Breaking News

မောင်ဘဦး - သူခိုး

မောင်ဘဦး - သူခိုး

မိုးမခ ၊ အောက်တိုဘာ ၂၆ ၊ ၂၀၂၅


(၁)

စင်စစ်၊ အဒိန္နာဒါနာ ကံ...။ ဒုတိယမြောက် မကောင်းမှူဒုစရိုက် ကာယကံ...။ ပါရာဇိကမ် ၄-ပါးတွင် ဘုရားရှင်ကိုယ်တော်တိုင်ကပင် ထည့်သွင်းဖော်ပြခဲ့ရသော ဝိနည်းပညတ်... ။

ထိုဒုစရိုက်၊ ထိုပညတ်ကို ကျူးလွန်သူ၊ အဘယ်သူ အဘယ်ပုဂ္ဂိုလ်မျိုးမဆို၊ "သူခိုး..."။


(၂)

ဤခေတ်၊ ဤအခါ၊ ဤဒွန္နရာကြီးထဲတွင်...၊ 'သေဋ္ဌေး-ကြေးပံ့' ကိုသာ ကြားဖူးရှာသည့် မောင်ဘဦးတယောက်၊ ၂၀၂၅ နှစ်အကုန်လောက်လေးတွင် 'သူခိုး-ကြေးပိုး'ကိုပါ ကြားဖူးသွားရပါလေပြီ။

သူခိုးကို လင်ရည်မှန်း၊ လင်ဖြစ်သူ သေစေအောင် သူခိုးလက် ဓားရိုးကမ်းသည့်သူ အဟုတ်ရှိသည်ကိုလည်း ယုံကြည်သွားပြီ။

မင်းအောင်လှိုင် အာဏာသိမ်းသည့် သည်ခေတ်ထဲတွင်၊ သူခိုးကြီး သူခိုးလတ် သူခိုးငယ်၊ သူခိုးပိစိကွေး၊ သူခိုးပေါက်စနလေး၊ သူခိုးတွေဟူသမျှ အကုန်အလုပ်ဖြစ်၊ အကုန်သူဋ္ဌေးဖြစ်ကုန်ကြသည်။ လူတချို့ဆိုလျှင် သူခိုးတွေကိုမှ ပိုချစ်ပြကြ ပြန်လေသည်...။

ဝင်နန်း-သူခိုး၊ ဝင်မနန်း-သူခိုး။ အရာရှိ-သူခိုး၊ အရာမရှိ-သူခိုး။ အရာခံ-သူခိုး။ တိုက်ကြက်ကြီး-သူခိုး၊ ထောက်ပို့-သူခိုးဇီး ...၊ အဲ...၊ ထောက်ပို့-သူခိုးကြီး။

သည်ကြားထဲ သူခိုးကိုမှ တမင်ရွေးခြယ်၍ လှူဒါန်းပေးကမ်း ချီးမြှင့်ထောက်ပံ့ကြလေသည့် ပရဟိတ အမည်ခံ သူခိုး လက်သင့်ခံတွေကလည်း မနည်းမနော။ သူခိုးကိုမှ အသက်ပေး၍ ကာကွယ်သည့်သူတွေကလည်း ဖောချင်းသောချင်း။

အရင်းအနှီးရပြီဖြစ်၍ သူခိုးအလုပ်ကို စွန့်လွှတ်ပြီးသကာလ၊ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်စားသောက်၊ ကိုယ်ကျင့်သီလနှင့် ပြည့်စုံသူတယောက်ပဲ တိုးလာလေမည်လား။

(သို့တည်းမဟုတ်)

 "ဟန်ရလိုက်လေ၊ သည့်ထက် ပိုမို.. ခိုးပြလေဦးမှ...။" သော်၎င်း၊

"ဟ..။ တယ်ဟုတ်ပါလား။ အားကျလိုက်တာ..၊ အတုယူစရာ...။" သော်၎င်း တွေများ၊ တိုးပွားလာလေမလား။

(၃)

"ကျနော့်သမီးဆိုင်ကယ် ပြန်ရလာပြီ... ဗျ။"

ဖုန်းဆိုင်တွင် အလုပ်လုပ်နေသော သမီးဖြစ်သူ၏ ကလစ်ဆိုင်ကယ်ဘီး ပြန်ရသည်မို့ ဝမ်းသာအားရ ပြောပြခြင်း ဖြစ်၏။ ဖုန်းဆိုင်ကြီးဆိုတော့ အပေါင်းအသင်းက ဝင်ဆံ့၊ ရုံးကန်ကန္နား လိုက်လည်းလိုက်နှိုင်လေတော့ ရမည်ပေါ့။ ဘယ်လောက်ကုန်မှ ရခဲ့သည်ကိုတော့ မသိ။

"ဥစ္စာရင်းမှန်လို့...ပြန်ရတယ် မှတ်ရတာပေါ့ဗျာ...။"

မိမိ၏ ထမင်းပေါင်းအိုးလေးကတော့ ဥစ္စာရင်း မမှန်လို့များလား။

(၄)

စခတွေ ရွာထဲဝင်၍ အကုန်အစင် အပြောင်သုတ်၊ အစုတ်တောင် မကျန်ရစ်ခဲ့သည့် မီးဘေးသင့် အိုးမဲ့အိမ်မဲ့ဘဝ၊ မြို့၌ ခေတ္တနေကြရစဉ်က အဖြစ်အပျက်လေးကို ပြန်လည်မြင်ယောင် ကြက်သီးထမိဆဲ။

ထိုတစ်ည...။ ဉာတကာဆွေမျိုးတချို့က ဖေးဖေးမမ၊ ပေးထားကြသည့် ထမင်းပေါင်းအိုးကို ကလေးသူခိုးတို့ ခိုးယူနေစဉ် အသံကြား၍ ထကြည့်မိသည်။ အပြင်ဘက်က အသင့်စောင့်နေသော ကလေးကို ပစ္စည်းလှမ်းပေးရင်း ဝင်းထရံပေါ်မှ ကျော်တက်ပြေးသည်။

"သူခိုး..သူခိုး..။"

ညကြီးမင်းကြီး အော်ဟစ်ရင်း ဝင်းတံခါးကို ဖွင့်ကာ တယောက်ထဲ ပြေးလိုက်မိ၏။ ပတ်ဝန်းကျင်အိမ်တွေက တုတ်တုတ်မှ မလှူပ်ကြ။ နိုးတော့နိုးကြပေမည်။ နိုးကြပေသိ ထွက်မလာ။ "အဟမ်း အဟမ်း..."။ "ဟဲ့...ခွေး ...။" ချောင်းဟန့်သံလေးတောင် မပေးကြ။ ဘယ့်နှာ...မြို့ကြီးပါလိမ့်။

ရှေ့ကပြေးနေသော ကလေး၂ယောက်မှာ လမ်းထိပ်၌ အသင့်စောင့်နေကြသော မိန်းမယောကျာ်း ၄-၅ ယောက်အုပ်ထဲသို့ ဝင်ပြေးသည်။ မောင်ဘဦးတယောက် သူတို့နား ရောက်ခါနီး... ။

"ဝှီး...၊ ဖျောင်း...။"

ကံကလောင်းလို့ ခေါင်းမကွဲ။ ကံကလောင်းလို့ ရင်ခွဲရုံမှာ အလောင်းထုတ်ခ မကုန်ကျ။ အိမ်ထဲအမြန် ပြန်ပြေးဝင်ပြီးသကာလ၊ ကုတင်အောက် ဝမ်းလျားမှောက်နေလိုက်ရသည်။

"မိုက်တဲ့ကောင် ထွက်ခဲ့စမ်း...။"

"သေရဲတဲ့ကောင် ထွက်ခဲ့စမ်း...။"

 အာဏာသိမ်းစဉ်က ရပ်ကွက်ထဲ သေနတ်ပစ်ဖောက်ရင်း ဆဲဆိုကြိမ်းမောင်းသည့် လေသံနှင့် တထေရာတည်း။ အိမ်ရှေ့တွင် လမ်းသလားရင်း  အချိန်အတော်ကြာသည်အထိ ကြိမ်းနေလိုက်သေးသည်။

ထိုစဉ်က မောင်ဘဦးတို့နေသည့်အိမ်မှာ ရဲစခန်းနှင့် အနီးလေး။ သဲအိတ်တွေဆင့် ဂိတ်ဖွင့်ထားသည့် စခတွေနဲ့က ၅ လမ်းမြောက်။

ရဲမှရဲ... ၊ စစ်မှ စစ်ပါဘိ သူခိုးရယ်။

(၅)

သုံးလေးရက်အကြာ၊ လိုချင်တာအကုန်ရသည့် ရပ်ကွက်နားက သူခိုးဈေးတွင် မိမိ၏ ပေါင်းအိုးလေးကို ခုံတန်းလေးပေါ်တွင် တွေ့မြင်ခဲ့ရသည်။ လွတ်ကျတုန်းက ပွန်းနေသည့် ဘယ်ဖက်လက်ကိုင်လေးက အစ၊ တထေရာတည်း။ အိုးအဖုံးလက်ကိုင် အောက်ခံဖိုက်ဗာ အပဲ့လေးပင် ပါလိုက်သေး။

သူခိုးဈေးသည်ကား၊ စားစရာသောက်စရာ, အိမ်အသုံးအဆောင်, သံပန်းသံတံခါး, ရေမော်တာ လျှပ်စစ်မီတာ၊ ဖြတ်ပြီးသား ဟင်းဂလိုင်း၊ စကွဲယားသွပ်ပိုက် ကုန်မာပစ္စည်းအစုံ၊ ကျွန်းဘီရိုဆက်တီစားပွဲခုံအထိ အလိုရှိရာ ရနိုင်လေ၏။ ကားကြီးကားငယ် အသွယ်သွယ်တို့ဖြင့် စစ်ကြောင်းထိုးရာ နယ်မြေမှ သယ်လာပစ္စည်းတွေပါလေ။ 'အပြင်ရွှေဝယ်သည်'တွေလည်း အဝင်အပါ...။

ဒါက လိုကယ် ရပ်ကွက်မြို့နယ် သူခိုးဈေး...။

ပြည်နယ်နှင့်တိုင်းအဆင့် သူခိုးဈေးက ရှိသေး၏။ ရာထူးရွေးချယ်ရေး၊ ဝန်ထမ်း နေရာချထားရေးတို့၌လည်း သူခိုးဈေးရှိသေး၏။ စစ်ပွဲဖြစ်ရာ နေရာတို့သို့ သွားရန်မသွားရန် စစ်ပွဲသူခိုးဈေးပင် ရှိ၏။

လက်နက်သူခိုးဈေး၊ ဒရုန်းသူခိုးဈေး၊ ပါရာမိုတာသူခိုးဈေး၊ စုံလှပေ၏။ သိမ်းယူထားပြီးသော မြို့ကိုပင် သူခိုးဈေး၌ ပြန်လည်ဝယ်ယူ ရရှိနိုင်‌ပါလေပြီ။ 

အပြည်ပြည်ဆိုင်ရာ သူခိုးဈေးတွင်မူ၊ တရုတ်၏ အဖမ်းအဆီးခံ၊ သေဒဏ်အပေးခံရမည့်၊ ကိုယ်ပိုင်နံပါတ်ရှိပြီး စစ်‌ကောင်စီပြန်တန်းဝင်အရာရှိ ဗိုလ်မှူးကြီးဝေဆန်းကိုပင် (လိုချင်ပါသေးလျှင်) သူခိုးဈေးပေး၍ ဝယ်နိုင်သေး၏တည်း။

(၆)

"... ဖတ်ကြည့်လိုက်ရင် ကျွန်တော်တို့ပါတီကို စောင်းမြောင်းရေးသားထားတာတွေ ဖြစ်နေတယ်။ ကျွန်တော်တို့ပါတီအဖြစ်တွေနဲ့ သေချာတိုက်ကြည့်ရင် အမှန်တဝက် အမှားတဝက်တွေ။ (အမှန်က တဝက်ကြီးများတောင် ဆိုပါလား။) အဓိကအချက်က ရွှေးကောက်ပွဲနီးမှ ဒီစာအုပ်ထွက်လာခြင်းဟာ ပြည်ခိုင်ဖြိုးပါတီ နိူင်ငံရေးအကြီးစား လုပ်ကြံခံနေရပြီလို့ ပြောချင်တာပါပဲ...။ စာပေစိစစ်ရေးကိုလည်း တိုင်ကြားသွားမှာဖြစ်ပါတယ် ...။"

ကြံ့ဖွတ်ပါတီ၏ စပုတ်ခ်မင်း ခေါ် ပြောရေးဆိုခွင့်ရ အနှီပုဂ္ဂိုလ်ကြီးက၊ အိုးမလုံအုံပွင့် အနှာလိုပြောသည်ဆိုတော့ ထိုစာအုပ်ကို စိတ်ဝင်တစား ရှာဖွေကြည့်မိသည်။ ဟော...၊ တွေ့ပါပြီ... ။ 'သူခိုး' ...။

ဝတ္ထုမျက်နှာဖုံး ပန်းချီပုံမှာ...၊ ခွေးပိန်လေး ၂ ကောင်သာ နိုးကြားနေသော အကာလ ညအခါကြီး၌၊ ဘုံနန်းပြာသာဒ် စုလစ်မွန်းချွန်တွေနှင့် အိပ်မောကျနေသည့် အဆောက်အအုံများ၊ မပီဝိုးတဝါး လမ်းဘေးဓါတ်မီးတိုင်များ နောက်ခံတွင်၊ ပုဆိုးစိမ်းကို ခါးတောင်းအောက်ပိုးကျိုက်ပြီး ခေါင်းစွပ်ပါ အနီရောင်အင်္ကျီကို ဝတ်ဆင်လျက်၊ ၎င်း၏ ဗိုက်ထွက်ထွက် ခန္ဓာကိုယ်ထက် ၃ ဆခန့် ကြီးမားသော အစိမ်းရောင်အထုပ်ကြီးကို ကျောတွင် ထမ်းပိုးကာ၊ ခုန်ကျော်ပြေးလွားနေသည့်၊ အင်္ကျီခေါင်းစွပ်၏ နဖူးထိပ်တည့်တည့်တွင် ရွှေရောင်တံဆိပ်ကြီးနှင့် 'သူခိုး'...။ စာအုပ်ထိပ်စည်းတွင် ပို၍သေချာအောင်၊ သတိထားမိကြလေအောင်၊ ပြူးတူးပြဲတဲ အဝါရောင်စာလုံးကြီးများဖြင့် အမည်ပေးကင်ပွန်းတပ်ထားသည့် 'သူခိုး'...။

(၇)

 "... ပြည်ခိုင်ဖြိုးပါတီက အယ်နယ်ဒီကို မဲအပြတ်အသတ် ရှုံးနိမ့်ရခြင်းရဲ့ အဓိကတရားခံအစစ်ဟာ စာရေးဆရာ အကြည်တော်ဖြစ်ပြီး စာအုပ်တွင် ရေးသားထားချက်များသည် စေ့စေ့တွေးလေ ရုပ်လုံးပေါ်လေဖြစ်ကာ၊ နာမည်တွေကို အမှန်အတိုင်းတပ် ရေးမထားတာကလွဲရင် အကုန်လုံးအကြောင်းအရာတွေက ကျွန်တော်တို့ကို တိုက်ခိုက်ထားတာပါ။ အဲ့ဒီစာအုပ်ထဲက ဥပမာတခုကိုပြရမယ်ဆိုရင် '... ရပ်ရွာလုံခြုံရေး တာဝန်ရှိတဲ့သူကြီး ပါကညောကို ကြက်သမားနဲ့ နှိုင်းတယ်...။ သဘောက တိုင်းပြည်လုံခြုံရေးတာဝန်ရှိတဲ့ ကာချုပ်ကြီးကို ကြက်သမား ပါကညောအဖြစ် ထည့်သွင်းစော်ကား ထားတာပါ။ အဲဒီစာအုပ်ကို ကာချုပ်ကြီး ထံပေးပို့ပြီးပါပြီ ...။"

အလို...။ လုပ်ပြန်ပြီ...။ ရွေးကောက်ပွဲ၌ မဲအပြတ်အသတ် ရှုံးနိမ့်ရခြင်းမှာ အကြည်တော်၏ သူခိုးစာအုပ်ကြောင့် ဆိုပါကလား ...။ ဘယ့်နှာပါလိမ့် ...။ သူခိုးဝတ်ဆင်ထားသည်မှာ ကြံ့ဖွတ်၏သင်္ကေတ အစိမ်းရောင်ပုဆိုးကြောင့်ဟု 'သူခိုး'ကို ငြိုးပါလျှင်၊ အန်အယ်လ်ယ်ဒီသင်္ကေတ အနီအင်္ကျီ ဝတ်ဆင်ထားသည်ကရော...။ ကိုင်း ...။ တအုပ်လုံးကိုသာ ဖတ်ကြည့်ဦးမှပါ။

(၈)

“အော်လိုက်မှာနော်၊ သူခိုး သူခိုးလို့”

“ငင့် "

ပါကညော လန့်သွားတယ်။ ငပိန်ကသာ သူခိုးလို့ အော်လိုက်ရင် သူ ငပိန့်ကို မဖြစ်မနေ ဖမ်းရမယ်။ ဖမ်းပြီးရင်လဲ ကတိအတိုင်း ပြန်လွှတ်ပေးရဦးမယ်။ ဒါ့အပြင် ငပိန်က အထုတ်ဖြည်လိုက်ရင် သူ အရှက်ကွဲပြီ။ ဒီတော့ ပျာပျာသလဲနဲ့ “အေး အေးပါကွာ၊ မအော်ပါနဲ့ကွာ၊ တောင်းပန်ပါတယ်”

“ဒါဆို ပြန်လှဲနေ”

“အဟင့် "

...

...

(၉)

စာရေးဆရာနှယ်။ ရေးတတ် ခြယ်တတ်ပလေ။ အစိမ်းရော အနီပါ 'သူခိုး'တွေ ရှိမှာဖြစ်ပေသိ၊ အနီအဖွဲ့က တနင်္သာရီတိုင်းဝန်ကြီးချုပ် ကိုတောင်မှ ထောင်ချပစ်သည်လေ။ အစိမ်းသူခိုးတွေကတော့ 'အထုပ် ဖြေပြလိုက်မှာ ကြောက်လှ၍ သူခိုးလို့တောင် မအော်ရဲ။ "ဒါဆို ပြန်လှဲ နေ"၊ "အဟင့်"။

(၁၀)

နောက်ဆက်တွဲ...။ မဲရွေးပွဲလည်း ပြီးရော...၊ ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးမှ ပြင်းပြင်းထန်ထန် ဝေဖန်ရင်း 'သူခိုး'စာအုပ်နှင့်တကွ ပူးတွဲတိုင်ထားလို့လား မသိ။ ကြူခိုးလင် ကြင်ခိုးကြီး က၊ အဲအဲ...၊ ကြင်စိုးကြီး ... ။ အဲ အဲ...၊ ချုပ်တပ်ကြီး...၊ အဲလေ...၊ တပ်ချုပ်-မအလကြီးက 'မဲခိုးသည်'ဟု အကြောင်းပြ၊ အာဏာသိမ်းလိုက်ကြပါလေတော့သည်။

(၁၁)

သူခိုး‌တွေလည်း အာဏာသိမ်းလိုက်ရော...။ တတိုင်းတပြည်လုံး ပူလိုက်တဲ့ သူခိုး။ ဖမ်းလည်း မမိ။ မိလည်း မဖမ်း။ အချုပ်ခန်း တန်းထည့်သည်ကိုပင် ပြန်လွှတ်ချေသေးသည် တကား။

မတရားရေးဝန်ထမ်း၊ အဲ...၊ တရားရေးဝန်ထမ်းတို့ကလည်း၊ "ခိုးသည့်ရွှေကို အရည်ကြို၍ လောင်းသတ်စေ"ဟူသည့် အမိန့်ကိုလည်း မချမှတ်ကြ။ ယုတ်စွအဆုံး "သူခိုးကို ရေနွေးပူဖြင့် လောင်းသတ်စေ"လေးပင် အမိန့်မချချင်ကြတော့။

(၁၂)

 အသတ်ခံရတော့မည့် သူခိုးကို ‌သူသတ်တို့၏လက်မှ ရွေးယူ၍ ခင်ပွန်းလင်အဖြစ် သိမ်းပိုက်သည့် ကုဏ္ဍလကေသီထေရီမ၏ လူ့ဘဝကို အပြစ်မဆိုချင်။

သူခိုးကိုလင်ရည်မှန်းပြီး လင်ဖြစ်သူ သေစေရအောင်၊ သူခိုးလက် ဓားရိုးကမ်းသည့်သူ၊ အဟုတ်တကယ်ရှိသည်ကိုမူ အကြွင်းမရှိ ယုံကြည်ပါ၏။ ရှိသမှ တလေတယောက်တင် မက။ အာဏာသိမ်းပြီး ၄-၅ နှစ်အတွင်း အတော်လေးပင် များပြားလာပါချေလေပြီ။

သူခိုးကြီး၊ သူခိုးလတ်၊ သူခိုးငယ်၊ သူခိုးပေါက်စလေး၊ သူခိုးပိစိကွေးတွေ အကုန်သူဋ္ဌေးဖြစ်။ သူခိုးကိုမှ ချစ်လိုက်ကြတာ... ။ သူခိုးကို ထောက်ပံ့ကြသူ ပရဟိတအမည်ခံတွေကလည်း မနည်း။ သူခိုးမိသားစုကို အသက်ပေး၍ ကာကွယ်သည့်သူတွေကလည်း မနည်း။

စစ်ခရာ ဗျူကယ်မှူတ်၊ မနက်တိုင် တန်းစီသည့်အလုပ် လုပ်ကြစဉ်...၊

"ငါတို့သည်... ကျဆုံးလေပြီးသော ...တပ်မတော်သား... သူခိုးဓါးပြ...မုဒိန်းကောင်အပေါင်းတို့၏... သစ္စာကို... စောင့်သိ... ရိုသေပါမည်...။"

ရွတ်ဆိုအလေးပြု၊ သစ္စာပြုသူအသစ်စက်စက်၊ 'ပစ'တဖြစ်လဲ၊ ကျည်ကုန် ဆန်ကုန်မြေလေးတွေကလည်း နည်းနည်းနောနော မဟုတ်။

(၁၃)

၁၃၈၇၊ တန်ဆောင်မုန်းလပြည့်၊ ကျီးမနိုးပွဲ ခေါ် သူခိုးပွဲနေ့။ အိုင်စီစီ ဖမ်းဝရမ်းနှင့် အာဏာသိမ်း သူခိုးငနဲ။ ဥုံ...ဖွ...ဟဲ့။ မလွဲမချော် ၊ ကြင်စိုး...ဒင်းကိုယ်တိုင် အခိုးခံလိုက်ရပါစေတော်...။

တော်လှန်ပြည်သူအပေါင်း စောရတောဝါ သူခိုးဘေးမှ ကင်းဝေးကြစေ။

သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

မောင်ဘဦး

(၈၇၊ မုန်း၊ ဆန်း၊ ၃ )




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar