အာဆီယံ အလှည့်ကျ မလေးရှားက မြန်မာစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲ တားလို့မရကြောင်း ပြောဆို
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၄ မြင်ကွင်း
မိုးမခ ၊ အောက်တိုဘာ ၂၅၊ ၂၀၂၅
အာဆီယံ အလှည့်ကျ မလေးရှားက မြန်မာစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲ တားလို့မရကြောင်း ပြောဆို
မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်တဲ့ အာဆီယံ အဖွဲ့ရဲ့ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လာမယ့် ဒီဇင်ဘာနဲ့ နောင်နှစ်ဆန်းပိုင်းမှာ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရပ်တန့်အောင်လုပ်ဖို့ အာဆီယံအနေနဲ့ မဆောင်ရွက်နိုင်ကြောင်း ရွေးကောက်ပွဲက မျှတပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့သာ တိုက်တွန်းနိုင်တဲ့အကြောင်း အာဆီယံ ခေါင်းဆောင်တွေ အစည်းအဝေး ကျင်းပခြင်း မပြုမီရက်ပိုင်း အလိုမှာ ပြောကြားခဲ့ပါတယ်။
အာဏာသိမ်းထားတဲ့ စစ်တပ်က ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က အာဆီယံအဖွဲ့ကို မကြာသေးခင်က တောင်းဆိုကြောင်း ထုတ်ပြန်စာလည်း ထုတ်ခဲ့ကြပါတယ်။ ဒါ့အပြင် ယခုလဆန်းပိုင်းက မလေးရှားနိုင်ငံမှာ NUG က ကိုယ်စားလှယ်တွေနဲ့ အာဆီယံအဖွဲ့က တာဝန်ရှိသူတွေ ဆွေးနွေးမှုတွေ ရှိခဲ့တာကြောင့် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ပယ်ချဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် က စစ်အာဏာသိမ်းပြီး ၄ နှစ်ခွဲကျော် ၅ နှစ်နီးပါးမှာ ကျင်းပမယ့် ရွေးကောက်ပွဲက အာဏာသိမ်းစစ်တပ်ရဲ့ ထွက်ပေါက်လား၊ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့ထားတဲ့ ကြံ့ခိုင်ရေးပါတီ အနိုင်ရအောင် ကြိုတင်ပြင်ဆင်ကာ အစီအစဥ်ချထားတဲ့ ရွေးကောက်ပွဲ ကျင်းပပြီးသွားတဲ့အခါ ရွေးကောက်ပွဲနဲ့ အာဏာရလာနိုင်ခြေရှိတဲ့ ကြံ့ခိုင်ရေးပါတီ၊ အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြု ဆက်ဆံကြမှာလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲက တရားမျှတမှုမရှိတဲ့ အနေအထားတွေ၊ ၂၀၂၁ ခုနှစ်မတိုင်ခင်က ရွေးကောက်ပွဲ ဥပဒေကို လိုသလို ပြင်ဆင်ပြဌာန်းပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပါတီသာ အပြတ်အသတ်အနိုင်ရအောင် ပြင်ဆင် လုပ်ဆောင်နေတာကို မြန်မာနိုင်ငံက ပြည်သူလူထုသာမက နိုင်ငံတကာ အစိုးရတွေ အဖွဲ့အစည်းတွေလည်း သိရှိကြပြီး ဖြစ်ပါတယ်။
ဒါပေမယ့် အာဆီယံအဖွဲ့ အနေနဲ့တော့ ရွေးကောက်ပွဲကို အားမပေးတာကလွဲလို့ ပယ်ချဖို့၊ ဆန့်ကျင်ဖို့ဆိုတဲ့ မူဝါဒမျိုး ချမှတ်မယ့် အနေအထားမျိုး မရှိပါဘူး။ ရွေးကောက်ပွဲက တရားဝင်မှုရှိသလား မရှိလား ဆိုတာ မြန်မာနိုင်ငံက လူထုက ဆုံးဖြတ်ရမယ့် ကိစ္စအဖြစ် အာဆီယံ အဖွဲ့အနေနဲ့ မှတ်ယူထားပုံရပါတယ်။ ဥရောပသမဂ္ဂ နဲ့ အနောက်ဥရောပနိုင်ငံတွေ အနေနဲ့လည်း အလားတူ သဘောထားမျိုး ၊ ရပ်တည်ချက်မျိုး မှာ ရပ်တည်ပြောဆိုကြတဲ့ သဘောဖြစ်ပါလိမ့်မယ်။ အမေရိကန် ပြည်ထောင်စုက သမ္မတထရန့်လက်ထက် အမေရိကန် နိုင်ငံခြားရေး မူဝါဒက ဥရောပသမဂ္ဂထက် ပိုပြီးပါဝင်ပတ်သက်မှုမရှိတဲ့ မူဝါဒမျိုး ဆုပ်ကိုင်ထားပုံရပါတယ်။ အမေရိကန် သံရုံးတွေက ဝန်ထမ်းတွေကို ပြည်ပနိုင်ငံတနိုင်ငံရဲ့ ရွေးကောက်ပွဲတွေနဲ့ ပတ်သက်လို့ အကောင်းအဆိုး ဝေဖန်ပြောဆိုတာတွေ မလုပ်ဖို့ ညွှန်ကြားချက်ကို လအနည်းငယ်အကြာက ထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။
ယခုလာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုက ဝေဖန်ပြောဆိုမှု မရှိသလောက် အနေအထားလည်း သတိပြုမိကြလိမ့်မယ် ထင်ပါတယ်။ ထရန့် လက်ထက် အမေရိကန် ပြည်ထောင်စုက ၄င်းတို့ရဲ့ တိုက်ရိုက်အကျိုးစီးပွားကို သာ အခြေခံတဲ့ နိုင်ငံခြားရေး မူဝါဒဖြစ်လို့ မြန်မာနိုင်ငံလို အရေးကိစ္စမှာ အချိန်၊ အားစိုက်မှု၊ ပါဝင်ပြောဆိုမှုတွေ တွေ့ရဖို့ မမျှော်လင့်နိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
ခုရက်ပိုင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပမယ့် အာဆီယံနှစ်လည် အစည်းအဝေးကို အာဆီယံ ခေါင်းဆောင်တွေသာမက ကမ္ဘာတလွှားက အင်အားကြီးနိုင်ငံတွေ ပါတက်ရောက်ကြပါလိမ့်မယ်။ အာဆီယံ အနေနဲ့ မြန်မာ့အရေး အထူးသဖြင့် မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မှတ်ချက် သဘောထား၊ အကြမ်းဖက် တိုက်ခိုက်မှု အဆုံးသတ်ရေး၊ လူသားချင်းစာနာမှု အကူအညီပေးဝေနိုင်ရေး စတဲ့ အာဆီယံမူ ၅ ချက်တွေကို ထပ်လောင်းအလေးပေး ပြောဆိုကြတာမျိုး ရှိလိမ့်မယ်လို့ မှန်းဆရပါတယ်။
အခုလို အာဆီယံ၊ ဥရောပသမဂ္ဂ တို့ရဲ့ ရပ်တည်ချက် သဘောထားတွေကို ခြုံငုံသုံးသပ်ကြည့်ရင် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံအားပေးခြင်း မပြုတဲ့ သဘောထားထက် ပိုတဲ့ လုပ်ဆောင်မှုမျိုးတွေ လုပ်ဆောင်ဖို့ မရှိတဲ့ သဘောဖြစ်ပါတယ်။
ရွေးကောက်ပွဲကို ဆန့်ကျင် ကန့်ကွက်ရေးက မြန်မာနိုင်ငံထဲက ပြည်သူလူထုနဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ တာဝန်သာဖြစ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ NUG လက်အောက်က နိုင်ငံရေး စစ်ရေးအဖွဲ့အစည်းတွေ၊ NUG လက်အောက်က မဟုတ်တဲ့ အခြားသော ဒေသန္တရလက်နက်ကိုင် အဖွဲ့အစည်းတွေ စသဖြင့် သီးခြားစီရပ်တည်နေကြတဲ့ အင်အားစုတွေ အကြား ရွေးကောက်ပွဲ နဲ့ ပတ်သက်တဲ့ ဘုံသဘောထားနဲ့ လမ်းစဥ်မျိုးတော့ ချမှတ်ထားတာ မရှိပါဘူး။
ရွေးကောက်ပွဲမှာ ပါဝင်နေကြတဲ့ နိုင်ငံရေးပါတီဝင်တွေ၊ ကိုယ်စားလှယ်လောင်း၊ မဲရုံဝန်ထမ်း၊ မဲဆွယ်စည်းရုံးမှု၊ မဲပေးဖို့ ဖိအားပေးခံရနိုင်ခြေရှိတဲ့ ပြည်သူလူထု စသဖြင့် ဒီဖြစ်စဥ်မှာ ပါဝင်နေတဲ့ အခန်းကဏ္ဍအမျိုးမျိုးက သူတွေကို ဘယ်လို သဘောထားကြမလဲ၊ ပြုမူကြမလဲ စတာတွေက ခုလို အချိန်ကာလမှာ အသေးစိတ် ထုတ်ဖေါ်အသိပေးသင့်ပြီ ဖြစ်ပါတယ်။
တော်လှန်ရေး အင်အားစုတွေ အနေနဲ့ မဲရုံဝန်ထမ်း၊ နိုင်ငံရေးပါတီဝင်၊ မဲဆွယ်စည်းရုံးသူ၊ ကိုယ်စားလှယ်လောင်း နဲ့ ၄င်းတို့ကို အားပေးထောက်ခံသူတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း သို့မဟုတ် အကြမ်းဖက်တဲ့ လုပ်ဆောင်မှုမျိုး ကျူးလွန်ခဲ့ရင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝေဖန်ရှုတ်ချမှုကို ခံရနိုင်ခြေလည်း ရှိနေပါတယ်။
လူထုအနေနဲ့ ရွေးကောက်ပွဲ ဖြစ်စဥ်မှာ တတ်နိုင်သရွေ့မပါဝင်ဖို့ ၄င်းတို့ရဲ့ လုံခြုံမှုလည်း ထိပါးခြင်း မရှိစေနိုင်တဲ့ နည်းလမ်းတွေနဲ့ ရွေးကောက်ပွဲ ဖြစ်စဥ်ကို တတ်နိုင်သရွေ့ ပါဝင်ခြင်း မပြုဖို့ စည်းရုံးပြောဆိုတာတွေ ရှိနေသင့်ပြီ ဖြစ်ပါတယ်။
လာမယ့် ရွေးကောက်ပွဲဟာ အာဏာသိမ်းထားတဲ့ စစ်တပ်ကို နတ်ရေကန်ထဲ ချလိုက်သလို ရုတ်ခြည်းသန့်စင် ပြောင်းလဲသွားစေမှာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ အနှစ်သာရအားဖြင့် မပါတဲ့ အမည်နာမသဘောအရ ပညတ်အရ အတိုင်းအတာတခုထိ တရားဝင်မှုကိုတော့ ရရှိစေနိုင်တဲ့ အနေအထားလည်း ဖြစ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar