Breaking News

အာဏာရှင်တွေ လက်အောက်မှာ အရင်ဆုံးကျဆုံးရတာ ပြက်လုံးတွေဖြစ်တယ်လို့ ထရယ်ဗာနိုရာ က ပြောလိုက်ပြီ

အာဏာရှင်တွေလက်အောက်မှာ အရင်ဆုံးကျဆုံးရတာ ပြက်လုံးတွေဖြစ်တယ်လို့  
ထရယ်ဗာနိုရာက ပြောလိုက်ပြီ

နိုင်ငံတကာသာဂိ 

(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၅


လက်ရှိနိုင်ငံတကာမှာကော အမေရိကားကိုယ်တိုင်က ပေါ့ပေါ့ပါးပါး မရယ်မောနိုင်တော့ဘူး။ လူရွှင်တော်တွေရဲ့ ပြက်လုံးတွေကို ရာဇဝတ်မှုတွေလို သဘောထားကြတယ်။ CBS TVက လူရွှင်တော် Cobert ရဲ့ ဟာသဆည်းဆာရုပ်သံအစီအစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ABC က လူရွှင်တော်  Kimmle ကိုလည်း ဖျက်သိမ်းဖို့ ကြိုးစားတယ်။ ပရိသတ်က အုံကြွကန့်ကွက်လို့ အခုတော့ ပွဲအစီအစဉ်ကို ပြန်ထည့်ပေးထားပါတယ်။ 

သည်အချိန်မှာ Comedy Central ကနေ အနားယူသွားတဲ့ နာမည်ကြီး ပါရမီရှင် လူရွှင်တော် Trevor Noah က ကမ္ဘာလှည့်ပြီး လူရွှင်တော်တကိုယ်တော်ပွဲတွေနဲ့ ဖျော်ဖြေနေတယ်။ သိပ်မကြာခင်က အာဏာရှင်ဆော်ဒီအာရေးဗျနိုင်ငံတော်က လူရွှင်တော် ပွဲတော် ဖိတ်လို့ သွားပြီး အခြားကမ္ဘာကျော် လူရွှင်တော်တွေနဲ့ ပြက်လုံးတွေ သွားပြက်ကြသေးတယ်။ အဲသည်ပွဲအကြောင်းကို ထရီဗာနိုရာက သူ၏ တကိုယ်တော်ပွဲမှာ ပြက်လုံးထုတ်ရင်း စဉ်းစားစရာ ဟောပြောချက်တခုကို ပေးခဲ့တယ်။ ဒါကို အခု နားလည်မိသလောက် ပြန်ရေးလိုက်ပါမယ်။ 

သူပြောတဲ့အချိန်ဟာ အမေရိကားမှာ လက်ယာစွဲ အစွန်းတရားဖြန့်ချိရေးသမား Charlie Kirk ဆိုသူကို သူ့လိုပဲ လက်ယာစွန်းလူငယ်တဦးက သေနတ်နဲ့ ပစ် လုပ်ကြံလိုက်တဲ့ အချိန်ဖြစ် တယ်။ အဲသည်  လက် ယာစွန်း ကပ် သေလို့ အမေရိကန်သမ္မတ ထရန်ံ့နဲ့ လက်ယာစွဲတွေ ဒေါသပုန်ထကြတယ်။ သေသူကို ဝေဖန်ရင် အလုပ်ဖြုတ်ပစ် မတရားသင်းကြေညာပစ် အရေးယူပစ်လို့ အော်ဟစ် ခြိမ်းခြောက်ကြတယ်။ လူပြက်တွေကို ပြက်လုံးထုတ်လို့ အလုပ်က ထုတ်ပစ်ကြတယ်။ လူတွေလည်း Kirk သေတာအပေါ် သူတို့အမြင် သဘောထားထုတ်ဖော်လို့ အလုပ်ဖြုတ်ပစ်ခံရတယ်။ 

သည်တော့ ထရီဗာက ဘာပြောလဲဆိုတော့ - အာဏာရှင်လက်အောက်မှာ ပထမဆုံးကျဆုံးရတာ ပြက်လုံးတွေ ဖြစ်တယ်လို့ ဆိုလိုက်တယ်။

သူက သူမွေးဖွားရာ တောင်အာဖရိကနိုင်ငံနဲ့ နှိုင်းယှဉ်ပြောတယ်။ သူတို့နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိဘူး။ ပြက်လုံးထုတ်သူတွေ ဟာသပြောသူတွေဟာ နေ့မြင် ညပျောက် ဖြစ်ကြရတယ်။ ထောင်တန်တဲ့ပြက်လုံးကို ထုတ်မိရင် ထောင်ကျတော့တာပဲလို့ သူက ပြောပြတယ်။ အခုချိန်မှာ အမေရိကန်မှာလည်း သည်အတိုင်းဖြစ်နေတယ်လို့ ထောက်ပြတယ်။ အမေရိကန်လူရွှင်တော်တွေလည်း အကန့်အသတ်ခံနေရတယ်။ တချို့လူတွေအကြောင်း တချို့ အဖြစ်အပျက်တွေအကြောင်းကို ဟာသမလုပ်ရဲကြတော့ဘူး။ သူတို့ကို ဖျက်သိမ်းတာ၊ လက်တုံ့ပြန်တာတွေကို စိုးရိမ်နေရတဲ့ အဖြစ်ရောက်နေတယ်လို့ ထောက်ပြပါတယ်။ အဲသည် လက်ယာစွဲ အစွန်းတရားဖြန့်ချိသူ ချာလီကပ်အကြောင်း လူရွှင်တော် ဂျင်မီကင်မယ်က ဘာမှ ထူးထူးခြားခြား ပြောတာ မရှိပါဘူး။ သူ့သတင်းကို သူ့အစီအစဉ်မှာ ထုတ်ပြောလိုက်တာလေး ရှိတာပါ။ ဒါကို အစွန်းရောက်တွေက ဒေါသပုန်ထကြတယ်။ စော်ကားတယ်လို့ ယူဆကြတယ်။ ထရီဗာက ဘာပြောသလဲဆိုတော့ - နိုင်ငံရေးသမားတွေက အစွန်းရောက်စကားတွေ ပြောရင်၊ လူတွေကို မခံမရပ်နိုင်အောင် ပြောရင် - ဘာမှ မဖြစ်ဘဲ၊ လူရွှင်တော်တွေ ပြက်လုံးထုတ်ရင်တော့ မခံမရပ်နိုင်ဖြစ်ကြတာ၊ ဒေါသပုန်တွေ ထကုန်ကြတာ - မဖြစ်သင့်ပါဘူးတဲ့။ လူရွှင်တော်တွေက နိုင်ငံရေးသမားတွေထက် ပိုပြီး ကြီးကျယ်မြင့်မြတ်နေကြလို့လား တဲ့။

ဆောဒီအာရေးဗျကလည်း အလုံးစုံပွင့်လင်းလွတ်လပ်ခြင်း မရှိပါဘူးလို့ ထရီဗာက ထောက်ပြပါတယ်။ သူတို့ လူရွှင်တော်တွေကိုဖိတ်ပြီး ပြက်လုံးပွဲတော် လုပ်တာကို လူတွေက ဝေဖန်ကြလို့ သူက ပြန်ဖြေကြားတာပါ။ ဆော်ဒီအစိုးရက ပိုက်ဆံတွေ ပေးပြီး လူရွှင်တော်တွေကို လာဖို့၊ ပြက်လုံးတွေ ထုတ်ဖို့ ဖိတ်တာဆိုတော့ လူပြက်တွေကိုယ်တိုင်ကလည်း မိမိဖာသာ ဆင်ဆာလုပ်ပြီး ပြက်လုံးထုတ်ကြရတာမျိုးတော့ ဖြစ်နိုင်တယ်လို့ ဝန်ခံပါတယ်။ ဆော်ဒီမှာ လူရွှင်တော်တွေ ကာတွန်းဆရာတွေ အဖိနှိပ်ခံရတယ်။ မိန်းမတွေ ကားမောင်းလို့ မရဘူး။ အတိုက်အခံနိုင်ငံရေးသမားတွေ အကြမ်းဖက်ခံရတယ်။ လက်စတုံး ဖျောက်ဖျက်ခံနေရတယ်လို့ သူက ပြောပါတယ်။ 

ထရီဗာက အဲသည်မှာ ဘာကိုထောက်ပြသလဲဆိုတာ့ ဆော်ဒီဟာ ခုချိန်အထိ မလွတ်သေးဘူးဆိုတာ မှန်သလို အခု အမေရိကားကိုယ်တိုင်ကလည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးနေပြီ ဖြစ်တယ်ဆိုတာ သတိပြုကြဖို့ လိုပါတယ်တဲ့။ လူတွေက ဟာသတွေ ပြက်လုံးတွေ မထုတ်ရဲတော့ဘူး။ သူတို့ အလုပ်တွေ အဖြုတ်ခံရနိုင်တယ်။ အစီအစဉ်တွေ ဖျက်သိမ်းခံရနိင်တယ်။ လက်တုန့်ပြန် တိုက်ခိုက်တာ ခံရနိုင်တယ်ဆိုပြီး စိုးရိမ်နေကြရပါတယ် တဲ့။ အမေရိကားမှာ ဒါမပြောရ ဒါမပြက်ရလို့ ခြိမ်းခြောက် ဟိန်းဟောက် အရေးယူနေချိန်မှာ ဆော်ဒီက လူပြက်တွေကို စင်ပေါ် တင်ပြီး ပြက်လုံးတွေ ပြက်ကြပါလို့  ဖိတ်ခေါ်နေတာ၊ အနည်းဆုံးတော့ အကန့်အသတ်လေးကနေ ခွင့်ပြုထားတာဟာ အမေရိကန်အတွက် ပြက်ရယ်ပြုခံရစရာ ကိုယ်တိုင် ဖြစ်နေတယ်လို့ ဆိုလိုက်ပါတယ်။

ထရီဗာက ပြောပါတယ်။ ပြက်လုံးက လူမသတ်ဘူး၊ ကျည်ဆံက လူသတ်တယ်။ လူရွှင်တော်တွေဟာ လူသတ်သမားတွေ မဟုတ်ဘူး။ လူရွှင်တော်တွေသာ လူသတ်မယ်ဆိုရင် ပြက်လုံးတွေကို ရွေးချယ်ပါ့မလားလို့ ပြောလိုက်ပါတယ်။ ကပ်လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး သူသာ လွတ်လွတ်လပ်လပ်ထောက်ပြခွင့်ရှိရင် -  လူသတ်သမားက သူ့ကျည်ဆံမှာ ပြက်လုံးတွေ ရေးပြီး ပစ်လိုက်တာ ကို ထောက်ပြချင်ပါတယ်တဲ့။ သည်တော့ ပြက်လုံးက ကျည်ဆံပေါ်မှာ ပါသွားတယ် တဲ့။ (လူသတ်သမားက သူ့ကျည်ဆံမှာ “ဟေ့ ဖက်ဆစ်၊ ဖမ်းလိုက်စမ်း” လို့ ရေးထွင်းထားခဲ့တာကို ဆိုလိုပါတယ်) 

ထရီဗာက ဆက်ပြောပါတယ်။ အမေရိကားဟာ လွတ်လပ်စွာ ပြောဆိုခွင့် ထိပ်တန်းမှာ ရှိတဲ့ နိုင်ငံဖြစ်တယ်။ လူတိုင်းကို နိုင်ငံရေးသမားတိုင်း ခေါင်းဆောင်တိုင်းကို ပြက်ခွင့် သရော်ခွင့် ရှိတယ်။ ကနေဒီလုပ်ကြံခံရတာကိုလည်း လူပြက်က ပြက်ခဲ့တာပဲ။ လင်ကွန်းသေတာကိုလည်း လူပြက်တွေက ပြက်ခဲ့တာပဲတဲ့။ အခုလည်း ပြက်နေတာပဲ။ လူတွေက ရယ်မောနေကြတုန်းပါပဲတဲ့။ အခုကျမှ ပြက်လုံးတွေကို အစိုးရတွေ နိုင်ငံရေးသမားတွေက တိုက်ခိုက်ပြစ်တင်နေရတာလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

အာဏာရှင်လက်အောက်မှာ မည်သည့်ပြက်လုံးမျှ အသက်မရှင်နိုင်ပါ။ 

မြန်မာပြည်လည်း အခု ဘယ်မှာ ပြက်လုံး ရှိပါ့မလဲ။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar