လေးလေး - ကိုလူရေးရဲ့ပေးစာ
လေးလေး
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၆
စာရေးဆရာမြသန်းတင့်က ပေးစာရေးတဲ့ထဲမှာ လူထုဦးလှရေးတာတွေကို သူကြိုက်တယ်။ ရေးဟန်ကငြိမ့်ညောင်းပြီး ရွှင်နေလို့တဲ့။ စာရေးဆရာသိပ္ပံမောင်ဝက ဦးလှတယောက် ပေးစာရေးနိုင်လွန်းလို့ သူ့ကိုယ်သူ မောင်လူအေး၊ ဦးလှကတော့ မောင်လူရေးလို့ ဆိုပါသတဲ့။ မန္တလေးမြို့ လူထုစာပေတိုက်က ဦးလှနဲ့ဒေါ်အမာတို့ရေးခဲ့တဲ့စာအုပ်တွေကို တသွင်သွင်ထုတ်ဝေနေပြီး ခုတခါထုတ်ဝေလာတာက လူထုဦးလှရဲ့ ”သောင်းပြောင်းထွေလာ ရေးချင်ရာရာ ၆၊ ရန်ကုန်က မိတ်ဆွေသို့” စာအုပ်ဖြစ်တယ်။
၁၉၆၁ ခုနှစ်ဝန်းကျင်မှာ လူထုသတင်းစာမှာ ဦးလှရေးခဲ့တဲ့ သောင်းပြောင်းထွေလာ ရေးချင်ရာရာ စာစုတွေကို စုစည်းထုတ်ဝေတာဖြစ်တယ်။ သောင်းပြောင်း ထွေလာဆိုသလိုပဲ၊ အကြောင်းအရာပေါင်းစုံကို ရန်ကုန်က မိတ်ဆွေတယောက်ထံရေးသလို ပေးစာအနေနဲ့ရေးခဲ့တာတွေပါ။ သူတို့လူထုသတင်းစာထုတ်တဲ့အတွေ့အကြုံတွေပါသလို မန္တလေးသူမန္တလေးသားတွေ ပုရစ်ကြော်ကြိုက်ကြတဲ့အကြောင်းလည်းပါတယ်။ အဲ့ဒီခေတ်က ရန်ကုန်မှာ လူတဦးအသုံးစရိတ် တစ်ရက် ၄၃ ကျပ်လို့ ပါလီ မန်အမတ်တယောက်က လွှတ်တော်ထဲပြောခဲ့တာကို မေးခွန်းထုတ်ထားတာလည်း ဖတ်ရတယ်။
မန္တလေးမှာ ခြင်ပေါလွန်းလို့ ရန်ကုန်မှာ “မျှင်ငပိ” လုပ်ရောင်းသလို မန္တလေးမှာ “ခြင်ငပိ” လုပ်ရောင်းရင် အဆင်ပြေနိုင်တယ်ဆိုတာမျိုးလည်း ခပ်သောသော ဖတ်ရတယ်။ ဒီတုန်းက ဖွင့်ခါစ မန္တလေးနဲ့မော်လမြိုင်တက္ကသိုလ်တွေရဲ့ လိုအပ်ချက်ကြီးမားပုံတွေကိုလည်း တို့ထိရေးထားတယ်။ ဦးနုအစိုးရက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဋ္ဌာန်းဖို့လုပ်ဆောင်နေပုံတွေကိုလည်း ဖတ်ရတယ်။ သူနဲ့လူထုဒေါ်အမာတို့ လူထုသတင်းစာကို အချိန်ပြည့် အားထုတ်ကြိုးပမ်းလုပ် ဆောင်လွန်းပြီး သားသမီးတွေကို သိပ်ဂရုမစိုက်မိတာတွေရှိလာတတ်တာ,…။
ဒီအခါ သားသမီးတွေက ဦးလှနဲ့ဒေါ်အမာဟာ သူတို့ထက် လူထုသတင်းစာကိုပိုချစ်တယ်လို့ ပြောဆိုဝေဖန်လာကြပုံ၊ သတင်းစာအောင်မြင်လို့ သားသမီးတွေ အဆင်ပြေပြေ ကျောင်းတက်နိုင်ကြတာမဟုတ်လားလို့ နားချရပုံတွေ စတဲ့ မိသားစုအရေးလည်း သောင်းပြောင်းထွေလာရေးချင်ရာရာမှာ ဖတ်ရပါတယ်။ သတင်းစာသမားတယောက်ရဲ့ ”ဇိမ်”ဆိုတာလေးအတွေးပွားဖို့ ဖတ်ကြည့်ပါ။
ဇိမ်ဆိုတာ
တစ်နေ့က မိတ်ဆွေတစ်ယောက် နံနက် ၉ နာရီလောက် အလည်လာတယ်။ သူလာတော့ ကျွန်တော်က အိပ်ရာက မထသေးဘူး။ 'တယ်ဇိမ်ရှိပါလား' ဆိုပြီး ပြောသတဲ့။ ကျွန်တော် ဘယ်အချိန်ကမှ အိပ်ရတယ်ဆိုတာ သူ မသိ ဘူး။ ဇိမ်ဆိုတာ ဒီလို အိပ်ရေးဝအောင် ကြိုးစားအိပ်နေရတဲ့ လူတွေကို ခေါ်ရင်တော့ ဇာတ်သဘင် ပညာသည် တွေကို သာပြီး ခေါ်ရလိမ့်မယ်။ ဇိမ်ဆိုတာ ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် နေမှာပါပဲဗျာ။
အိပ်ရာထဲက မထဘဲပျင်းပြီး အိပ်နေတာကို ဇိမ်လို့ထင်တဲ့လူအတွက် အိပ်နေတာ ဇိမ်ဖြစ်မှာပေါ့၊ သတင်းစာ မဂ္ဂဇင်းတွေကို အချိန်ရရနှင့် အားအားလပ်လပ် ဖတ်နေနိုင်တာ၊ မိုးအေးအေးမှာ ဝတ္ထုရှည် ကောင်းကောင်းကို ဖတ်နေရတာ၊ ဆေးပေါ့လိပ် ကြီးကြီးကို ဖွာနေရတာ။ အစားကောင်းတွေ စားနေရတာ၊ ကြိုက်တတ်တဲ့ အသောက်ကို သောက်နေရတာမျိုးတွေကို ဇိမ်လို့ ခေါ်ကြမှာပေါ့။ ကျွန်တော်တို့ကတော့ အဲဒီလိုဇိမ်မျိုးနဲ့ မနီးစပ် လှဘူး။ ဝုန်းဒိုင်း ဝုန်းဒိုင်း သွားလိုက် လာလိုက်၊ ရေးလိုက်၊ စကားပြောလိုက်၊ ရေးလိုက် ဖတ်လိုက် ဒီလိုလုပ်နေ ရတာပဲ။ ဒါပေတဲ့ ကိုယ်ကြိုက်ရာကို ကိုယ်လုပ်လုပ်နေရတာ၊ ကိုယ့်တာဝန် ကိုယ့်အလုပ်ကို ကိုယ်လုပ်နေရ တာ ကိုတော့ 'ဇိမ်' လို့ပဲ ခေါ်ချင်ခေါ်နိုင်မှာပါပဲ။
လူထုဦးလှရဲ့”သောင်းပြောင်းထွေလာ ရေးချင်ရာရာ ၆၊ရန်ကုန်က မိတ်ဆွေသို့”စာအုပ်မှာ ပေးစာပေါင်း ၆၅ စောင် တိတိပါတယ်။မန္တလေးမြို့၊လူထုကြီးပွားရေးစာပေတိုက်က ၂၀၂၆ခု၊ဩဂုတ်လမှာ ပထမအကြိမ်၊အုပ်ရေ ၁,၀၀၀ ထုတ်ဝေဖြန့်ချီပြီး စာအုပ်တန်ဖိုးက ကျပ် ၁၈,၀၀၀တိတိ။
ကိုလူရေးရဲ့ပေးစာတွေက သတင်းစာဆရာတယောက်ရဲ့စူးရှတဲ့ အမြင်အတွေးတွေပါပဲ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
