ရန်လင်းအောင် - လူခြေတိတ်ချိန်
ရန်လင်းအောင် - လူခြေတိတ်ချိန်
မိုးမခ၊ အောက်တိုဘာ ၂၄ ၊ ၂၀၂၅
စကားပုံဝဲသြဃကြီးရဲ့အလယ် တလည်လည်
ထွင်းဖောက်ပျံသန်းရအောင်ကလည်း
ကောင်းကင်ကိုစမ်းသပ်တီထွင်ရဦးမယ်
ဘဝသရုပ်ဖော်ဇာတ်လမ်းတွေကျဆုံးပါစေ
ကြုံရတယ်
ကြုံသလိုမျက်နှာထားတွေ
ကြုံရတယ်
မျက်နှာတွေ ဘယ်မှာ မေ့ကျန်နေခဲ့ကြသလဲ
ကမ္ဘာကိုကိုင်လှုပ်တဲ့
ထမင်းနပ်မှန်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို
ကမ္ဘာက ပြန်မလှုပ်နိုင်ဘူး
နာရီကိုကြည့်တော့ ခြေရာနဲ့ခြေဖဝါး
တိုက်ဆိုင်စစ်ဆေးရခက်တဲ့အချိန်
ဖိနပ်နောက်မြီးတိုတွေကို ကောက်စီးတဲ့သူကစီး
ကျွဲတဖက် နွားတဖက်ဟာ ဖက်ရှင်ဖြစ်လိုဖြစ်
ခုန်ခုန်ပြီးပြောစရာမလိုပါဘူး
စကားတွေကိုယ်တိုင်က ခုန်ပြီး တုန်ပြီးသား
အရပ်သားအဘိဓမ္မာဟာ ဆွံ့အ
လရောင်ပေါ် မှေးရီလို့
ကိုယ့်မြေနဲ့ ကိုယ့်ခြေသံဟာ ခပ်ချေချေ ဖြစ်နေတော့
ဝမ်းနည်းမဆုံးဖြစ်ရတယ်
ဝမ်းထဲက တဂွီဂွီထအော်မဆုံးဘူး
တထောင်ဖိုး သုံးသက်ဆိုတာ မင်းမို့လို့
လျှော့ပေးထားတာတဲ့
ပွက်ပွက်ဆူပွဲရှာနေတဲ့ နှုတ်ဆိတ်မှုကိုတော့ဖြင့်
ကိုယ် ကိုယ်ချင်းမစာနိုင်တော့ဘူး
ကိုယ် အတူမနေချင်တဲ့ အိပ်မက်ကြီးကို
Delivery လုပ်ခဲ့တာ ကောသလမင်းတယောက်တည်း တော့ဟုတ်ဟန်မတူ
ကိုယ်တို့မှာ အပ္ပိယေဟိ သမ္ပယောဂေါကြီး
ကိုဖြစ်ကရော -
အရှင်ဘုရား
ဒီအိပ်မက်စုန်ရာကြီး ကောသလနဲ့ ဆိုင်ရာပိုင်ရာကိုသာ
ပြန်ပို့ပေးတော်မူပါဘုရား
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar