန်း ပြောခွင့်ရမယ်ဆိုရင် "ဒီတော်လှန်ရေးကြီးကို ခင်ဗျားတို့တွေရဲ့ ယုံကြည်ချက် "အား" နဲ့ မောင်းနှင်နေတာပါ" လို့ ပြောလိုက်ချင်ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar