Breaking News

မငြိမ်းချမ်းသောကာလမှာ လုပ်မယ့် ငြိမ်းချမ်းရေး သဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် အထိမ်းအမှတ်

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၃ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၂၅

မငြိမ်းချမ်းသောကာလမှာ လုပ်မယ့် ငြိမ်းချမ်းရေး သဘောတူစာချုပ် NCA ၁၀ နှစ်ပြည့် အထိမ်းအမှတ်

လွန်ခဲ့တဲ့ ၁၀ နှစ် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့ မှာ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ ABSDF စုစုပေါင်း ၈ ဖွဲ့ နဲ့ မြန်မာနိုင်ငံအစိုးရဘက်က သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးခဲ့ကြတာပါ။ ၂၀၁၁ ခုနှစ် နှောင်းပိုင်းက စလို့ အပစ်အခတ်ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေးအတွက်ဆိုပြီး အလွတ် သဘောဆက်သွယ်စကားပြောဆိုမှုတွေ ဆွေးနွေးမှုတွေကနေ ၅ နှစ်နီးပါးအကြာ နောက်တကြိမ် ရွေးကောက်ပွဲမတိုင်ခင်မှာ အထက်ပါလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နဲ့ တနိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ လက်မှတ်ရေးထိုးတဲ့ လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ကို ကြည့်ရင် လူအင်အား ထိန်းချုပ်နယ်မြေ အကျယ်အဝန်းတွေ အရ KNU အဖွဲ့နဲ့ RCSS သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၂ ဖွဲ့ကသာ အဖွဲ့ကြီးရယ်လို့ ဆိုနိုင်ပါတယ်။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော်၊ KNU/KNLA (PC) နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်၊ ABSDF တို့ဟာ အင်အားအရရော ထိန်းချုပ်နယ်မြေ အကျယ်အဝန်းအရပါ ကြီးမားကျယ်ပြန့်မှုမရှိကြတာတွေ့ရပါလိမ့်မယ်။ 

၂၀၁၅ ခုနှစ်မှာ လက်မှတ်မရေးထိုးခဲ့ကြတဲ့အဖွဲ့တွေ အများအပြားကျန်ရှိသေးပြီး ၂၀၁၈ ခုနှစ်မှာ မွန်ပြည်သစ်ပါတီ MNSP နဲ့ လားဟူဒီမိုကရက်တစ်ယူနီယံ LDU တို့ ဒုတိယအသုတ်အနေနဲ့ NCA ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ NCA လက်မှတ်ရေးထိုးနိုင်ခဲ့တာကြောင့် ထိုစဥ်အခါကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့နီးစပ်လာပြီလားဆိုတဲ့မျှော်လင့်ချက်ရောင်ခြည် အတိုင်း အတာတခုထိ ရှိခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် နှစ်ဆန်းမှာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအဖြစ်တာဝန်ယူတဲ့အချိန်မှာ မြန်မာ နိုင်ငံငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်တွေပိုမို တောက်ပလာခဲ့ပါတယ်။ သို့ပေမဲ့ ငြိမ်း ချမ်းရေးညီလာခံတွေကျင်းပလာခဲ့တဲ့အခါမှာ စစ်တပ်ရဲ့သဘောထားနဲ့ နောက်ပိုင်း NLD အစိုးရကိုယ်၌က အချို့သောအကြောင်းအရာတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သဘောထားကွဲလွဲမှုတွေရှိလာတဲ့နောက် ငြိမ်းချမ်းရေးညီလာခံတွေရဲ့ရလဒ်က ရှေ့သိပ်မရောက်နိုင်ခဲ့တာ တွေ့ရပါတယ်။ 

NLD အစိုးရတာဝန်ယူတဲ့ ၂၀၁၆ ကနေ ၂၀၂၀ ခုနှစ်တွေအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေ မအောင်မြင်အောင် စစ်တပ်က ကန့်လန့်ခံထားတာကို ၂၀၂၀ ခုနှစ် သြဂုတ်လ ငြိမ်းချမ်းရေး ညီလာခံမှာ တပ်ချုပ် မင်းအောင်လှိုင် မိန့်ခွန်းပြောချိန်မှာ အထင်ရှားဆုံး မြင်တွေ့ခဲ့ကြရတာပါ။ ငြိမ်းချမ်းရေး ညီလာခံနဲ့ မလိုက်ဖက်တဲ့ စကားလုံးတွေသုံးပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ 

စစ်အာဏာမသိမ်းမီကာလက တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာ ပြန်ကြည့်ရင် ကချင်ပြည်နယ်၊ ကိုးကန့်ဒေသနဲ့ ရခိုင်ပြည်နယ် တို့ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲထားခဲ့တဲ့ KIA နဲ့ စစ်တပ်အကြား တိုက်ခိုက်မှုတွေက  ၂၀၁၁ ခုနှစ် ဇွန်လမှာ ပြန်လည်ထွက်ပေါ်လာခဲ့တာ ယခုအချိန်ထိဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အင်အားကြီးမားလာတဲ့ Arakan Army နဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ကိုးကန့်ဒေသက တော့ ၂၀၁၅ ခုနှစ် ဖုန်ကြားရှင် ဦးဆောင်တဲ့ MNDAA က စစ်တပ် အခြေချထားတဲ့ ကိုးကန့်ဒေသကို တိုက်ခိုက်ခဲ့ပြီး လအတန်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။ 

ဒီလိုနောက်ခံအနေအထားမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မှာ NLD အပြတ်အသတ်ထပ်မံ အနိုင်ရရှိပြီး ၃ လအကြာ  စစ်အာဏာသိမ်းမှုဖြစ်ခဲ့ရာက NCA စာချုပ်က ဘာမှအသုံးမဝင်တော့တဲ့ အရာတခု အဖြစ်ကိုရောက်ရှိခဲ့တာပါ။ အာဏာသိမ်းစစ်တပ်က အနေနဲ့ NCA စာချုပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့အတော်များများနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပေမယ့် အခြားတဖက်မှာလည်း NCA ကိုကိုင်စွဲထားသယောင် ဟန်ဆောင်ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖိတ်ခေါ်မှုတွေ အကြိမ်များစွာ ကြေညာကမ်းလှမ်းခဲ့ပေမယ့် အင် အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက ၂၀၂၁ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ကို ဘယ်လိုနည်းနဲ့မှမယုံကြည်နိုင်ကြတော့တဲ့အနေအထားရောက်ရှိသွားတာပါ။ 

နောက်တချက်ကတော့ အခုလို အာဏာသိမ်းစစ်တပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG, ဒေသအလိုက် ဖွဲ့စည်းတဲ့ PDF တပ်တွေ တပြိုင်တည်းတိုက်ခိုက်နေကြချိန်မှာ မိမိတို့ဒေသလွတ်မြောက်ရေးအတွက်တိုက်ခိုက်ဖို့ အကောင်းဆုံးသောအခွင့်အလမ်းအဖြစ် ရှုမြင်ထားကြတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာပဲ ရခိုင်၊ ကရင်နီ၊ ရှမ်းမြောက်ဒေသက ကိုးကန့်၊ တအာင်းလက်နက်ကိုင်နဲ့ ချင်းပြည်နယ်မှာ CNF၊ ကချင်မှာ KIA တပ်တွေက အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ပြီး မြို့တွေနဲ့ နယ်မြေတွေသိမ်းယူနိုင်ခဲ့ကြတဲ့အနေအထား ဖြစ်နေတာပါ။ 

ဒီလိုအချိန်မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေက ဘယ်လက်နက်ကိုင်အဖွဲ့ကိုမျှ ဆွဲဆောင်နိုင်မယ့် အလားအလာမရှိတာအမှန်ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုတာတွေက နိုင်ငံရေးလှည့်ကွက်၊ အသုံးချဖို့ အရာတခုအဖြစ်သာ လက်နက်ကိုင်အဖွဲ့တွေက မှတ်ယူနေကြမှာ ဖြစ်ပါတယ်။ 

နိုင်ငံရေး ပြဿနာကို အချိန်တချိန်ကျရင် သို့မဟုတ် နောက်ဆုံးအဆင့်ကျရင် စာပွဲဝိုင်းမှာ ဖြေရှင်းကြရမှာပဲ ဆိုတဲ့ ဆိုရိုးစကား ရှိပေမယ့်လည်း စာပွဲဝိုင်းမှာ မျက်နှာချင်းဆိုင်ထိုင်ကြတဲ့ အခြေအနေမှာ မိမိရဲ့ တပ်အင်အား၊ တိုက်ခိုက်သိမ်းယူနိုင်မှု စတဲ့ အချက်တွေကို လက်ဝယ်ဆုပ်ကိုင်ထားနိုင်မှ မိမိတို့လိုလားချက်တွေကို တဖက်ကလိုက်လျောလိမ့်မယ် ဆိုတဲ့ ယူဆမှု၊အစဥ်အလာတွေ ရှိတာကိုလည်း လျစ်လျူရှုလို့မရတဲ့ သဘောဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ၊ အပစ်အခတ်ရပ်စဲရေးတွေလို့ဆိုရင် ပြည်တွင်းက အင်အား အချက် အလက်တွေနဲ့ ချည်း တွက်ချက်လို့မရပဲ အိမ်နီးချင်းအင်အားကြီး တရုတ်နိုင်ငံရဲ့ ရပ်တည်မှု၊ မြန်မာ နိုင်ငံနဲ့ ဆက်စပ်နေတဲ့ ၄င်းရဲ့အကျိုးစီးပွားအတွက် ချမှတ်မယ့် မူဝါဒဆိုတာတွေကလည်း အရေးပါနေတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်အနေနဲ့ လတ်တလောပြန်လည်အားယူလာနိုင် ထိုးစစ်ဆင်လာနိုင်တာတွေမှာ အိမ်နီးချင်းတရုတ်နိုင်ငံရဲ့ထောက်ခံမှုက အများကြီးပါဝင်နေတာလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အနာဂတ်ကို ၁၀၀ ရာနှုန်းအဆုံးအဖြတ်ပေးနိုင်တယ်လို့တော့မဆိုနိုင်ပေမယ့် လမ်းကြောင်းတွေကွေ့သွားအောင် တန့်သွားအောင် ပြောင်းပြန်ပြန်လည် ရွေ့လျားအောင် အတိုင်းအတာတခုထိတော့ စွမ်းနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ 

၂၀၂၅ ခုနှစ် အစမှာပင်လျှင် ကိုးကန့်လက်နက်ကိုင်အဖွဲ့ကို စစ်ဆင်ရေးတွေ ရပ်တန့်အောင်၊ သိမ်းယူထားတဲ့ လားရှိုးမြို့ ပြန်လည်လက်လွှတ်အောင် တရုတ်နိုင်ငံ အနေနဲ့ စွမ်းဆောင်ခဲ့တာ တွေ့ရမှာပါ။ ယခုရက်ပိုင်း ကျင်းပမယ့် NCA ၁၀ နှစ်ပြည့် အထိမ်းအမှတ်နဲ့ ငြိမ်းချမ်းရေး စကားဝိုင်း/ ဖိုရမ်တွေကို တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ UWSA ၊ NDAA (မိုင်းလား) အဖွဲ့၊ SSPP/SSA တို့ တက်ရောက်ဖို့ သဘောတူခြင်းဟာ တရုတ်နိုင်ငံရဲ့  ဖိအားကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မြန်မာစစ်တပ်ဟာ အခုလို NCA စာချုပ်ကို ဆက်လက် ဆုပ်ကိုင်ထားဦးမယ်သာ ဆိုရင် မျက်မှောက် စစ်ရေး နိုင်ငံရေးအခြေအနေတွေနဲ့ ကိုက်ညီခြင်း မရှိတော့တာမို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၏ လက်ခံမှုကို အပြည့်အ၀ရရှိမှာ မဟုတ်ပါဘူး။ ထို့အတူ ၂၀၀၈ အခြေခံဥပဒေကိုကိုင်စွဲပြီး နောက်တကြိမ် ရွေး ကောက်ပွဲလုပ်ပြန်ရင်လည်း စစ်ရေးကော နိုင်ငံရေးအရပါ လက်လွှတ်ထားရတဲ့နယ်မြေတွေ အများအပြားရှိတာအပြင် လူထု၏လက်ခံမှု၊ ထောက်ခံမှုအပြည့်အ၀မရှိတာကြောင့် ရွေးကောက်ပွဲရလဒ်က သေချာခြင်း မရှိဟု ဆိုနိုင်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar