Breaking News

ကိုနီတွတ် - ကြားနေ

ကိုနီတွတ် - ကြားနေ

မိုးမခ ၊ အောက်တိုဘာ ၁၄ ၊ ၂၀၂၅


အမေရိကန်သမ္မတ ဂျော့ဒဗလူဘို့စ်လက်ထက် 9/11(သို့မဟုတ်) အနက်ရောင် စက်တင်ဘာအရေးအခင်း ဖြစ်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ (World trade centre)နှင့် ပင်တာဂွန်စစ်ဌာနချုပ်တို့ကို အယ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က လေယာဥ်များကို ပြန်ပေးဆွဲပြီး ထိုညီနောင်အဆောက်အအုံကို ထိုးဝင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြသည်။ လူဦးရေ ၄၀၀၀ ကျော် သေဆုံးခဲ့သည်။ 

ထိုကဲ့သို့ ကမ္ဘာနှင့်ဆိုင်သည့် ညီနောင်အဆောက်အအုံ ဖျက်ဆီးခံရမှုနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရခြင်းကို မည်သည့်နိုင်ငံတော်အကြီးအကဲက သည်းခံ လက်ပိုက်ကြည့်နေနိုင်ပါမည်နည်း။ ထို့ကြောင့် သမ္မတဘို့စ်အနေဖြင့် ရဲရဲတောက် မိန့်ခွန်းကို ပြောခဲ့သည်မှာ "ကျုပ်တို့ဘက်မှာပါရင် ပါ၊ မပါရင် အခြားတစ်ဖက်မှာပါ"ဟူသော စကားရပ်ပါသည်။ အကြမ်းဖက်ရမ်းကား ဥပဒေမဲ့ သတ်ဖြတ် ဖျက်ဆီးသည့်ဘက်နှင့် ထိုအဖွဲ့ကို ခုခံနှိမ်နင်းသည့်ဘက် (သို့မဟုတ်) ဓမ္မနှင့် အဓမ္မ နှစ်ဘက်။ အမှန်တရားဘက်မှာ ပါမလား။ အမှားဘက်မှာ ပါမလား။ အမှန်နှင့် အမှား နှစ်ခုကြားတွင် လုံးဝ လုံးဝ" ကြားနေ" မရှိ။ ထို"ကြားနေ" ဆိုသည်မှာလည်း လျှာအရိုးမရှိတိုင်း ပြောချင်ရာပြောသည့် တာဝန်မဲ့စကားတစ်ခုဟု ဆိုနိုင်သည်။

မြန်မာ့နွေဦးတော်လှန်ရေးတွင်လည်း ဥပဒေမဲ့ တရားလက်လွတ် အာဏာသိမ်းအကြမ်းဖက်တပ်နှင့် ၄င်းကို လုံးဝ လက်မခံသည့် နွေဦးတော်လှန်ရေး။ အာဏာသိမ်းအကြမ်းဖက်တပ်မှ မြန်မာပြည်သူများကို စေတနာမဲ့ အမြဲလိမ်ညာသတင်းဖြန့်နေသည့် ဇော်မဲလိမ် အမည်ပြောင်ရသူက ရှင်းရှင်းပြောခဲ့သည်။ သူတို့ကို ထောက်ခံရင် ထောက်ခံ၊ မထောက်ခံရင် ရန်သူတဲ့။ သူတို့ကို မထောက်ခံလျှင် ရန်သူ ဖြစ်ပါသတဲ့။ နိုင်ငံတော်ကို အုပ်ချုပ်မည့်သူတို့၏ ပြည်သူများအပေါ် ထားသည့် ကြီးမားသည့် ရွှေမေတ္တာတော်။ သူတို့ကိုယ်တိုင် ပြည်သူကြားက ပြည်သူဖြစ်ကြောင်းကို မစဥ်းစားကြ။ 

ဓမ္မဘက်တော်သားများကလည်း ရှင်းပါသည်။ နွေဦးတော်လှန်ရေး စကတည်းက လှည်းနေလှေအောင်း မြင်းစောင်းမကျန် ပြည်သူအားလုံးနီးပါး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်မှာ ကြက်ပျံမကျ လူပင်လယ်ကြီး။ နိုင်ငံ့ဝန်ထမ်းများကိုလည်း "ရုံးမတက်နှင့် ရုန်းထွက်" CDMs များ ပြုလုပ်ကြရန် တိုက်တွန်းခဲ့ကြသည်။ ကြောင်သူတော် ကြွက်သူခိုးက ကြောင်ကြာကြာ ရေမငုပ်နိုင်ကြောင်း ရဲယူနီဖောင်းဝတ် စစ်ခွေးများက လက်နက်မဲ့ပြည်သူများကို သေနတ်ကျည်အစစ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာမှ ငါတို့က ဘယ်ဘက်မှ မပါ ကြားနေပါ၊ အဖြူရောင် ဘာတွေ ညာတွေပါ၊ ဝန်ထမ်းများ နိုင်ငံရေး ကင်းရှင်းရမည်၊ လွတ်လပ်တဲ့ ခေတ်ကြီးမှာ လွတ်လပ်စွာ ရပ်တည်ခွင့်ရှိသည် စသဖြင့် "ကြားနေများ" ပေါ်ပေါက်လာသည်။

အမှန်မှာ အကြောက်တရား၊ ဘက်လိုက်မှု၊ ဖိနှိပ်မှု၊ အချောင်နေအချောင်စား၊ ကျွန်ခံလိုမှု၊အကြောက်တရားအောက်မှ ရုန်းမထွက်နိုင်မှု၊ ချမ်းသာ ဆင်းရဲ မည်သို့ရှိစေ လက်ရှိဘဝမှ အပြောင်းအလဲ မလုပ်ချင်မှု စသည့် ဆင်ခြေ လက်ခြေ မြင်းခြေများပေးရင်း "ကြားနေ"ဟု လူကြားကောင်းအောင် အသံကောင်းဟစ်နေခြင်းသာ ဖြစ်သည်။ ပီဘိ အသိဥာဏ်ပညာရှင်များပါတည်း။ အမှန်မှာ ဓမ္မကို မျက်ကွယ်ပြုခြင်းသာ ဖြစ်သည်။

သူချည်းပဲလား၊ မကပါ။ နွေဦးတော်လှန်ရေးဖြစ်စက EROs တပ်များကလည်း ထိုသို့ ပြောခဲ့သည်။ဗမာ-ဗမာ ချင်းဖြစ်သည့်ကိစ္စဟု သဘောပိုက်ကြသည်။ ယခုတော့ အနှီကြားနေသည် အချောင်သမားဝါဒ၊ တရားလက်လွတ်ဝါဒ၊ အသိဉာဏ်ပညာပါလျက် အသုံးမချရဲသည့် ကျွန်ခံဝါဒ၊တစ်မြေတည်းနေ တစ်ရေတည်းသောက် တစ်မိုးအောက်မှာ နေနေသူချင်း ဖြစ်ပါလျက် အကြမ်းဖက် အနိုင်ကျင့် တရားမဲ့သတ်ဖြတ်နေခြင်းကို မထုတ်ဖော်ရဲသည့်ဝါဒ၊ မြန်မာပြည်လွတ်လပ်ရေး ရပြီးဖြစ်ပါလျက် စစ်အာဏာရှင်ဖိနပ်အောက်မှ မျက်စိမှိတ် နားပိတ် ပါးစပ်အပိတ်ခံထားရသည့်ဘဝသာ ဖြစ်ကြောင်း သိသွားကြပုံရ၏။ ဂျပုငတိ ဂွတိုမအလ၏ အာဏာတည်မြဲရေးအတွက်  လုပ်ရပ်အမှားများနှင့် ထိုအာဏာရှင်များကို အမြစ်ပါမကျန် တွန်းလှန်တိုက်ထုတ်ရန် လိုအပ်ပြီဟု သိသွားခဲ့ကြသည် ဆိုရမည်။

အာဏာရှင်ဟူသည် ပြည်သူကို ကာကွယ်ရန်ထက် သူ့ကိုယ်သူ ကာကွယ်တတ်တာ၊ အမှန်တရားကိုမျက်ကွယ်ပြုတာ၊ အမုန်းတရားပေါ်  အခြေခံထားသူများသာ ဖြစ်ပြီး တစ်ခုတည်းသော ရပ်တည်မှုမှာ သူတို့ အာဏာတည်မြဲရေးအတွက် ဘာမဆိုလုပ်သည့် မိစ္ဆာဘီလူးများသာ ဖြစ်ပါ၏။ တစ်ဖက်တွင် ပြည်သူဟူသည် ဒီမိုကရေစီ ထွန်းကားစေလိုသည်။ ရချင်ကြသည်။ ခံစားလိုကြသည်။လွတ်လပ်လိုသည်။ လူသားဆန်သည်။ အမှန်တရားပေါ် အခြေခံသည်။ အမှန်တရားကို ချစ်မြတ်နိုးသည်။ လူသားအချင်းချင်း တန်ဖိုးထားကြသည်။ ဓမ္မနှင့် အဓမ္မကြားတွင် ကြားမရှိ၊ အလပ်မရှိသော ထိုနှစ်ဘက်တွင် "ကြားနေ"ခြင်းသည် အသိဉာဏ်မဲ့ခြင်း၊ တာဝန်မဲ့ခြင်း၊ အချောင်ခိုခြင်း၊အာဏာရှင်ကို ခိုးကြောင်ခိုးဝှက် ထောက်ခံခြင်း၊ အမှန်တရားကို မျက်ကွယ်ပြုခြင်း၊ တာဝန်မဲ့အသက်ရှင် နေထိုင်ရှင်သန်ခြင်း၊ အမှားကို မျက်စိမှိတ် နားပိတ် ပါးစပ်ပိတ် လက်ခံနေခြင်းကလွဲ၍ ဘာမှ အကျိုးမရှိ၊ အကြောင်းမပါ၊ ဗလာချည်များသာတည်း။ 

အထူးသဖြင့် ထိုကြားနေသူများသည် နိုင်ငံဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊ အဖြူရောင် အနုပညာရှင် ဆိုသူများ၊ ခရိုနီများ၊ ကြောင်တောင်တောင် အတွေးအခေါ်ရှိသူများ ဖြစ်ကြသည်။ထိုသူတို့သည် ကြောင်သူတော် ကြွတ်သူခိုးများပါတည်း။ ဥပုသ်စောင့်ဟန်ဆောင်နေသော ကျားအိုကျားနာကြီးပါတည်း။ သာကူးသမားများပါတည်း။ ဆိတ်လစိများတည်း။ ဘို့တစ်ဘို့ထဲကိုသာ ကြည့်သူများပါတည်း။ မပြတ်သားသူများပါတည်း။ အမှန်မှာ ထိုကြားနေများသည် စိတ်ဓာတ်ယုတ်ညံ့သူများသာ ဖြစ်ပါ၏။ ပျော့ညံ့သူများသာ ဖြစ်ပါ၏။

မြန်မာနိုင်ငံသားချင်းဖြစ်လျက် ပြည်သူလူထုအပေါ်  ဓားမိုးအုပ်ချုပ်၊ အကြမ်းဖက် လူသတ် ဓားပြတိုက်၊ မုဒိမ်းကျင့်၊ ပြည်သူပိုင်များခိုးယူနေခြင်းများကို ငါတို့နှင့်မဆိုင်၊ အာဏာသိမ်းအဖွဲ့ကိုလည်းမကူ၊ တော်လှန်တပ်များဘက်မှာလည်း မပါ ကြားနေပါသည်ဆိုသော EROs တပ်ကိုလည်း တွေ့ရသည်။ သူတို့သည် ပဲပုတ်စားပြီး ခေါင်းပြားအောင် အိပ်နေလေသလော။ အသိဉာဏ်ပညာ ထုံထိုင်းနေသလော။ ဖြူစင်သူမျာပေလော၊ နားမလည်နိုင်ပါ။ ဘယ်ဘက်မှ မကူပါဟုလည်း တရားဝင်ထုတ်ဖော်ပြောဖူးသည်။ သူတို့၏တော်လှန်ရေးသည် အောင်ပွဲရ တော်လှန်ရေးတပ်များကို မနာလိုမုန်းထားမှုများ ပြည့်နေသည်။ ကွယ်ရာတစ်မျိုး နောက်ကွယ်တစ်မျိုးဖြင့် နောက်ကျောကို ဓားနဲ့ထိုးနေသည်နှင့် တူညီနေသည်မှာ ကြည့်မြင်မကောင်း။ 

လောလောလတ်လတ် အကြမ်းဖက် စကမအကြမ်းဖက်တပ် ကျောက်မဲမြို့ကို တိုက်ခိုက်စဉ် ထန်းတစ်ပင်ရွာဘက်မှ လမ်းကြောင်းဖွင့်ပေးလိုက်သည်။ နောက်ဆုံး ထိုဒေသ၏ ငါးရက်တဈေးရှိသည့် ပြည်သူများနေသည့် နောင်ပိန်တိုက်နယ်တစ်ခုလုံး ပျက်စီးသွားသည်။ ထိုးစစ်ဆင်ရာ လမ်းတလျှောက် ပဲပုတ်ရွာများရှိ ပြည်သူများ ထွက်ပြေးကြရသည်။ ယုတ်စွအဆုံး အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်ခဲ့သည်သာမက ဘုန်းတော်ကြီး၊ ကလေး၊ သက်ကြီးရွယ်အိုများပါမကျန် အသတ်ခံခဲ့ရသည်။ ကြားနေသည် ဆိုသော ထိုအဖွဲ့ ဘာမှမပြောရဲဘဲ သူတို့ကိုယ်တိုင် လက်နက်ကိုင်နေပါလျက် စစ်ဦးဘီလူးသရဲများကို ကြောက်၍ ထွက်ပြေးကြရသည်မှာ အောချစရာ။ ပြည်သူကိုလည်း မကာကွယ်နိုင်၊ သူတို့ကိုယ်တိုင်အတွက်လည်း ထွက်ပြေး။ ထိုလုပ်ရပ်များအတွက် ကန့်ကွက်ရန် ဝေးစွ၊ သူတို့လူမျိုး၏ သတင်းဌာနများ၊ ပရဟိတအဖွဲ့အစည်းများ၊ ပါတီများကပင် စုံစမ်းစစ်ဆေး ထုတ်ဖော်ရှုတ်ချမှုများပင် မတွေ့ရ။

သူတို့တပ်ဌာနချုပ်သည်လည်း စကမအကြမ်းတပ်များ ဝင်အနားယူရန် နေရာ၊ ဘီယာသောက် သေးပေါက် အီးပါ အညစ်အကြေးစွန့်ရန် နေရာပမာ။ သူတို့၏ ကြားနေခြင်းကား ဘယ်သူသေသေ ငတေမာပြီးရော။ တဖန် ကြားနေသည် ဆိုရဲ့၊ သူတို့လူမျိုးရွာများတွင် အဖြူစထောင်၊ အလံထောင်ခိုင်းထားသည်။ (စစ်ဖြစ်နေသည့်ကာလတွင် အလံဖြူသည် ငြိမ်းချမ်းရေး သင်္ကေတ မဖြစ်နိုင်၊အရှုံးပေးခြင်းသာ ဖြစ်ကြောင်း အတွေးချဲ့စဥ်းစားမိပုံမရ။) ထိုသို့ ပြုလုပ်ထားလျှင် အကြမ်းဖက်လေတပ်မှ လေယာဥ်ဖြင့် ဗုံးမကြဲပါတဲ့။ 

ကျောက်မဲကို ကြဲချသည့် အကြိမ်များတွင် လေးပုံသုံးပုံမှာ ပဲပုတ်များ၏ အိမ်ခြေနေရာဒေသများ။အများဆုံး တိမ်းရှောင်ထွက်ပြေးသူများမှာလည်း သူတို့။ သူတို့လူမျိုးများကို ဗုံးမကြဲနှင့်၊ အခြားလူမျိုးများအပေါ်  ကြဲချင်ကြဲပစေ၊ သေချင်သေပါစေ ဆိုသော သူတို့၏ကြားနေမှုကား ဓမ္မအပေါ် အခြေခံသလော၊အဓမ္မအပေါ်အခြေခံသလော။ အချစ်နှင့် စစ်တွင် မတရားတာမရှိဟူသော ရှေးစကားကို မသိခြင်းကား မဟုတ်တန်ရာ။

ရှိသေးသည်၊ မအလဂွတို၏ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးသမားများ။ ICC ဝရမ်းပြေး မအလ၏ ခါးပိုက်ဆောင် အသုံးချခံတပ်ကလည်း ပြည်သူကို ရန်သူမှတ်၍ မြန်မာပြည်အနှံ့ ဗုံးလိုက်ကျဲ သတ်ဖြတ်နေသည်၊ ဖျက်ဆီးနေသည်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများပါမကျန်။ အင်တာနက်ခေတ်တွင် အထက်ပါနိုင်ငံရေးသမားများ  မမြင်တွေ့နိုင်စရာ အကြောင်းမရှိ။ အကုန်လုံး စုံကန်းပိတ်နေသည့် သူတို့၏ ကြားနေမှုသည်လည်း သူတို့၏ နိုင်ငံရေးမှတ်ကျောက်။ ပြည်သူထဲကပြည်သူဖြစ်သော သူတို့၊၊ သူတို့ ဝင်မည့် ရွေးကောက်ပွဲတွင် ပြည်သူများထံမှာ မဲတောင်းခံရန်ရှိနေသော သူတို့။ ပြည်သူ့အကျိုးကို သယ်ပိုးရန် ဟူသော မစားရဝခမန်း စကားများ။ လိမ်ညာနေမှုများ။နိုင်ငံရေးသမား လုပ်ပြီးပြီး "ပြည်သူမှ ပြည်သူက ပြည်သူဆီသို့"(From the people, to the people„by the people)ကို မျက်ကွယ်ပြုနေသည်မှာ သူတို့နှင့်မဆိုင်၊ သူတို့၏ ကြားနေဝါဒများပေလော။ ထိုကြားနေဝါဒသည် မအလ ဂွတိုကို တစ်ဖက်လှည့် ထောက်ခံနေခြင်း၊ အမှားများ ဆက်လုပ်ရန် အားပေးနေခြင်းများသာ ဖြစ်သည်။

တဖန် အနှစ် ခုနစ်ဆယ်ကျော် တည်ဆောက်ထားပြီး ကမ္ဘာ့အဆင့် ၃၈ ရှိသည့် မြန်မာ့တပ်မတော်ကြီးကို စိတ်နှင့်တောင် မပစ်မှားနှင့် ဟူသော ဗိုလ်အောင်ကြီးစကားအတိုင်း အမှန်တရားကို သိသော်လည်း တိတ်တိတ်ကျိတ်ထောက်ခံနေသည့် ကြားနေများလည်း ရှိသည်။ သူတို့သည် ပြည်သူများ တောင်းဆိုနေသည့် ရုံးတက် ရုန်းမထွက်၊ CDM ကိုလည်း မလုပ်ရဲ။ Non-cdm အဖြစ်ကိုလည်း မဝန်ခံရဲ။ လူမသိသူမသိ လစာထုတ်။ အချို့မှာ ရင်ထဲက နီပါသည် စားဝတ်နေရေး ရှိနေ၍ မချစ်သော်လည်း အောင့်ကာနမ်းနေရပါသည်တဲ့။ တော်လှန်သူများ ကြားကောင်းစေရန် ကင်းကွာအဖြစ်နေသည့် ကြားနေကိုလည်း တွေ့ရသည်။ တနည်းဆိုသော် ဝန်ထမ်းနှင့် နိုင်ငံရေး မပတ်သက်ရဟူသော အလွဲအမှားကို အမိအရ ဆွဲစားနေခြင်းသာ ဖြစ်ပါသည်။

ရှိပြန်သေးသည်ကား ယခင်အခါများကဲ့သို့ မလုပ် မရှုပ် မပြုတ် သဘောတရားအတိုင်း.နေနေကြသည့် မအလ အာဏာရူး၏ ထိန်းချုပ်ခံမြို့ရွာများရှိ ပြည်သူများ။ တော်လှန်ရေးသမားများ၏ တိုင်းပြည်အနာဂတ် ကောင်းမွန်ရေးအတွက် စွန့်လွတ်စွန့်စား ဒုက္ခခံနေရသည်ကို မြင်တွေ့ကြားသိနေကြသည်။ ကြမ်းတမ်းဆင်းရဲမှုများကိုလည်း မခံနိုင်။ လက်ရှိ ပကတိနေနေရသော အခြေအနေများမှ စွန့်ခွာရန် ကြောက်နေကြသည်။ သာယာနေကြသည်။ တော်လှန်ရေးကို ခြေစုံပစ်ဝင်လျှင် အကြမ်းဖက်တပ်၏ ရက်စက်ယုတ်မာမှုများ ခံရမည်ကိုလည်း သိနေကြသည်။ ထိုသို့ အသာနေရင်း နောက်ဆုံး စစ်မှုမထမ်းမနေရ ဥပဒေလည်း ထုတ်လိုက်ရော ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင် ဘဝပျက်သွားကြသည်။ ရှေ့တန်းအမြန်သွား အမြန်သေ။ အသုံးချခံဘဝများ၊ ထိုးကျွေးခံဘဝများ၊ အနိုင်ကျင့်ခံဘဝများ၊ ခေါင်းငုံ့ခံ အကြောက်တရားများဖြင့်သာ အဆုံးသတ်သွားကြရသည်။ သူတို့၏ အသာနေ ကြားနေမှုကား အသေနာခြင်း၌သာ အဆုံးသတ်သွားကြရသည်။

ကြောက်၍သော် လည်းကောင်း၊ ဘက်လိုက်၍သော်လည်းကောင်း၊ အမှန် အမှားကို ခွဲခြားတတ်သော်လည်း အမှန်ကို မျက်ကွယ်ပြု၊ ထောက်ခံလိုက်နာရန်လည်း သတ္တိမရှိ။ လောလောဆယ်တွင် အကြမ်းဖက်တပ်၏ ရက်ရက်စက်စက် မညှာမတာ သတ်ဖြတ်နေမှုများကို ကြည့်၍ အကြောက်လွန် အကျပ်အတည်းကို ကြုံတွေ့နေရသည်မှာလည်း မှန်၏။ သို့သော် မည်သို့ ကျော်ဖြတ်ရမည်ကိုလည်း မစဥ်းစားဘဲ ကြားနေခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုတွေ့ရသည်မှာ ငြင်းနိုင်သူ ငြင်းကြပါလေ။ ကြားနေခြင်းသည် မိမိကိုယ်မိမိ မရပ်တည်နိုင်သည့် မူဝါဒ။ ထိုမူဝါဒသည် အာဏာရူးများ လုပ်သမျှကို ခေါင်းငုံ့ကျွန်ခံနေခြင်းနှင့်သာ တူသည်။

ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ပြောခဲ့သော ပုံပြင်လေးတစ်ပုဒ် ရှိသည်။ အာဏာရှင်ဘုရင် အုပ်ချုပ်သော တိုင်းပြည်တစ်ပြည်တွင် အင်ဂျင်နီယာတစ်ဦး ရှိသည်။ သူ့ကို ခေါင်းဖြတ်စက်တစ်ခု တီထွင်စေသည်။ တစ်နေ့ ထိုအင်ဂျင်နီယာသည် အာဏာရှင်ဘုရင်၏ ဖမ်းဆီးခြင်း ခံရသည်။တရားရုံးက ချမှတ်ခဲ့သည်မှာ သေဒဏ်။ နံနက်ဝေလီဝေလင်းတွင် ခေါင်းဖြတ်စက် ရှိရာသို့ ခေါ်သွားခဲ့သည်။ ခေါင်းဖြတ်စက် ရှေ့ထုတ်လာချိန် ထိုအင်ဂျင်နီယာရှေ့တွင် လူနှစ်ယောက် တွေ့ရသည်။တစ်ယောက်ကား ဆီကုန်သည်၊ တစ်ယောက်ကား ဆန်ကုန်သည်။ အင်ဂျင်နီယာက တတိယမြောက်။ ပထမဆီကုန်သည်ကို ဓားအောက်ဝင်ခိုင်းပြီး ခေါင်းဖြတ်စေ အမိန့်ချမှတ်သည်။ ခေါင်းဖြတ်စက်ကို ခလုတ်ဆွဲခဲ့သော်လည်း ကျွီအသံသာ ကြားလိုက်ရပြီး ဓားစက်ကြီးကား တုတ်တုတ်မလှုပ်။ ဆီကုန်သည် လွတ်သွားသည်။ ဒုတိယဆန်ကန်သည် အလှည့်။ ဆန်သည်သည်လည်း ပထမဆီကုန်သည်ကဲ့သို့ ဖြစ်ခဲ့ရာ လွတ်သွားပြန်သည်။ တတိယအင်ဂျင်နီယာမှာ သူ တီထွင်ခဲ့သော ဓားစက်ကိုကြည့်၍ ဓားစက်ကို ခေတ္တစစ်ဆေးပါရစေဟု ခွင့်တောင်းခဲ့ရာ စစ် ဆေးခွင့်ပြုခဲ့သည်။ တစ်နေရာတွင် ဝက်အူတစ်လုံး ချောင်နေ၍ ဓားစက်ကြီး ဆိုင်းသွားတာကို သိလိုက်ရသည်။အင်ဂျင်နီယာက ဝက်အူလှည့်ကို တောင်းယူပြီး ဝက်အူကို ပြင်ပေးလိုက်သည်။ ပြီးသော် အင်ဂျင်နီယာကို ဓားစက်အောက် ဝင်ခိုင်းပြီး ခလုတ်နှိပ်လိုက်ရာ ဓားသည် အင်ဂျင်နီယာခေါင်းကို တိခနဲ ဖြတ်လိုက်သည်။

ထိုအင်ဂျင်နီယာသည် ဦးနှောက်ကို သစ္စာမဖောက်။ ပညာရှင့်ကျင့်ဝတ်။ သို့သော် အာဏာရှင်များတွင် မိတ်ဆွေမရှိ ရန်သူသာရှိသည်။ အားလုံးကို ရန်သူလို မြင်နေတာကို ထိုအင်ဂျင်နီယာ ပညာပမာဒလေ ခသွားသည်။ ဆိုရသော် "ကြားနေ"များသည် မည်သို့ပင် ဆင်ခြေလက်ခြေများ ပေးပါစေ၊ မည်သို့ပင် အာဏာရှင်များကို ထောက်ခံပါစေ၊ မည်သို့ပင် အာဏာရူးများအကျိုးကို ဆောင်ရွက်ပါစေ၊ နောက်ဆုံး သူတို့ ထောက်ခံသော အာဏာရှင် အာဏာရူးများ၏ အသုံးချခံ၊စတေးခံဘဝများအဖြစ်သာ အဆုံးသတ်သွားရမည်သာတည်း။ 

အထက်ပါပုံပြင်ထဲက အင်ဂျင်နီယာလို ဖြစ်တတ်ကြောင်း ကြားနေများ နားမှနားလည်နိုင်ပါစ။နားလည်နိုင်သူများ ရုန်းထွက်နိုင်ပါစေသတည်း။ နားမလည်နိုင်သူများ အရှုံးသက်သက် အရှုံးဖက် ချေမွခံရမည်သာ ဖြစ်၏ဟူလို။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar