Breaking News

တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု လျော့ပါးလာနေပြီလား

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၈ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၂၅


တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှု လျော့ပါးလာနေပြီလား 

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲက မော်တိတ်ကျေးရွာမှာ အရပ်သားတယောက်ကို ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ဆိုင်ကယ်ခိုးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအကြာမှာပဲ ရုပ်အလောင်း လာယူဖို့ မိသားစုဝင်တွေကို အကြောင်းကြားလာတဲ့ အဖြစ်အပျက်ဖြစ်ပွားခဲ့တယ်လို့ DVB သတင်းမှာ ဖေါ်ပြထားပြီး ပကဖ ဒုတာဝန်ခံကို NUG အစိုးရက အရေးယူမယ်လို့လည်း ဆက်လက်ဖေါ်ပြထားပါတယ်။ 

ပကဖ ရဲ့ ရိုက်နှက်စစ်ဆေးမှုကြောင့် နာရီပိုင်းအတွင်း သေဆုံးသွားတဲ့ အသက် ၃၀ ကျော်အရွယ် ကိုဇော်ထွေးဆိုသူရဲ့ ရုပ်အလောင်းမှာ အပြင်းအထန် နှိပ်စက်ခံထားရတဲ့ ဒဏ်ရာအညိုအမဲတွေ တွေ့ရပြီး ဦးခေါင်းမှာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေ ရထားတာတွေ့ရတယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ 

သတင်းဌာနရဲ့ Facebook စာမျက်နှာမှာ ဖေါ်ပြထားတဲ့ အဆိုပါ သတင်းရဲ့ အောက်မှာ မှတ်ချက်ပေးသူတွေက ပကဖ နဲ့ PDF တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖြတ်သန်းသွားလာတဲ့ လမ်းပိုင်းတွေမှာ ဂိတ်ဖွင့်ကာ ငွေကြေးကောက်ခံမှုတွေအကြောင်း အများအပြားရေးသား ဖေါ်ပြထားကြတာတွေ့ရပါတယ်။ သတင်းဖေါ်ပြပြီးနောက် ၆ နာရီဝန်းကျင် အချိန်အတွင်း မှတ်ချက်ပေါင်း ၅၀၀ နီးပါး ရေးသားထားကြရာမှာ အောက်ခြေမှာ ဖြစ်ပျက်နေတဲ့ ပကဖ၊ PDF တွေရဲ့ လူထုကို အနိုင်ကျင့် နှိပ်စက်မှုတွေ၊ ငွေကြေးကောက်ခံမှုတွေ၊ သေနတ်နဲ့ ခြိမ်းခြောက် အုပ်ချုပ်မှုတွေ နဲ့ အရေးယူ အပြစ်ပေးမယ်ဆိုတဲ့ တရားစီရင်ရေး စနစ်အပေါ် သံသယရှိတဲ့ မှတ်ချက်တွေက အများစုဖြစ်နေတာ တွေ့ရပါတယ်။ 

စစ်ကိုင်းတိုင်းထဲက ဝက်လက်မြို့နယ်ထဲက PDF တွေက ပိုဆိုးတဲ့အကြောင်း၊ တန်ဖိုးကြီးတဲ့ iPhone ဖုန်း အသီးသီးကိုင်ဆောင်ထားကြပြီး ရထားသံလမ်းတွေ ဖြုတ်ပြီး ရောင်းစားကြတဲ့အကြောင်း ရေးသားထားတဲ့ မှတ်ချက် တခုလည်း တွေ့ရပါတယ်။ ယခု အင်းတော်မြို့နယ်ထဲက ဖြစ်ရပ်မျိုးနဲ့ အလားတူ ဖမ်းဆီးခံရပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်မျိုးတွေလည်း ဒီသတင်းရဲ့အောက်မှာ မှတ်ချက်ရေးပြီး ထုတ်ဖေါ်ပြောဆိုထား ကြတာလည်းတွေ့ရပါတယ်။ မှားယွင်းစွပ်စွဲကာ ဖမ်းဆီးပြီး သတ်ဖြတ်ခံရလို့ မိသားစုဝင် ဆုံးရှုံးသွားတဲ့ သူတဦးကလည်း ဘယ်မှာမှ မတိုင်ကြားရဲတာကြောင့် ကြိတ်မှိတ်မျိုသိပ်ပြီး နေခဲ့ရကြောင်းလည်း ရေးသားထားပါတယ်။ 

အခုဖြစ်ရပ်မှာ တာဝန်ရှိသူ ဒုတာဝန်ခံကို အရေးယူမယ်ဆိုတဲ့ အပေါ်မှာ သံသယရှိတဲ့ မှတ်ချက် အများအပြားတွေ့ကြရပါတယ်။ အလားတူ မှားယွင်းသတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ နဲ့ ပတ်သက်တဲ့ ယခင် ဖြစ်ရပ်တွေမှာ ကျူးလွန်ခဲ့သူတွေ အပြစ်ပေးခံရခြင်း မရှိဘဲလွတ်ကင်းနေကြောင်းနဲ့ တရားစီရင်ရေးစံနစ် အပေါ် သံသယကြီးကြီးမားမား ရှိနေကြတာတွေ မှတ်ချက်တွေမှာ တွေ့ရပါတယ်။ 

ပြည်သူလူထု အနေနဲ့ ပကဖ၊ PDF တပ်ဖွဲ့တွေက ချိုးဖောက်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်တဲ့ စနစ်၊ အရေးယူအပြစ်ပေးတဲ့ စနစ်တွေ ရှိမနေတာ သို့မဟုတ် အလုပ်ဖြစ်မနေဘူးလို့ ခံစားနေကြရတဲ့ အနေအထားလို့ ဆိုရင် မှားမယ် မထင်ပါ။ 

အခုလို လူမှုကွန်ရက်မှာ ဖေါ်ပြတဲ့သတင်းရဲ့ အောက်မှာ ရေးသားကြတဲ့ မှတ်ချက်တွေကို အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့် အကောင့်တွေလို့ ဆင်ခြေပေးကောင်း ပေးနိုင်ပါတယ်။ သတင်းဖေါ်ပြပြီး ၆ နာရီဝန်းကျင်ကြာချိန်အတွင်း ၅၀၀ နီးပါးမျှသော မှတ်ချက်တွေဟာ စစ်တပ်ရဲ့ ဝါဒဖြန့်သူတွေ ရေးသားတဲ့ဟာလို့ စွပ်စွဲဖို့ ခက်ခဲပါလိမ့်မယ်။ 

DVB သတင်းကို ပုံမှန် ကြည့်ရှုသူတွေထဲက ရေးသားကြတဲ့ မှတ်ချက်တွေက အများစုဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ exiled သတင်းဌာနတွေက ဖေါ်ပြတဲ့ သတင်းတွေအောက်က မှတ်ချက်တွေဟာ နေ့စားလုပ်ခ နဲ့ ငှားရမ်းထားတဲ့ စစ်လော်ဘီ အကောင့်တွေလို့ ကောက်ချက်ဆွဲပြီး ပြောဆိုခြင်းကလည်း တော်လှန်ရေး အင်အားစုတွေကို ဝေဖန်ထောက်ပြတဲ့ ပြောဆိုမှုတွေကို သိမ်းကျုံး ပစ်ပယ်တဲ့ အမှားမျိုးဆီ ဦးတည်စေမှာ ဖြစ်ပြီး ပြည်သူလူထုရဲ့ ခံစားချက် အမြင်သဘောထားတွေကို လျစ်လျူရှုတဲ့ သဘော သက်ရောက်နိုင်တာ သတိပြုကြဖို့လိုပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ အညာဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းတို့နဲ့ ပဲခူးတိုင်း ဒေသတွေက မှာရှိတဲ့ ပကဖ၊ PDF တပ်ဖွဲ့တွေရဲ့ ဗဟိုထိန်းချုပ်မှု လျော့လျဲနေတဲ့ အခြေအနေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ အမြန်ဆုံးနည်းလမ်း ရှာသင့်ပြီ ဖြစ်ပါတယ်။ 

အထက်ကဖြစ်ရပ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေက လူထုရဲ့ အာရုံစိုက်မှုကို ပိုမိုများပြားတာမှန်ပေမယ့် သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေလည်း အဆိုပါဒေသတွေမှာ ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေက လူမှုပတ်ဝန်းကျင်၊ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ စိုက်ပျိုးရေး၊ သောက်သုံးရေ အဆိပ်သင့်တာ၊ ရေကြီးမြေပြို အစရှိတဲ့ အကျိုးဆက်တွေလည်း ခံစားကြရမယ့် အန္တရာယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ 

သယံဇာတ အလွန်အကျွံထုတ်ယူမှု၊ စည်းစနစ်မရှိတဲ့ အခွန်အကောက် ကောက်ခံခြင်းတွေက ဘဏ္ဍာငွေ လိုအပ်ချက်ကြီးမားလာတာကြောင့် သို့မဟုတ် အာဏာ အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာဖွေမှုတွေက အကြောင်းရင်း ဖြစ်နိုင်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှု နဲ့ ဥပဒေမဲ့ နှိပ်စက်မှု/ သတ်ဖြတ်မှုတွေက အာဏာအလွဲသုံးခြင်းတွေ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် အစပိုင်း လက်နက်ကိုင် တော်လှန်ရေးစတင်ခါစကာလကတည်းက စစ်ကိုင်းတိုင်းထဲက ယင်းမာပင်မြို့နယ် မှာ ဖြစ်ပွားခဲ့တဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ နဲ့ ပတ်သက်လို့ တင်းတင်းကြပ်ကြပ် ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့တဲ့ သာဓက က အလားတူ ဖြစ်ရပ်တွေ ထပ်မံဖြစ်ပွားဖို့ စေ့ဆော်စေခဲ့တယ်လို့ ဆိုရင် မှားမယ် မထင်ပါ။ 

အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ အောက်ခြေက အဖွဲ့အစည်းတိုင်းရဲ့ အာဏာအလွဲသုံးစားပြုမှု၊ ခြစားမှု၊ လူထုအပေါ် နိုင့်ထက်စီးနင်း ပြုမှုတွေကို တားဆီးထိန်းချုပ်ဖို့ အထက်အောက် ထိရောက်တဲ့ အမိန့်ပေးနိုင်တဲ့ အုပ်ချုပ်ရေးမျိုး မတည်ဆောက်နိုင်သေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီလို အားနည်းချက်တွေရှိနေတဲ့ အနေအထား၊ အကြောင်းရင်းခံတွေကို ပြည်သူလူထုက သေချာစွာ သိနေခြင်း မရှိသည့်တိုင် တာဝန်ခံမှုက အမျိုးသားညီညွတ်ရေးအစိုးရ အပေါ်သာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ရည်ရွယ်ချက်က အာဏာရှင် စနစ်တွေကို တိုက်ဖျက်ဖို့၊ လူ့အခွင့်အရေးတန်ဖိုးထား လိုက်နာဖို့၊ အစိုးရတွေ၊ လက်နက်ကိုင်တပ်တွေက တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ စနစ်ကိုပြောင်းလဲဖို့ ရည်ရွယ်ခဲ့ကြတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တဦးတယောက်၊ ပါတီအဖွဲ့အစည်းတခုကို ချစ်လို့ သို့မဟုတ် မုန်းလို့ ဆိုတဲ့အကြောင်းကြောင့် မဟုတ်ပါဘူး။ 

ပြည်သူထူထု မကြာခဏ မှတ်ချက်ချတဲ့ စကားရပ် တခုဖြစ်တဲ့ “အာဏာရှင်တွေကိုတော်လှန်ရင်း အာဏာရှင် ဖြစ်လာကြတာ” ဆိုတဲ့ အဖြစ်မျိုး မရောက်ရလေအောင် တာဝန်ခံမှုတာဝန်ယူမှုကို အပြည့်အဝ ကြိုးစားကြရမှာ အသေအချာပဲ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar