ခေါင်းကြီး - ငြိမ်းချမ်းရေးပန်းခင်း
ခေါင်းကြီး - ငြိမ်းချမ်းရေးပန်းခင်း
မိုးမခ ၊ အောက်တိုဘာ ၁၉ ၊ ၂၀၂၅
*ကမ္ဘာမြေပေါ်တလွှား...
အာဃာတတရားတွေ ကြီးမားစွာနဲ့ ...
ပြဿနာအမြောက်အမြား ရှိနေကြတဲ့အချိန်...
အသက် အိုးအိမ်စည်းစိမ်တွေ ဓားစာခံထားပြီး...
နိုင်ငံရေးကစား စစ်မက်တွေ ဖြစ်ပွားလို့...
မရပ်မနား ဆက်သွားနေတဲ့သူတွေက သွား...
လူ့အသက်တွေကို ငဲ့ညှာ မေတ္တာကရုဏာထားလို့...
နာကျင်တာတွေဖျောက် တထောက်နားတဲ့သူတွေကနား...
နိုင်ငံအချင်းချင်းကြားမှာ ကိုယ်ချင်းစာတရားများနဲ့...
ကြားဝင်ဖျန်ဖြေရေးစကားတွေ ပြောနေကြတဲ့...
ငြိမ်းချမ်းရေးသမား အစစ်အမှန်တွေ...
ငြိမ်းချမ်းရေးလုပ်စား အမည်ခံတွေ...
ငြိမ်းချမ်းရေးနိုဘယ်ဆု နှုန်းစံတွေနဲ့...
ဆူညံပွက်လောရိုက်နေတဲ့ အခိုက်အတန့်မှာ...။
*ငါတို့ပြည်မြန်မာအတွင်းမှာတော့...
ဝါလကင်းလွတ် သီတင်းကျွတ်ကာလဆိုပေမဲ့...
မိုးတွေလေတွေကြားက အရှင်းမလွတ်ကင်းနိုင်သလိုမျိုး...
ကိုယ်ကျိုးရှာစစ်အာဏာရှင် ဖက်ဆစ်မိစ္ဆာများရဲ့...
အရှက်သိက္ခာ တစ်ပြားသားမှမရှိတဲ့...
မတရားနှိပ်စက်မှုတွေအောက် ကျွန်သပေါက်ဘဝက...
လွတ်မြောက်ရေးလမ်းစတွေ ရှာဖွေဖက်တွယ်ရင်း...
ကြောက်မက်ဖွယ်ရာ စစ်တလင်းတွေကြားထဲမှာ...
ဇွတ်အတင်းခြိမ်းခြောက်နေတဲ့ အခင်းအကျင်းတွေနဲ့...
"ငြိမ်းချမ်းရေးပန်းခင်း"ဆိုတာကို လှမ်းကြည့်လိုက်တော့...။
*ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေကြတယ် ဆိုတဲ့သူတွေ...
ငါနဲ့ငါသာနှိုင်းစရာ ငါသာလျှင်အရှင်သခင်လို့ မှတ်ထင်နေကြတဲ့သူတွေ...
ပြည်ပအားကိုးပုဆိန်ရိုး သူခိုးကလူပြန်ဟစ်နေတဲ့သူတွေ...
ကတိတွေအခါခါဖျက် လုံးဝအရှက်မရှိလွန်းတဲ့သူတွေ...
သွေးစွန်းတဲ့လက်တွေနဲ့ ချိုးဖြူငှက်လွှတ်ချင်နေတဲ့သူတွေ...
သံလွင်ခက်ကိုကိုင် ရက်စက်မှုချင်းပြိုင်နေကြတဲ့သူတွေ...
ချိန်ခါကိုလိုက် မျက်နှာပြောင်တိုက်လို့ အချောင်နှိုက်ချင်ကြတဲ့သူတွေ...
ခွေးတိုးပေါက်ကဝင်ဖို့ကြံ မူရင်းသန္ဓေမမှန်တဲ့သူတွေ...
ပေးတာယူ ကျွေးတာစား အဖြူရောင်နိုင်ငံရေးသမား ဆိုတဲ့သူတွေ...
ငါ့စကားနွားရ မစားရဝခမန်း ယုံတမ်းစကားတွေ ပြောနေကြတဲ့ ငြိမ်းချမ်းရေးပွဲစားတွေ......
မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ခွချက်နေတဲ့ ကြားနေလူတန်းစားတွေ...
အသက်ကြီးပြီးအချိန်မစီး မောဟကြီးလွန်းတဲ့ အတ္တသမား သက်ကျားအိုတွေ...
အချောင်ခိုညာစား တောကြောင်ပါးတွေနဲ့ လက်ဝေခံစားဖားတွေ...
စသည်အားဖြင့်...
အေအိုင်နည်းပညာအသစ်များနဲ့ ဖျစ်ညှစ်ဖန်ဆင်းထားသလိုမျိုး...
ပလတ်စတစ်ပန်းများ ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့...
"ငြိမ်းချမ်းရေးပန်းခင်း အတုအယောင်"ကိုပဲ...
မျက်နှာပြောင်ပြောင်နဲ့ လူတကာကို လှည့်စား...
ထင်ထင်ရှားရှား သတိထားမိလိုက်တာမို့...။
*ဒီကာလအပိုင်းအခြားလေးတွေမှာ...
ဓမ္မအမှန်တရားနဲ့ အလှမ်းဝေးနေသေးပေမဲ့...
ငြိမ်းချမ်းရေးစကားတွေ အပြောချင်ဆုံးဖြစ်နေကြမှာ သေချာတဲ့...
လေယာဉ်သံဗုံးကြဲသံတွေကြားက သနားစဖွယ် မိခင်နဲ့ကလေးငယ်တွေ...
အနာဂတ်တွေပျောက် ချောက်ကမ်းပါးနက်ထဲ တဝဲလည်လည်ရောက်နေရတဲ့ လူငယ်လူရွယ်တွေ...
အရာရာပျက်သုဉ်း နေဝင်ချိန်မှာအားကုန်ရုန်းနေရတဲ့ မိဘဘိုးဘွားတွေ...
အစရှိတဲ့ မြေစာပင် ငါတို့တိုင်းရင်းသား ပြည်သူတွေအားလုံးရဲ့...
ကပ်ကြီးသုံးပါးနဲ့ အလွန်ဒုက္ခများနေရှာတဲ့ အခြေအနေ...
ရင်နဲ့မမျှ နာကျင်မွန်းကျပ်နေရတဲ့ စိတ်ခံစားချက်တွေနဲ့...
ကူရာမဲ့ကယ်ရာမဲ့ ငိုကြွေးမြည်တမ်းနေကြတဲ့ အသံတွေကို...
ကမ္ဘာမြေအနှံ့က ကြားနိုင်မြင်နိုင် သတိမူနိုင်ကြပြီး...
ဖြူနီပြာဝါရောင်စုံအလှတွေပြိုင် သင်းပျံ့မွှေးကြိုင်နေကြတဲ့...
တကယ့်သစ္စာမေတ္တာ ပန်းခိုင်စစ်စစ်တွေ အပြည့်နဲ့...
"ငြိမ်းချမ်းရေးပန်းခင်းအစစ်"ကို...
မဖြစ်မနေ ကြိုးပမ်းထူထောင် မော်ကြွားနိုင်ကြဖို့...
ညနက်သန်းခေါင်ကိုကျော် ရောင်နီတွေပေါ်ထွန်းလာတဲ့အထိ...
ညီနောင်သွေးချင်းတွေရဲ့ စည်းလုံးညီညွတ်မှုစွမ်းအားပြလို့...
ဘယ်တော့မှဦးမညွှတ်စတမ်း လက်မမြှောက် ဒူးမထောက်ဘဲ...
ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်အရောက်...
ငါတို့တွေ ဆက်ပြီး လျှောက်လှမ်းကြစို့...။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar