Breaking News

ဆိုရှယ်မီဒီယာခေတ်ရဲ့ အကျိုးသက်ရောက်မှုတွေ

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၁ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၅


ဆိုရှယ်မီဒီယာခေတ်ရဲ့ အကျိုးသက်ရောက်မှုတွေ

ပြီးခဲ့တဲ့ ၂ ရက်ဝန်းကျင်က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ရှိတဲ့ စတိုးဆိုင်တဆိုင်မှာ အသက် ၄/၅ နှစ်အရွယ် ကလေးငယ်တဦးကို ခေါ်လာတဲ့ အမျိုးသမီးတဦးက စတိုးဆိုင်က ပစ္စည်းခိုးယူတယ်ဆိုတဲ့ စွပ်စွဲခံရကာ လမ်းမပေါ်ရှိ ဓါတ်တိုင်မှာ ကြိုးနဲ့ချည်ပြီး ခြိမ်းခြောက်ပြောဆိုတဲ့ အဖြစ်အပျက်ဗီဒီယို လူမှုကွန်ရက်မီဒီယာတွေပေါ် ရောက်ရှိလာပါတယ်။  

ဒီဗီဒီယိုထဲမှာ ပစ္စည်းခိုးယူတယ်လို့ စွပ်စွဲခံရသူ အမျိုးသမီးကို ဆိုင်ပိုင်ရှင်က ဓာတ်တိုင်မှာ ကြိုးနဲ့ ချည်ထားဖို့ ညွှန်ကြားတာ၊ ကလေးပါ တပါတည်း အမျိုးသမီးနဲ့အတူ ကြိုးနဲ့ ချည်ခံထားရပြီး ငိုယိုနေတဲ့ အဖြစ်၊ ရေနွေးနဲ့ လောင်းမယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေက ကြည့်ရှုသူတွေရဲ့ စိတ်နှလုံးကို ထိခိုက်စေပြီး ဒီဗီဒီယိုက နေ့ချင်း ပျံ့နှံ့ကာ မြန်မာဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ကြည့်ရှု၊ မှတ်ချက်ပေး၊ မျှဝေမှုအများဆုံး အကြောင်းအရာ တခုဖြစ်လာခဲ့ပါတယ်။ 

ဒီဗီဒီယို ထွက်ပေါ်ပြီး နောက်တရက်မှာတော့ ပစ္စည်းခိုးယူတယ်လို့ စွပ်စွဲခံရသူ အမျိုးသမီး၊ ကြိုးတုပ် ခြိမ်းခြောက်သူ ဆိုင်ရှင်အမျိုးသမီးတို့ကို ရဲစခန်းက ခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းတွေ တက်လာသလို ကြိုးတုပ်ကာ ခြိမ်းခြောက်ခံရတဲ့ အမျိုးသမီး၊ ကလေးငယ်တို့ကိုလည်း ကူညီဖို့ လုပ်ဆောင်ကြတဲ့ ဆိုရှယ်မီဒီယာမှာ လူသိများသူ နဲ့ အခြားသော ကူညီလိုသူတွေက အသီးသီး အသက်ဝင်လှုပ်ရှားလာကြတာ တွေ့ရပါတယ်။ 

ဒီအဖြစ်အပျက်မှာ အများစုက အဆိုပါ စွပ်စွဲခံရတဲ့ အမျိုးသမီးက ခိုးမှုကျူးလွန်တယ်ဆိုသည့်တိုင် အခုလို ဓာတ်တိုင်မှာ ကြိုးနဲ့ ချည်ပြီး နှိပ်စက် ခြိမ်းခြောက်မှု လုပ်ခွင့်မရှိကြောင်းနဲ့ ကလေးငယ်ကိုပါ အမျိုးသမီးနဲ့အတူ ကြိုးနဲ့ချည်ပြီး ညှဉ်းပန်းမှုက အတော့်ကို လွန်လွန်ကျူးကျူး လုပ်ဆောင်မှုအဖြစ် မြင်ကြပါတယ်။ အချို့သောသူတွေကတော့ မကြာခဏ ပစ္စည်းခိုးယူခံရတဲ့ ဆိုင်ရှင်ဘက်ကို ကိုယ်ချင်းစာနာပြီး စိတ်လိုက်မာန်ပါ လုပ်လိုက်မိတယ်ဆိုတဲ့ အမြင်မျိုး၊ ပစ္စည်းခိုးယူတာ မိသွားခဲ့ရင်တောင် ကလေးနဲ့ အကာအကွယ်ယူတယ်ဆိုတဲ့ အမြင်နဲ့ ဝေဖန်ပြောဆိုကြတာ တွေ့ကြရပါတယ်။ ကလေးတွေကို အကာအကွယ်အဖြစ် ယူပြီး ခိုးမှုကျူးလွန်နေသူတွေ၊ ကလေးငယ်တွေကို လမ်းမှာ တောင်းရမ်းခိုင်းတဲ့ အဖွဲ့တွေ၊ ကလေးအရွယ် မိမိသားသမီးတွေကို တောင်းရမ်းသူတွေထံ ငှားရမ်းတဲ့ အဖြစ်တွေရှိနေတယ်ဆိုတဲ့ ပြောဆိုဝေဖန်မှုတွေနဲ့ အခုဖြစ်ရပ်မှာ မကြာခဏ ပစ္စည်းပျောက်ရှတဲ့ ဆိုင်ရှင်ကို ကိုယ်ချင်းစာတဲ့ ရှုထောင့်က ဝေဖန်သူ၊ သူခိုးအားပေး အဖြစ်မရောက်သင့်ဘူးလို့ ဝေဖန်သူအချို့လည်း ရှိနေကြတာ တွေ့ရပါတယ်။ 

ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်လာနေပြီး အလုပ်အကိုင်ရှားပါးတဲ့ ဒီနေ့ခေတ်ကာလမှာ ခက်ခဲကျပ်တည်းလာတာကြောင့် ခိုးမှုတွေ၊ တောင်းရမ်းစားသောက်သူတွေ များပြားလာတယ်လို့ ရှုမြင်ကြသူတွေက ခေတ် အခြေအနေကို အပြစ်တင်ပြီး အခုဖြစ်ရပ်မှာ စွပ်စွဲခံရသူ အမျိုးသမီး အနေနဲ့ အမှန်တကယ် ခိုးယူတယ်ဆိုရင်တောင် ခေတ်စနစ်ကို အပြစ်တင်ရမှာ ဖြစ်တယ်လို့ အမြင်ရှိသူတွေလည်း အများအပြားရှိပါတယ်။ စစ်အာဏာသိမ်းခဲ့တာကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်း၊ စစ်မက်ဖြစ်ပွားပြီး လူထုကြပ်တည်း ဒုက္ခရောက်နေကြရတဲ့ လက်သည် အစစ်က အာဏာသိမ်းတဲ့ စစ်တပ်သာ ဖြစ်တယ်ဆိုတဲ့ အယူအဆရှိသူ၊ အရင်းရှင်စနစ်မှာ တန်ဖိုးကြီးကြီးမားမား မဟုတ်တဲ့ ပမာဏ ခိုးယူသူတွေကိုသာ တရားခံအဖြစ် ဖေါ်ထုတ် အပြစ်ပေးနိုင်ကြပေမယ့် လုပ်အားခေါင်းပုံဖြတ်သူ၊ နိုင်ငံရေး အာဏာ၊ လုပ်ပိုင်ခွင့်တွေ အသုံးချပြီး ကိုယ်ကျိုးရှာ၊ အလွဲသုံးစားလုပ်သူ အာဏာပိုင်တွေ၊ ၄င်းတို့နဲ့ ပူးပေါင်းပြီး အလုပ်သမား လူထုကို ခေါင်းပုံဖြတ်သူတွေကို အရေးယူနိုင်တဲ့ ဥပဒေ၊ တရားစီရင်ရေးစံနစ် မရှိတဲ့ အကြောင်း ထောက်ပြဝေဖန်သူတွေလည်း အနည်းစု တွေ့ကြရပါတယ်။ 

နောက်ရှုထောင့် တခုကတော့ အုပ်ချုပ်တဲ့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေးတွေကို ကြပ်ကြပ်မတ်မတ် မလုပ်ဆောင်နိုင်တာ၊ လာဘ်စားတာတွေကြောင့် အစိုးရရဲ့ တရားစီရင်ရေး ကို မယုံကြည်တော့ပဲ ဥပဒေ ချိုးဖောက်တဲ့ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုတွေကို ဖမ်းဆီးရမိတဲ့အခါ လူအုပ်စုနဲ့ တရားစီရင်ကြတာက မှန်ကန်တယ်ဆိုတဲ့ ရှုမြင်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ အခု လှိုင်သာယာ အဖြစ်အပျက်မှာလည်း ဆိုင်ပိုင်ရှင် အမျိုးသမီးအနေနဲ့ ကလေးငယ်ပါ ရောပြီး ကြိုးနဲ့ ချည်ဖို့ စေခိုင်းတာကလွဲရင် အခုလို လုပ်ဆောင်တာ မှန်တယ်၊ ကိုယ်ချင်းစာတယ်ဆိုတဲ့ အမြင်ရှိသူ အချို့လည်း တွေ့ရပါတယ်။ 

အချို့ကတော့ ကလေးငယ်နဲ့ ခိုးမှုစွပ်စွဲခံရသူ အမျိုးသမီးကို စာနာတဲ့သူတွေအားလုံးကို သူခိုးအားပေး ဆိုတဲ့ စွပ်စွဲ အပြစ်တင်တာတွေလည်း တွေ့ကြရပါတယ်။ လူမှုကွန်ရက် မီဒီယာ သုံးစွဲသူတွေအကြား အမြင်အမျိုးမျိုး ချဥ်းကပ်ပုံ အမျိုးမျိုးရှိနေကြသည့်တိုင် ကလေးငယ်ကိုပါ ညှဉ်းပန်းနှိပ်စက်တာကိုတော့ တိုက်ရိုက် ထောက်ခံအားပေးသူ မတွေ့ရပါဘူး။ ကလေးငယ်အနေနဲ့ အသုံးချခံရတယ်၊ ဒီလို ကလေးငယ်တွေကို အသုံးချနေတဲ့ ဂိုဏ်းတွေ အုပ်စုတွေကို အရေးယူ နှိမ်နှင်းသင့်တယ်လို့ ဝေဖန်ထောက်ပြကြတာလည်း တွေ့ရပါတယ်။ 

အမြင်အမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးကို စေ့ငုကြည့်ရင် ဆင်းရဲမွဲတေမှု နဲ့ တရားဥပဒေ မစိုးမိုးမှုက ခုပြဿနာရဲ့ အရင်းအမြစ် ဖြစ်နေတာပါ။ ဆင်းရဲမွဲတေမှုကို မဖြေရှင်းနိုင်ရင် ခိုးမှု၊ တောင်းရမ်းစားသောက်မှုတွေက ပိုမိုကျယ်ပြန့်လာတဲ့ ပြဿနာဖြစ်နေမှာ သေချာသလို တရားဥပဒေ စိုးမိုးမှုမရှိခြင်းကလည်း အခုလို ခိုးယူမှုတွေ၊ တောင်းရမ်းမှုတွေမှာ ဂိုဏ်းဖွဲ့ ကျူးလွန်တာ၊ အုပ်စုဖွဲ့ ကျူးလွန်တာတွေ ကလေးသူငယ်တွေကို နှိပ်စက်စေခိုင်းတာ အသုံးချတာတွေ ရှိနေမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ ဆိုရှယ်မီဒီယာခေတ်ရဲ့ မကောင်းတဲ့ အကျိုးဆက်တခု လက္ခဏာတခုကလည်း အခုလို လူစိတ်ဝင်စားတဲ့ ကိစ္စရပ်တခု ဖြစ်ပွားတိုင်း မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ jargon လို့ ခေါ်ဆိုတဲ့ ဘာသာရပ်ဆိုင်ရာ စကားလုံး တခုဖြစ်တဲ့ poverty porn ဆိုတဲ့ အခေါ်အဝေါ် ရဲ့ အဓိပ္ပာယ်က ဆင်းရဲနွမ်းပါးတဲ့ သူတွေကို အလှူပေးပြီး မိမိရဲ့ အမည်၊ ဂုဏ်သတင်းကို ထင်ပေါ်ကျော်ကြားအောင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ မြန်မာတွေ အမည်ပြောင်ပေးတဲ့ ‘ဆင်းရဲသားကား' ဆိုတာ တကယ်ပဲ ဆိုရှယ်မီဒီယာမှာ ခေတ်စားတယ်လို့ ပြောရမှာပါ။ 

လူစိတ်ဝင်စားတဲ့ ဖြစ်ရပ်တွေ လူမှုကွန်ရက်မီဒီယာမှာ ပေါ်ထွက်လာပြီဆိုတာနဲ့ တပြိုင်နက် အဆိုပါ အာရုံစိုက်ခံရသူက ငွေကြေး၊ နေစရာ၊ ဆေးဝါး၊ ပညာသင်ကြားရေး စတဲ့ အကူအညီတွေ မတည်ထည့်ဝင်ပြီး လူသိရှင်ကြား ကြော်ငြာကြတာ၊ ကယ်ဆယ်ကူညီမှု လုပ်ပြီး မိမိနာမည် မိမိတို့အဖွဲ့နာမည်ကို ပိုပြီးလူသိများအောင် လုပ်ဆောင်ကြတဲ့ အလေ့အထ ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှု ပြဿနာ၊ တရားဥပဒေ မစိုးမိုးမှု ပြဿနာရဲ့ အကြောင်းရင်း ၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ ပြဿနာကို အကြောင်းရင်းကို ဖယ်ရှားဖို့ ဝိုင်းဝန်းနှိုးဆော် လုပ်ဆောင်တာထက် ပြဿနာဖြစ်ပွားသူ တဦးတယောက်ကိုသာ ကူညီပြီး နာမည်ကြီးအောင် လုပ်တာ၊ မိမိရဲ့ ဆန္ဒကျေနပ်မှုကို ခံစားရှာဖွေကြတာမျိုး ဖြစ်ပါတယ်။ တနည်းအားဖြင့် မိမိရဲ့ အတ္တကို အရောင်လက်အောင် လုပ်တဲ့ သဘော၊ ရည်ရွယ်ချက်လို့လည်း ဆိုနိုင်ပါတယ်။ 

ဒီလို လုပ်နည်းလုပ်ဟန်တွေက အရင်းရှင်စနစ်မှာ စျေးကွက်မြှင့်တင်ရေး နည်းနာတွေထဲက တခုလို့လည်းဆိုနိုင်ပါတယ်။ အရင်းရှင်စနစ်ရဲ့ ဖောက်ပြန်မှုတွေအနက် မိမိတို့ ကုမ္ပဏီ၊ ထုတ်ကုန်ပစ္စည်း၊ လူပုဂ္ဂိုလ်ကို လူသိများ ထင်ရှားအောင် ကြော်ငြာဖို့ အတွက်ဆို သေဒဏ်စီရင်ခံရသူ ကိုတောင် ချဥ်းကပ်ပြီး အခကြေးငွေပေးကာ ကြော်ငြာခိုင်းတယ် ဆိုတာမျိုး အထိ လုပ်ဆောင်ကြတယ်လို့ ဆိုရိုးစကားလည်း ရှိခဲ့တာပါ။ 

ပြဿနာ အရင်းအမြစ်ကို ဖြေရှင်းနိုင်ဖို့ထက် လတ်တလော အကျိုးအမြတ်ကိုသာ ဦးစားပေးတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ အခု လှိုင်သာယာ ဖြစ်ရပ်က ယိုယွင်းပျက်စီးနေတဲ့ တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲမွဲတေမှုနဲ့ ဆိုရှယ်မီဒီယာခေတ်ရဲ့ မကောင်းတဲ့ အကျိုးဆက်ဖြစ်တဲ့ ငါးပွက်ရာ ငါးစာချပြီး လူတဦချင်း သို့မဟုတ် အဖွဲ့အစည်းတွေရဲ့ ဂုဏ်သတင်းကို တောက်ပြောင်အောင် တိုက်ချွတ်ကြတဲ့ ဓလေ့တွေကို မီးမောင်းထိုးပြ သလိုရှိနေတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar