ဝန်ထမ်းနဲ့ ပင်စင်စားတွေကို တလ ၃ သောင်း ခံစားခွင့်တိုးပေမယ့် မကြုံဖူးတဲ့ ကုန်စျေးနှုန်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လူထုရဲ့ အခြေအနေ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၃၊ ၂၀၂၅
ဝန်ထမ်းနဲ့ ပင်စင်စားတွေကို တလ ၃ သောင်း ခံစားခွင့်တိုးပေမယ့် မကြုံဖူးတဲ့ ကုန်စျေးနှုန်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ လူထုရဲ့ အခြေအနေ
အာဏာသိမ်းစစ်အစိုးရက ဝန်ထမ်းတွေနဲ့ပင်စင်စားတွေကို အပိုခံစားခွင့် တလ ကျပ် ၃ သောင်း ထပ်မံတိုးပေးလိုက်ကြောင်း စက်တင်ဘာ ၃၀ ရက်နေ့ မှာ ကြေညာခဲ့ပါတယ်။ အခုလို အပိုထောက်ပံ့ကြေး ခေါင်းစဥ်နဲ့ ကျပ် ၃ သောင်း တိုးပေးခဲ့တာဟာ စစ်အာဏာသိမ်းပြီးနောက်မှာ ဒါဟာ တတိယ အကြိမ်ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်အောက်တိုဘာလမှာ တကြိမ်၊ ၂၀၂၄ ခုနှစ်သြဂုတ်လမှာ တကြိမ်နဲ့ ခု ၂၀၂၅ အောက်တိုဘာလမှာ တကြိမ် ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။
လုပ်ခလစာ တိုးမြှင့်တာကို တရားဝင် ရပိုင်ခွင့်ရှိတဲ့ လစာနှုန်းထားအဖြစ် သတ်မှတ်ပြဋ္ဌာန်းတာမျိုး မလုပ်ပဲ အပိုထောက်ပံ့ကြေး ဆိုတဲ့ ခေါင်းစဥ်နဲ့ သာ ပေးအပ်လာတာ ယခုတကြိမ်နဲ့ဆို ၃ ကြိမ်ရှိပြီဖြစ်ပါတယ်။ အာဏာသိမ်းထားတဲ့ စစ်တပ် အနေနဲ့ လွှတ်တော်မရှိတာကြောင့် လုပ်ခလစာ တိုးမြှင့်တဲ့ လုပ်ဆောင်မှုကို ရွေးကောက်ခံ အစိုးရတရပ် အနေအထားမျိုး မလုပ်ဆောင်နိုင်တဲ့ သဘောမျိုးလားတော့ မဆိုနိုင်ပါဘူး။
အခုလို အပိုထောက်ပံ့ကြေး ခေါင်းစဥ်နဲ့ ခံစားခွင့်ပေးခြင်းဟာ ပုဂ္ဂလိက ကဏ္ဍမှာ လုပ်ကိုင်နေကြတဲ့ နေ့စား၊ လခစား အလုပ်သမားတွေအတွက် အခြေခံလစာ တိုးမြှင့်ပေးတာ မဟုတ်တဲ့အတွက် အလုပ်သမား အခွင့်အရေး၊ ခံစားခွင့်တွေအရ အကျုံးဝင်ခြင်း မရှိဘဲ နစ်နာမှုတွေလည်း ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
အထည်ချုပ်နဲ့အခြားသော ပုဂ္ဂလိကစက်ရုံအလုပ်ရုံ၊ လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့အလုပ်သမားတွေ အနေနဲ့ အနိမ့်ဆုံး တရက်လုပ်အားခက ၄၈၀၀ ကျပ်သာ ရှိနေသေးပြီး စစ်ကောင်စီက သတ်မှတ်ပေးတဲ့အပိုထောက်ပံ့ကြေးတွေအရ ကျပ် ၁၀၀၀ စီ ၂ ကြိမ်တိုးမြှင့်ထားတာကြောင့် အနိမ့်ဆုံး တရက်ခံစားခွင့်က ကျပ် ၆၈၀၀ ဖြစ်နေပေမယ့် အခြေခံလစာ တွက်ချက်ပုံမျိုးမှာ အကျုံးဝင်ခြင်း ရှိမနေတဲ့ သဘောလို့လည်း နားလည်ရပါတယ်။ ယခု နောက်ဆုံး အစိုးရဝန်ထမ်းတွေနဲ့ ပင်စင်စားတွေကို အပို ထောက်ပံ့ကြေး ၃ သောင်းကျပ် ပေးအပ်ခဲ့တာနဲ့အညီ ပုဂ္ဂလိက ကဏ္ဍမှာလည်း တရက်လုပ်အားခ ကျပ် ၁၀၀၀ စီတိုးမှာလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထား ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးနဲ့ သံတမန်ရေး ဆိုင်ရာ အထွေထွေသက်ရောက်မှုတွေကြောင့် မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းအရ ကြည့်ရင် ကျပ်ငွေဖောင်းပွမှု ၃၀၀ ရာနှုန်း လောက်ဖြစ်လာခဲ့ပါတယ်။ စစ်အာဏာသိမ်းတဲ့အချိန်တုန်းက ၁ ဒေါ်လာကို ကျပ် ၁၃၀၀ ဝန်းကျင်ရှိရာကနေ အခုအခါ မှာ ၄၀၀၀ ဝန်းကျင်ကိုရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒိမတိုင်ခင် အချို့သောကာလတွေမှာ ကန် ၁ ဒေါ်လာကို ကျပ်ငွေ ၅၀၀၀ ကျော်ကနေ ၆၀၀၀ ကျော်အထိ မြင့်တက်ခဲ့ဖူးတာတွေလည်း တွေ့ခဲ့ရပါတယ်။
အချို့သောနိုင်ငံရေးမတည်မငြိမ်ဖြစ်မှုရဲ့ သက်ရောက်မှု၊ စီးပွားရေး မူဝါဒအပြောင်းအလဲတွေရဲ့ သက်ရောက်မှုနဲ့ ငွေကြေးထပ်မံရိုက်နှိပ်တယ်ဆိုတဲ့ ၂ သောင်းတန် ငွေစက္ကူအသစ်ထုတ်ဝေခြင်းလိုမျိုးတွေက ငွေကြေးဖောင်းပွမှုတွေကို ရုတ်တရက်မြင့်တက်စေခဲ့တာ၊ မြန်မာကျပ်ငွေတွေ ပြည်ပကိုလွှဲ ပြောင်းမှု မြင့်တက်ခဲ့တဲ့ကာလတွေမှာ မြန်မာကျပ်ငွေတန်ဖိုး အနိမ့်ဆုံးရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
အခုလက်ရှိ အချိန်ကာလမှာတော့ မြန်မာကျပ်ငွေတန်ဖိုးမြင့်လာခြင်းကို ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေကို ပိတ်ပင်လိုက်တဲ့လုပ်ဆောင်မှုကို အဓိကအကြောင်းရင်းအဖြစ် ကောက်ချက်ချ ပြောဆိုနေကြတာပါ။ သြဂုတ်လက စလို့ မြဝတီ- မဲဆောက် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက ကုန်ပစ္စည်းတင်သွင်းတာတွေကို ရုတ်တရက်ရပ်ဆိုင်းလိုက်ပြီး မြန်မာနိုင်ငံထဲ ဝင်ရောက်ထားပြီးဖြစ်တဲ့ ကုန်စည်တွေကိုပါ စစ်ဆေးဖမ်းဆီးတာတွေလုပ်ခဲ့တာကြောင့် ထိုင်းကုန်ပစ္စည်းတင်သွင်းဖို့ မြန်မာကျပ်ငွေဝယ်ယူမှုသိသာစွာ ကျဆင်းခဲ့ပြီး အခုလို ကျပ်ငွေ တန်ဖိုးမြင့်တက်လာခဲ့တာ လို့ ကောက်ချက်ချကြပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကို ပိတ်ပင်ရတဲ့ အကြောင်းရင်းခံမှာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာရှိတဲ့ စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ ကုန်သွယ်ရေးကနေ အခွန်အကောက်မရဖို့ ရည်ရွယ်တာလို့လည်း ယူဆရပါတယ်။ စစ်ရေးအရ ဆန့်ကျင်တိုက် ခိုက်နေတဲ့အဖွဲ့တွေ အခွန်အကောက်မရစေဖို့ နဲ့ နိုင်ငံခြားငွေ ဝယ်လိုအားကျဆင်းပြီး မြန်မာကျပ်ငွေ တန်ဖိုးမြင့်လာစေဖို့ တချက်ခုတ် နှစ်ချက်ပြတ်သဘောနဲ့ ပိတ်ပင်ခဲ့တာလို့ ယူဆရပါတယ်။
ဒီလိုပိတ်ပင်မှုက တဖက်မှာ မြန်မာကျပ်ငွေတန်ဖိုးတက်လာတယ်ဆိုပေမယ့်လည်း နေ့စဥ်စားသောက်ကုန်၊ လူသုံးကုန်၊ ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ တန်ဖိုး၊ နှုန်းထားတွေက ကျဆင်းလာတာ မရှိတဲ့အပြင် ပိုလို့တောင် မြင့်တက်လာနေတာ တွေ့နေရပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာခြင်းဟာ မှန်ကန်တဲ့ စီးပွားရေး မူဝါဒချမှတ်မှု၊ ကုန်ထုတ်လုပ်မှု မြင့်တက်လာခြင်း စတာတွေကြောင့်မဟုတ်ဘဲ နေ့စဥ် ဝင်ရောက်နေတဲ့ လူသုံးကုန်၊ စားသောက်ကုန်နဲ့ စက်မှုလုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ပိတ်ဆို့လိုက်တာကြောင့် နိုင်ငံခြားငွေ ဝယ်လိုအားကျပြီး မြန်မာကျပ်ငွေ တန်ဖိုးမာလာခြင်းသာ ဖြစ်ပါတယ်။
လူထုအဖို့တော့ ဆေးဝါး၊ စားသောက်ကုန်၊ လူသုံးကုန်တွေ ဈေးနှုန်းမြင့်တက် ရှားပါးလာတာနဲ့ ရင် ဆိုင်နေကြရတာပါ။ ရန်ကုန်မြို့ က စီးတီးမတ် နဲ့ စီးတီးမတ် အခွဲ Market Place လို ပြည်ပက စားသောက်ကုန်၊ လူသုံးကုန်တွေ တင်သွင်းရောင်းချနေတဲ့ကုန်တိုက်မျိုးမှာပင်လျှင် ပစ္စည်းပြတ်လတ်နေပြီး မကြုံဖူးတဲ့စျေးနှုန်းတွေနဲ့လည်း ဝယ်ယူနေကြရတာလို့ ဆိုပါတယ်။
ဆပ်ပြာမှုန့်၊ သွားတိုက်ဆေး၊ စားသုံးဆီနဲ့ ဆေးဝါးတွေ မတန်တဆ ဈေးနှုန်း ဖြစ်ကုန်ကြပါတယ်။ ဝန်ဆောင်ခတွေ လုပ်အားခတွေ ဈေးမကျဘဲ ကုန်ပစ္စည်းတွေ ရှားပါးတဲ့ စစ်ပွဲကာလ ပိတ်ဆို့ခံထားရတဲ့ အခြေအနေမျိုးမှာ လူအများစုက နေထိုင်ဖြတ်ကျော်နေကြရတာ ဖြစ်ပါတယ်။ တမြို့နဲ့ တမြို့ သယ်ယူပို့ဆောင်ခ၊ ခရီးသွားလာစရိတ်တွေ မကြုံဖူးလောက်တဲ့ နှုန်းထားတွေနဲ့ နေထိုင် လှုပ်ရှားနေကြရတာ ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေးလိုမြို့တွေမှာတောင် အထက်မှာ ဖော်ပြသလို ကုန်ပစ္စည်းနဲ့ ဝန်ဆောင်ခ၊ ဆေးဝါးကုသ စရိတ်တွေ ကြီးမြင့်နေတဲ့ အခြေအနေကြုံတွေ့နေရတာဖြစ်လို့ စစ်ပွဲဖြစ်နေတဲ့ဒေသတွေတော့ မြို့ကြီးတွေထက် ပိုမိုဆိုးရွားတဲ့အခြေအနေတွေ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ အရေးပေါ် အခြေ အနေ ဆေးဝါးကုသဖို့ တမြို့ကနေ တမြို့ သွားရောက်ကြတဲ့ စရိတ်တွေက သိန်းဆယ်ဂဏန်းလောက်ထိ ကုန်ကျကြရသလို မြို့တချို့မှာ ယခင်ရရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုမျိုး ခုနေခါ မရနိုင်တော့ဘဲ တိုင်းကျော် ပြည်နယ်ကျော်ပြီး သွားရောက်ကုသမှုခံယူကြရတာ ဖြစ်ပါတယ်။ ဆေးခန်းတကြိမ်ပြသဖို့ ကားခ ၄/၅ သိန်း အကုန်အကျခံကြရတဲ့ အခြေအနေတွေလည်း နေရာအများအပြားမှာ ဖြစ် ပွားနေတာပါ။
အခုလို အခြေအနေ အခင်းအကျင်းတွေကို ခြုံငုံသုံးသပ်ကြည့်ရင် အာဏာသိမ်းစစ်တပ်က ခွင့်ပြုတဲ့ အပိုထောက်ပံ့ကြေး ကျပ် ၃ သောင်းဟာ ဒီရေလို လျင်မြန်စွာ မြင့်တက်လာနေတဲ့ ကုန်စျေးနှုန်းတွေအကြား လွယ်လွယ်ကူကူ ပျောက်ကွယ်သွားမယ့် ပမာဏသာ ဖြစ်ပါတယ်။ စစ်ပွဲတွေရဲ့ကုန်ကျစရိတ်တွေကိုထမ်းပိုးထားရတဲ့ ပြည်သူလူထုအဖို့ မကြုံဖူးတဲ့ ကုန်စျေးနှုန်းပင်လယ်မှာ လည်ပင်းထိ နစ်မြုပ်နေတဲ့ အခြေအနေမှာရှင်သန်ဖို့ ခက်ခဲကျပ်တည်းစွာ ကူးခတ်နေရဆဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar