Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၅ )

Art Saw Ngo




အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၅၅ )

(မိုးမခ) အောက်တိုဘာ ၂၂၊ ၂၀၂၅

21/10/25 Diary in the darkness, Tuesday


ပြသနာများရင် ဖြေရှင်းတဲ့နည်းလမ်းတွေလဲ အများကြီးရှိမှာပါ


မနေ့က တနေကုန်နေပူ။ သန်းခေါင်လောက်မှာ မိုးကြီးသည်းထန်စွာရွာ။ ဒီနေ့ တနေကုန် နေပူ။ တနေ့က စမ်းချောင်းဘက်မှာ ငလျှင်လှုပ်။ လူတွေထိပ်ထိပ်ပြာပြာဖြစ်။ တိုက်ပေါ်က ဆင်းပြေးကြ။ လမ်းထဲမှာ ရုပ်ရုပ်သဲသဲဖြစ်။  ဓာတ်ပုံတွေ လူမှုကွန်ယက်ပေါ်တက်လာ။

အာစီယံအစည်းဝေး ထရမ် တက်ရောက်မယ်။ မြန်မာတက်ရောက်ခွင့် ရမရ မသေချာ။ စည်းဝေးတက်ရောက်ခွင့်ရသူများစာရင်းမှာ မြန်မာပါမလာ။

မိုးကုတ်အရှေ့ပိုင်း စကမ က ဗုံးကြဲ။ လူအသေအပျောက်ရှိ။ မိုးကုတ်ဂေါက်ကွင်းမှာ  မြေလှန်ကျောက်တူးနေကြတဲ့ ဓာတ်ပုံတွေလဲ FB မှာတင်ထားတာတွေရတယ်။

သံတွဲနဲ့ဂွမှာ ငါးဖမ်းခွင့် အေအေပိတ်။ ထန်းရှောက်ခံကျေးရွာ မူဆလင်များအသတ်ခံရမှုကို စစ်ဆေးရန် ကုလကို အေအေဖိတ်ကြား။ စကမ ရဲ့ နတ်ရေကန်ဗျူဟာကုန်းကို အေအေက အပြီးအပိုင်ရှင်းလင်းနေ။ စကမ တပ်သားတွေအစုလိုက်အပြုံလိုက် လက်နက်ချတဲ ဗီဒီယိုဖိုင်တွေတက်လာ။ တန်းစီထိုင် အင်္ကျီချွတ် ဖင်ဗူးထောင်းထောင် လက်နက်ချနေတဲ့ စကမ တပ်သားတွေမြင်မကောင်း။ 

ကလေးဘက်မှာလဲ စကမက ထိုးစစ်ပြင်။ မြဝတီမှာရှိတဲ့ ကေကေပတ် ကျားဖြန့် လောင်းကစားဝိုင်းကို စကမ က ဝင်ဖမ်း။ လူနှစ်ထောင်ကျော် မိ။ လောင်းကစားဝိုင်းကို တာဝန်ယူထားတဲ့ BGF နဲ့ ဝင်ဖမ်းတဲ့ စကမရဲ့ လုပ်ဇာတ်လို့ မီဒီယာတွေအများစုက ဖေါ်ထုတ်ကြတယ်။ 

သူငယ်ချင်းတွေဆုံမိတဲ့ လက်ရည်ဝိုင်းမှာ ပြောဖြစ်ကြတယ်။

သူငယ်ချင်းတစ်ယောက်က ဒီလောက်ပြသနာများနေရင် ပြန်နလံထူဖို့မလွယ်ဘူးလို့ပြောပါတယ်။ သူငယ်ချင်းတစ်ယောက်က ပြသနာများရင် ဖြေရှင်းတဲ့နည်းလမ်းတွေလဲ အများကြီးရှိမှာပါလို့ အားပေးတယ်။ 

ဒီလိုနဲ့ တစ်နေ့ကုန်သွားပြန်ပါပြီ။

အန်ကယ်တူမီး

21/10/25



အခန်းဆက်တွေ ဖတ်ချင်ရင်တော့

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar