မောင်ရစ် - ပညာရေးက စိုက်ပျိုးလိုက်တဲ့ ဘ၀နဲ့ နိုင်ငံတော်
![]() |
| photo - မောင်လူမွှေး |
မောင်ရစ် - ပညာရေးက စိုက်ပျိုးလိုက်တဲ့ ဘ၀နဲ့ နိုင်ငံတော်
(မိုးမခ) အောက်တိုဘာ ၁၅၊ ၂၀၂၅
နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၈)
မိမိလည်း ပညာရေးဆိုတာကို တခါမှ သေချာ မစဉ်းစားမိပါဘူး။ မိမိတို့တတွေက ပုံမှန်အားဖြင့် စာဖတ်တယ်၊ နားစွင့်တယ်။ ပတ်ဝန်းကျင်ကနေ ဗဟုသုတတွေ ရတယ်၊ ပြီးတော့ ကျောင်းသင်ခန်းနဲ့ ဘ၀ကနေ သင်ကြားလေ့လာရတာတွေ ရှိတယ်။ ဒါတွေကနေ မိမိဘ၀ကို ပြဋ္ဌာန်းနေတယ်ဆိုတာကို အခုတလော ပိုပြီး တွေးမိနေပါတယ်။ တွေးမိဆို အင်တာနက်ခေတ် ဆိုရှယ်မီဒီယာခေတ် ပြီးတော့ အေအိုင်ခေတ်ဆိုတော့ လူတွေကို အဲသည်ပတ်ဝန်း ကျင်နဲ့ပလက်ဖောင်းတွေကနေလာတဲ့ အချက်အလက်တွေက မိမိကိုယ်ကို ပြဋ္ဌာန်းနေကြတယ်ဆိုတာ ပိုပြီး သိသာ ထင်ရှားလာတယ်။ ပတ်ဝန်းကျင်က ရိုက်ခတ်မှုဟာ ချက်ခြင်း မိမိလူမှုဘ၀ကို ထင်ဟပ်သွားတယ်။
ဥပမာ - ဆယ်လီတယောက်က ပြောလိုက်တဲ့အကြောင်းအရာကိုပဲ လူတွေက သယ်ဆောင်သွားကြတယ်။ ဆိုရှယ်မီဒီယာက ဟစ်ဖြစ်နေတဲ့ ဓာတ်စာပဲဖြစ်ဖြစ် ပေါ်ပြူလာအကျင့်ဆန်းတခုပဲဖြစ်ဖြစ်ဟာ လူတွေကို ဆွဲခေါ်သွားတယ်။ ကိုယ်သိချင်တာကို လိုရာဆွဲမေးပြီး ပြန်ဖြေတဲ့အေအိုင်ကို ကိုယ့်စိတ်တိုင်းမကျမချင်း နိမိတ်ပြ မေးခွန်း တွေမေးပြီး မိမိကိုယ်ကိုစိတ်သက်သာအောင် လုပ်နေကြတယ်။ သည်လိုမျိုးတွေ တွေးမိနေလို့ပါ။
ပညာသင်တယ်ဆိုတာက မိမိကိုယ်ပိုင် စဉ်းစားတွေးခေါ် ချင့်ချိန်ဆုံးဖြတ်နိုင်အောင်လို့ အခြေခံအုတ်မြစ်ကိုချကြရတယ်။ စာရေး စာဖတ်သင်တယ်။ မိဘဆရာ ကျောင်းတွေက ညွှန်းတဲ့ စာတွေ အကြောင်းအရာတွေ ဖတ်တယ်။ အဲသည်ကနေ ပတ်ဝန်းကျင်နဲ့ နေ့စဉ်ဖြစ်ပျက်နေတာတွေကိုလေ့လာပြီး စဉ်းစားချိန်ထိုး ပြင်ဆင် လုပ်ကိုင်ကြတယ်။ သည်လိုမျိုး အခြေခံအားဖြင့် ဖြတ်သန်းကြတယ်လို့ ဆိုနိုင်ပါတယ်။ အဲသည်လို ရှင်သန်ရင်းနဲ့က မိမိဘ၀နဲ့ မိမိဖြစ်တည်မှုကို တည်ဆောက် ပြဋ္ဌာန်းလာကြတယ်လို့ ဆိုရမယ်။
ပြောချင်တာက ပညာရေးအကြောင်း။ သင်ထားတဲ့ ပညာတွေကအလုပ်မဖြစ်ရင် ဘာလုပ်ကြမလဲ။ အခု လက်ရှိ အမေရိကားက မိမိအလုပ်လုပ်နေတဲ့ ပြည်နယ်တက္ကသိုလ်မှာ စာလာသင်တဲ့ ကျောင်းသားဦးရေးက အလွန်အမင်း ကျဆင်းနေပါတယ်။ အကြောင်းတခုကတော့ ပညာသင်တဲ့အရွယ် ၁၈ နှစ်မျိုးဆက်တွေ ဦးရေကျဆင်းနေလို့ ကျောင်းနေတဲ့အရွယ်တွေ နည်းပါးလို့။ နောက်တချက်က ပညာသင်စာရိတ်ကြီးလို့။ နောက်တချက်က ဘွဲ့ရတော့လည်း အလုပ်မရလို့။ ပညာရေးက အလုပ်မဖြစ်ဘူးပေါ့။ သို့သော် ငြိမ်းချမ်းတဲ့ စစ်မဖြစ်တဲ့ အမေရိကားမှာ စီးပွားကျနေရင်တောင် ပညာသင်စာရိတ်က အရမ်းဈေးမကြီးရင် လူငယ်တွေက ကျောင်းပညာသင်နေကြဦးမှာပါ။ စာသင်ခန်းကိုကျောခိုင်းကြမှာ မဟုတ်ပါဘူး။
မိမိစိုက်တာကိုပဲ ရိတ်သိမ်းရတာလို့ဆိုရင် - မိမိတို့စိုက်ခဲ့တဲ့ ပညာပျိုးခင်းကမသန်စွမ်းရင် မိမိတို့သီးနှံကလည်း မအောင်မြင်ဘူးဆိုရမှာပေါ့။ ဒါဆိုရင် သည်ပျိုးခင်းကိုမစိုက်ကြနဲ့ ပြောင်းလဲပစ်ကြလို့ဆိုရလေမလားပဲ။ အမေရိကားမှာ ပညာလာသင်သွားတဲ့ ကျောင်းသားတွေက မနည်းမနောပါပဲ။ အဲသည်ကနေ သူတို့တွေ အမေရိကန်မှာကော သူတို့တိုင်းပြည်တွေမှာပြန်ပြီး သူတို့ဘ၀တွေ အလုပ်တွေ ပတ်ဝန်းကျင်တွေ တည်ဆောက်ကြတယ်။ သူတို့ အမေရိကန်ပညာရေးလွှမ်းမိုးမှုကို အားလုံးက ခံစားကြရပါတယ်။
ဆက်စပ်တွေးမိတာက မြန်မာပြည်ကို ပြန်လှည့်ကြည့်လိုက်ရင် မြန်မာပြည်၏ ပညာရေးကကော မျိုးဆက်တွေကို ဘယ်လိုမျိုး အဆင့်ဆင့်လွှမ်းမိုးလိုက်သလဲ။ စိုက်ပျိုးလိုက်သလဲ။ ပြဋ္ဌာန်းလိုက်သလဲ။ မြန်မာတွေကတော့ ဘုန်းတော်ကြီးကျောင်းပညာရေးကို အထူးတလည်ပြောကြပါတယ်။ ဘာသာရေးကချပေးတဲ့ပညာမျိုးစေ့က လည်းအရေးပါသလို ကျောင်းဆရာ ကျောင်းသားတွေနဲ့ ထူထောင်ထားတဲ့ ကျောင်းပညာရေးမျိုးစေ့ကလည်း အာရုံစိုက်ရမှာပါ။ အထူးတလည်ပြောရရင် - ကိုလိုနီခေတ်မှာ အင်္ဂလိပ်ကပြဋ္ဌာန်းတဲ့ ကျောင်းပညာရေးဆိုတာထက် ၁၉၂၀ တက္ကသိုလ်ကျောင်းသားပထမသပိတ်ကနေ မျိုးစေ့ချလိုက်တဲ့ အမျိုးသားပညာရေးကျောင်းများ၏ အခမ်းကဏ္ဍက အရေးပါတယ်လို့ ဆိုချင်ပါတယ်။ အရေးပါတယ်ဆိုတာက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲ အောင်မြင်ရေးအတွက် အမျိုးသားကျောင်းတွေက မွေးထုတ်လိုက်တဲ့မျိုးဆက်တွေက အရေးပါခဲ့တယ် လို့ ဆိုချင်တာ ဖြစ်ပါတယ်။
ရည်ညွန်းချက်များအရ - ၄-၁၂-၁၉၂၀ ပြည့်နှစ်တွင် ဗဟန်းသပိတ်မှောက်စခန်း အထက်တန်းကျောင်းကို အမျိုး သားကျောင်းဟုအမည်ပေး၍ အမျိုးသားပညာရေး လှုပ်ရှားမှုကော်မတီက စတင်ဖွင့်လှစ်လိုက်သည်။ ၂၈-၁၂-၁၉၂၀ ပြည့်နှစ် ဗဟန်းတန်းမြင့်ကျောင်း၊ ပုစွန်တောင်တန်းမြင့်ကျောင်း၊ ကြည့်မြင်တိုင်တန်းမြင့်ကျောင်း၊ ၃၂ လမ်းမိန်းကလေးတန်းမြင့်ကျောင်း၊ ဗိုလ်တထောင်အလယ်တန်းကျောင်း၊ စမ်းချောင်းအလယ်တန်းကျောင်းဟူ၍ ခြောက်ကျောင်းခွဲ၍ ထူထောင်ခဲ့သည်။ ယင်းကော်မတီက အမြို့မြို့၌ အမျိုးသားကျောင်းများ ဖွဲ့စည်းရန်အတွက် သပိတ်မှောက်ကောလိပ်ကျောင်းသားများကို ၂၁-၁၂-၁၉၂၀ မှစတင်၍ စေလွှတ်ခဲ့သည်။ ၁-၁-၁၉၂၁ တွင် မြင်းခြံ၌ အမျိုးသားကျောင်း ပေါ်ထွန်းခဲ့၏။ နှစ်လကြာသော် မြန်မာတစ်ပြည်လုံးတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၁၆၀၀၀ ရှိသော အမျိုးသားကျောင်း ၉၀ ရှိလာခဲ့၏။ ၁၄-၈-၁၉၂၁ တွင် ဗဟန်းရွှေကျင်ကျောင်းတိုက်၌ ပထမအမျိုးသား တက္ကသိုလ် ပေါက်ဖွားလာသည်ကား နောက်ဆက်တွဲအကျိုး ကျေးဇူးပေတည်း။ လို့ ဆိုထားပါတယ်။
အမျိုးသားကျောင်းပညာရေး၏ အကျိုးကျေးဇူးကို အထူးတလည်ရေးထားတာကို ညွှန်းရရင် မိမိ၏ ဘိုးဘွားများဖြစ်တဲ့ ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်၏ အင်္ဂလိပ်စာတတ်လိုသော်နဲ့ စာအုပ်စင်ကျေးဇူး စာအုပ်ကလေးကို ညွှန်းချင်ပါတယ်။ အမျိုးသားကျောင်းတွေမှာ ပညာသင်ကြားခဲ့ရလို့ မိမိဘိုးဘွားများအကျိုးရှိပုံကိုရေးထားတာပါ။ သူတို့သင်ကြားရတာက မြန်မာစာတင်မဟုတ်ဘဲ အိန္ဒိယက ကျောင်းဆရာများထံက အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ ဝိဇ္ဇာတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ဘီဘီစီက ဘိုဘိုရေးတဲ့ဆောင်းပါးမှာလည်း အမျိုးသားကျောင်းထွက် (နေရှင်နယ်ကျောင်းသားတွေ)၏ မြန်မာသမိုင်းအပေါ် သက်ရောက်မှုကို သည်လိုတွေ့နိုင်ပါတယ်။ ရဲဘော်သုံးကျိပ်ကိုတည်ထောင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လက်ျာ၊ လွတ်လပ်ပြီးခေတ် ဝန်ကြီးချုပ် သခင်နု၊ ကွန်မြူနစ်ခေါင်းဆောင် သခင်ဗဟိန်း၊ ၁၉၄၇ ဖွဲ့ စည်းပုံရေးဆွဲသူ တရားဝန်ကြီး ဦးချန်ထွန်း၊ စာရေးဆရာ မောင်ထင် စသူတွေဟာ အမျိုးသားကျောင်းထွက်တွေ ဖြစ်ကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြကတော့ မူလသပိတ်မှောက်ကျောင်းသားဟောင်းနဲ့ အမျိုး သားကျောင်းဆရာဟောင်း ဖြစ်ပါတယ်။
အဲသည်နောက် မြန်မာတွေ ကိုလိုနီလက်အောက်က ၁၉၄၈ မှာ လွတ်မြောက်လာပါတယ်။ အမျိုးသားကျောင်းထွက်တွေ၊ လွတ်လပ်ရေးမျိုးဆက်တွေက ဦးနုဝန်ကြီးချုပ်လက်ထက် ပါတီစုံခေတ် ပညာရေးသင်ရိုးနဲ့ ဆက်ပြီးတော့ ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက် တပါတီအာဏာရှင်ခေတ် မဆလပညာရေးစနစ်ကို ရေးဆွဲပြဌာန်းပေးကြပါတယ်။ နောင်မျိုးဆက်တွေက မဆလပညာရေးနဲ့ ကြီးပြင်းကြတယ်။ မိမိတို့နဲ့ မိမိမိဘမျိုးဆက်တွေ အပါ အဝင် အဲသည်ပြဋ္ဌာန်းစာအုပ်တွေ ပညာရေးစနစ်တွေနဲ့ ကြီးပြင်းလာကြပါတယ်။ ပြဋ္ဌာန်းချက်တွေက အကြီးအကျယ် ပြဿနာမရှိပေမယ့်၊ ဆိုရှယ်လစ်စနစ်ကိုအခြေပြုတဲ့ သင်ရိုးဖြစ်နေတော့ တိုင်းပြည်နဲ့ အုပ်ချုပ်သူတွေကို အလုပ်အကြွေးပြုဖို့က ရှေ့တန်းရောက်လာတယ်ဆိုချင်ပါတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ထိန်း သိမ်းရေးကလည်း လူတွေကိုစည်းနှောင်တာထက် အမျိုးဘာသာ သွေးသားမတူညီသူတွေကို ကန့်သတ်သလို ဖြစ်ခဲ့တယ်ထင်ပါတယ်။ နောက်တော့ အတန်းတင်စာမေးပွဲတွေက အလွတ်ကျက်မှတ်တာ၊ ၏သည်မရွေးအဖြေကို ရေးဖြေရတာ၊ အမှတ်အနည်းအများနဲ့ ဘာသာရပ်တွေကို ခွဲခြားတာတွေနဲ့ မဆလခေတ်ပညာရေးက နိမ့်ပါးလာတယ်ဆိုချင်ပါတယ်။
အဲသည်မှာ ပညာရေးစနစ်ကမောက်ကမဖြစ်စေရတာက တပါတီအာဏာရှင်တွေနဲ့ သူ့ဗြူရိုကရေစီယန္တယား၏ အမှားအယွင်းတွေကြောင့် ဖြစ်ပါတယ်။ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကိုဆင်နွဲဖို့ ၁၉၆၂ မှာ ဗိုလ်နေဝင်းဦးဆောင်တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းတယ်။ ၁၉၆၃ မှာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းမှန်သမျှကို ပြည်သူပိုင်သိမ်းတယ်။ ရှေးခေတ်ကတည်းကရှိနေတဲ့ ကိုယ်ပိုင်ကျောင်းတွေ ပုဂ္ဂလိကကျောင်းတွေကို ၁၉၆၅ မှာ ဖျက်သိမ်းတယ်။ ပညာရေးစနစ်ကို ဆိုရှယ်လစ်စနစ်အတွင်း သွတ်သွင်းပြီး အစိုးရကျောင်းတွေအဖြစ် ပုံသွင်းတယ်။ အဲသည်နောက်မှာ ကျောင်းပညာရေးမှာ အလွတ်ကျက် ဖြေဆိုရတာ၊ ၏သည်မရွေး အတိအကျ ကြက်တူရွေးနှုတ်တိုက်သလိုဖြေမှ အမှတ်ကောင်းရတာ။ အမှတ်အနည်းအများပေါ်မူတည်ပြီး အသက်မွေးပညာရေးကျောင်းတွေ ဖြစ်တဲ့ ဆရာဝန် အင်ဂျင်နီယာ စတဲ့ကျောင်းပညာသင်ခွင့်ရကြတာ၊ အမှတ်နည်းသူတွေကို စိတ်ဝင်စားမှုအားနည်းတဲ့ ဘာသာရပ်တွေမှာပဲ သင်ကြားခိုင်းတာတွေ လုပ်လာတာ ဖြစ်ပါတယ်။
ပညာရေးမှာ နည်းပေါင်းစုံစမ်းသပ်ကြတော့ ကျောင်းသားတွေက သူတို့စမ်းသပ်သမျှလိုက်နိုင်ဖို့ ကျောင်းပြင်ပက အပြင်ကျုရှင်ကျောင်းတွေ တက်ကြရတယ်။ မဆလတပါတီအာဏာရှင်က ကျုရှင်ကျောင်းတွေကို နှိမ်နင်းတယ်။ (၁၉၈၄ နောက်ပိုင်းမှာ ထင်တယ်) ။ ကျုရှင်ကျောင်းတွေက မှောင်ခိုတွေ ဖြစ်ကုန်ပြီး ဝိုင်းကျုရှင်ဆိုတဲ့ ပုံစံပြောင်းသွားကြတယ်။ ပညာရေးကမောက်ကမဖြစ်ပြီးတာနဲ့ တိုင်းပြည်လဲ ချွတ်ခြုံကျတာပဲ။ ၁၉၆၂ကစပြီး ၁၉၇၄-၇၆ အတွင်းမှာလည်း ကျောင်းသားအရေးအခင်း၊ အလုပ်သမားအရေးအခင်းတွေ ဖြစ်ခဲ့တာပဲ။ နောက်ဆုံး ၁၉၈၈ ၈လေးလုံး အရေးတော်ပုံကနေ မဆလပါတီ ဇာတ်သိမ်းရတယ်။ စစ်တပ်က အာဏာပြန်သိမ်းတယ်။
မဆလပညာရေးနဲ့ ကြီးပြင်းလာတဲ့ မိမိတို့လိုကျောင်းသားမျိုးဆက်တွေက ဘာဖြစ်လို့ သူပုန်တွေ တော်လှန်သူတွေ ဖြစ်လာကြတာလဲ။ သူတို့ပညာရေးကြောင့်ဆိုတာထက် ကျောင်းပြင်ပက ပညာရေးတွေ စာအုပ်စာပေတွေက အဲသည်မျိုးဆက်ဘ၀ကို ပုံသွင်းပေးတယ် ဆိုချင်ပါတယ်။ လွတ်လပ်ရေးမျိုးဆက်နဲ့ သူတို့နောက်ဆက်တွဲ ပါလီမန်ဒီမိုကရေစီကို မြည်းစမ်းကြည့်ခွင့်ရသူ ကြားကာလမျိူးဆက်တွေ၊ လက်ဝဲအယူဝါဒယိမ်းသူ စာရေးသူတွေ ကျောင်းဆရာတွေက မဆလမျိုးဆက်ကျောင်းသားတွေအပေါ် ဩဇာညောင်းပါတယ်။ တခါးပိတ်ဝါဒကျင့်သုံးပေမယ့် စာအုပ်စာပေတွေ ကျောင်းပြင်ပ အင်္ဂလိပ်ဘာသာစကားနဲ့ သက်မွေးပညာသင်တန်းတွေလိုက်စားကြတော့ မိမိတို့ ကျောင်းသားမျိုးဆက်မှာ မျက်စိပွင့်ခွင့်ရကြတယ် ဆိုရမယ်။
၁၉၈၈ ကနေ ၂၀၁၀ အထိကတော့ စစ်အာဏာရှင်အောက်မှာ ပညာရေးအဟောသိကံ ဖြစ်ရတဲ့ နောက်မျိူးဆက် ၂ ဆက်နီးပါး ခံစားရပါတယ်။ စတေးလိုက်ရပါတယ်။ သို့သော် အဲသည်ကာလ စစ်အာဏာရှင်အောက်က မျိုးဆက်တွေမှာ တော်လှန်ရေးသန္ဓေကတည်ထားပြီးသားဖြစ်တော့ စစ်အာဏာရှင်အောက်ကပညာရေးကို သူတို့မှီခိုအား ကိုးတာထက် မိမိတို့ဘာသာ လမ်းထွင်လျောက်ကြ၊ လေ့လာသင်ယူကြတဲ့ ခေတ်ကာလအပိုင်းအခြားကို ဖြတ်ကြရတယ်လို့ ဆိုချင်ပါတယ်။ စစ်အုပ်စုက ဈေးကွက်စီးပွားရေးကို အကန့်အသတ်နဲ့ ကျင့်သုံးတော့ ကိုယ်ပိုင်ကျောင်းတွေ၊ နိုင်ငံခြားက ပညာရေးစနစ်တွေ၊ ပြည်ပကောလိပ်တွေအတွက် ပေါင်းကူးသင်တန်းတွေ ပေါ်လာကြတယ်။ မိမိတို့မျိုးဆက်တွေက စစ်အာဏာသိမ်းကာလမှာကြီးပြင်းလာတဲ့ နောင်မျိူးဆက်တွေရဲ့ ကျောင်းဆရာတွေ ကျောင်းဆရာမတွေဖြစ်လာကြတယ်။ လက်ဆင့်ကမ်းပေးနိုင်သမျှ ပညာရေးအမွေ၊ နိုင်ငံရေးအမွေတွေ ဆက်ပေးခဲ့ကြတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာပြည်က စာပေနဲ့စာနယ်ဇင်းလောကကိုယ်တိုင်ကလည်း ပညာဗဟုသုတ အားပေးတဲ့စာ၊ ရသ သုတ အနုပညာထုတ်ဖော်တဲ့စာအုပ်စာပေတွေနဲ့ အမြဲတမ်းဝေဆာနေခဲ့တယ်လို့ မိမိတို့မြင်ပါတယ်။ သာမန်အားဖြင့် အပျော်ဖတ်စာပေတွေ လွှမ်းမိုးနေတယ်လို့ ဝေဖန်ကြတာမျိုးထက် ခေတ်ပြိုင်မျိုးဆက်တွေ စာဖတ်အားနည်းတယ်၊ စာများများဖတ်ကြပါလို့ တိုက်တွန်းသံတွေ များတယ်။ စာမဖတ်ကြလို့ စိတ်ပူကြတာပဲ ရှိတယ်။ စာဖတ်ကြရင် ရှိတဲ့စာတွေက သူတို့အတွက် အကျိုးဖြစ်တဲ့စာအုပ်များတယ်လို့ သုံးသပ်ရမလိုပါပဲ။ မဆလခေတ်က စိတ်ကူးယဉ်စာတွေ များတယ်လို့ဆိုရင် စစ်အုပ်စုခေတ်မှာ စိတ်ကူးယဉ်စာပေတွေ အဲသလောက်မများတာ ဖြစ်နိုင်သလို၊ ပေါ်ပြူလာကြိုက်သူတွေက စာမဖတ်ကြတော့ပဲ ကွန်ပြူတာ ဖုန်း ဖန်သားပြင်တွေဆီ ရောက်ကုန်ကြတယ်လို့ ဆိုရပါမယ်။
အဲသည် အင်တာနက်ခေတ်ဆန်းချိန်မှာ ပင်မရေးစီးပညာရေးနဲ့ စာအုပ်စာပေ အနည်းနဲ့အများဆိုသလို နိမ့်ပါးထိ ခိုက်လာပါတယ်။ လူငယ်တွေ၏နိုးကြားတက်ကြွမှုက အင်တာနက်ပေါ် ဖုန်းတွေအပေါ် အွန်လိုင်းအပေါ် ရောက်သွားကြတယ်။ သို့သော် ၂၀၁၀ကနေ ၂၀၂၀ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်ဒီပါတီ အားကောင်းတဲ့ကာလ အုပ်ချုပ်ခွင့် အတိုင်းအတာတခုရတဲ့ကာလမှာ ပညာရေးဟာ မူလလက်ဟောင်း ၁၀တန်းစနစ်ကနေ ၁၂ တန်းစနစ်သစ်ကို စတင်အသွင်းပြောင်းခဲ့တယ်။ ၁၂ တန်းပညာရေးပြီးမှ တက္ကသိုလ် ကောလိပ် တက်ခွင့် ရွေးချယ်ခွင့်တွေ ရကြတယ်။ ပညာရေးမှာ အစိုးရပညာရေးအပြင် ပုဂ္ဂလိကကျောင်းတွေပါ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့်ရကြတယ်။ တက္ကသိုလ်ကောလိပ်တွေ ပြုပြင်ပြောင်းလဲရေးကို စတင်ခြေလှမ်းလှမ်းကြတယ်။ အဲသည်မှာ စစ်အာ ဏာရှင်တွေက ၂၀၂၁ ဖေဖောဝါရီလဆန်းမှာ တကျော့ပြန် အာဏာသိမ်းတော့တာပါပဲ။
ထူးခြားတာက စီဒီအမ်လှုပ်ရှားမှု ဖြစ်ပါတယ်။ အာဏာဖီဆန်တဲ့ သပိတ်မျိုးဆက်သစ်တခု မွေးဖွားလိုက်နိုင်ခြင်းပေါ့။ ရုံးမတက်နဲ့ ရုန်းထွက်လို့ ၂၀၂၁ ဖေဖော်ဝါရီမှာ ကြွေးကြော်လိုက်တဲ့အသံဩဇာဟာ ခုချိန်ထိ အသံမစဲ ပဲ့တင်ထပ်နေဆဲလို့ ဆိုရပါမယ်။ စီဒီအမ် ကျောင်းဆရာဆရာမတွေ ၊စီဒီအမ် ဝန်ထမ်းတွေ၊ စီဒီအမ်ကျောင်းသူကျောင်း သားတွေ ပေါ်ထွန်းလာကြတယ်။ ပြီးတော့ စီဒီအမ်ကျောင်းတွေလည်း အွန်လိုင်းနဲ့ မြေပြင်မှာ ထွက်ပေါ်လာကြတယ်။ ၁၉၂၀ အမျိုးသားကျောင်းသားသပိတ်ကနေ အမျိုးသားကျောင်းတွေ ပေါ်ထွန်းလာသလိုမျိုးလို့ တွေးမြင် နိုင်းယှဉ်ကြည့်လို့ နေမိပါသေးတယ်။ လေးနှစ်ကာလ နွေဦးတော်လှန်ရေးမှာ နွေဦးကျောင်းတွေကနေ ဆရာတွေ ကျောင်းသားတွေ ဆက်လက်ချီတက်နေဆဲလို့ ပြောရင်ရပါတယ်။
ဘာလို့ စီဒီအမ်ကျောင်းပညာရေးက ခုထိရှိနေ ရှင်သန်နေသေးတာလဲ။ အင်န်ယူဂျီလို တော်လှန်ရေးအစိုးရ၏ အထောက်အပံ့ လက်လှမ်းမမီတဲ့ကျောင်းတွေ စာသင်ခန်းတွေ မြေပြင်မှာ ခုထိရှိနေတုန်းပဲ။ စစ်အုပ်စုကလည်း တဖက်ကနေ စစ်ကျွန်အားပေး ပညာရေးကို တွန်းထိုးလုပ်ဆောင်နေပြီး အခြေခံကျောင်းတွေသာမက ကောလိပ်တွေ တက္ကသိုလ်တွေ ပြန်ဖွင့်၊ ကျောင်းသားလူငယ်တွေကို သူတို့ပညာရေးအရိပ်အာဝါသအောင်ကို အတင်း အကြပ် ခေါ်ဆောင်တာတွေလုပ်နေဆဲက စီဒီအမ်ကျောင်းတွေ ခုထိ ရှိနေဆဲပဲလား။
ရှိနေပါတယ်။ စစ်ဘေးရှောင်ဒေသတွေ စစ်ပုန်း စစ်ရှောင်တွေဟာ မြန်မာပြည်ကြီးအတွင်းမှာ ၆၀% အနည်းဆုံး နေရပ်စွန့်ခွာ နေထိုင်နေရတယ်။ အဲသည် မိဘတွေနဲ့အတူ လူမမယ်တွေ အရွယ်မရောက်သေးသူ ကျောင်းသားလူငယ်တွေ သိန်းသန်းချီပြီး ပါဝင်တယ်။ အဲသည်စစ်ပုန်း စစ်ရှောင်တွေနဲ့အတူ စီဒီအမ်လုပ်ထားတဲ့ မိမိအလုပ်ခွင်ကို စွန့်ခွာလာရတဲ့ ဆရာ ဆရာမ မျိုးဆက်တွေအများအပြားပါဝင်ပါတယ်။ မိမိတို့ အနာဂတ်ကို စွန့်ပစ်ပြီး စစ်ပြေးနေရတဲ့ မိဘတွေဟာ မိမိတို့ ရင်သွေးတွေ၏ အနာဂတ်ကိုတော့ ပစ်မထားရက်ကြပါဘူး။ သူတို့ ပြေးရှောင် ပုန်းခိုနေရတဲ့ နေရာဒေသ တောကြို အုံကြား မြစ်ချောင်း ကမ်းပါးဘေးမှာ စစ်ရှောင်စာသင်ခန်းလေးတွေ မတည်ကြတယ်။ ကျောင်းဆရာ ကျောင်းဆရာမတွေကို ကျောက်သင်ပုန်း ကျောက်တံကိုင်ပြီး စာသင်ပြဖို့ အားပေးတိုက် တွန်း ကူညီကြတယ်။ သည်လိုနဲ့ ခုချိန်ထိ မြန်မာပြည်တနှံတလျားက စစ်ရှောင်ဒေသ တော်လှန်ဒေသ စစ်ပုန်းဒေသတွေမှာ စာသင်ခန်းတွေ ဆက်လက် ရှင်သန်ပြီး ပညာရေးမျိုးဆက်တွေ ဆက်ရှင်သန်နေကြပါတယ်။ ဆက်လက် ရှင်သန်နေကြပါပြီ။
မောင်ရစ်ကိုယ်တိုင်လည်း အဲသည် စစ်ရှောင်ဒေသမှာ ဘ၀ကို မြုပ်နှံထားတဲ့ စာရေးဆရာကျောင်းဆရာ ဇနီးမောင်နှံ နဲ့ တွေ့ဆုံလက်တွဲဖြစ်လို့ လက်တွေ့ကျကျ သုံးသပ် တင်ပြနိုင်ခြင်းဖြစ်ပါတယ်။ စာရေးဆရာ ကျောင်း ဆရာလေး မောင်လူမွှေး (မိုးမခ ပင်တိုင်ကလောင်ရှင်) က သူ့အတွေ့အကြုံတွေကို ဆောင်းပါးအက်ဆေး မျှဝေရေးသားနေပါတယ်။ သူက စစ်အုပ်စုလက်အောက်မှာ ကြီးပြင်းတဲ့ ဂျင်းနရေးရှင်ဝိုင် မျိုးဆက်လောက် ဖြစ်ပါလိမ့်မယ်။ သူ့မိတ်ဆွေ အယ်ဒီတာက ကလောင်ကိုစွန့်လို့ နွေဦးတော်လှန်ရေးထဲမှာ လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ဖို့ ထွက်ခွာသွားပါပြီ။ သူကတော့ ကလောင်ကိုတဖက်က ကိုင်၊ မြေဖြူကို တဖက်က ဆွဲလို့ တောထဲက ကျောင်းဆရာလေး ဖြစ်နေပြီ။ တကယ့်တောတောင်တွေထဲက စစ်ပုန်းရှောင်တွေကြားမှာ အကာမဲ့ တဲပုပ်ကလေးတွေဟာ သူတို့ စာသင်ကျောင်းတွေ ဖြစ်တယ်။ သူတို့ပို့ပေးတဲ့ ဓာတ်ပုံတွေ ရုပ်သံတွေထဲမှာ ကလေးတွေ စာအံသံတွေက မိုးသို့ ညံပါတယ်။ ပြားချပ်နေတဲ့ ဘောလုံးကို မညီညာတဲ့ တောကွင်းပြင်မှာ ကလေးတွေ ကန်ကြတယ်။ ခလုတ်ကန်သင်းတွေနဲ့ ဆိုတော့ ပလတ်စတစ်ဘောလုံးဟာ ကြာကြာ လုံးခွင့်မရဘဲ ပြားပြားဝပ်ရရှာတယ်။ ကလေးတွေနဲ့အတူ မောင်လူမွှေးက "လင်းလိုက်စမ်းပါ ကြယ်ကလေးရယ် …” သီချင်းကိုဆိုတယ်။ ကလေးတွေကလည်း ဆယ်စုနှစ် အဆက်ဆက်က ခေတ်စားတဲ့ သည်တေးသီချင်းကို ဆက်လက် သီဆိုဟစ်ကြွေးနေကြတယ်။ ကလေးတွေ လိုချင်တာ ၊ ကျောင်းဆရာတွေ လိုချင်တာက ကျောင်းစာအုပ်တွေ ၊ ဖတ်စာအုပ်တွေ၊ ဖတ်စရာ စာအုပ်စာပေစာစောင်တွေ ဖြစ်တယ်။ တောကျောင်းဆရာက တောတောင်ထဲမှာ သူ့လိုပဲ အိပ်မက် မက်ကြတဲ့ ဆရာရဲဘော်တွေအတွက် ဆရာမွန်းမံသင်တန်းတွေ လက်ဆင့်ကမ်းပို့ချတယ်။ အဲသည်ကနေပဲ သူတို့လိုချင်တဲ့ နိုင်ငံတော်ကို သူတို့ထူထောင်ကြမှာ ဖြစ်ပါတယ်။ သည်အတွက် တော်လှန်တဲ့ ပညာရေးဟာ ဆက်လက် ရှင်သန်ဦးမှာ ဖြစ်တယ်လို့ မိမိကတော့ ခိုင်ခိုင်မာမာပြောချင်တယ်။
ဒီစာကိုမသိမ်းခင် မိမိတို့စာကြည့်တိုက်လေးတခုလုပ်ခဲ့တဲ့အကြောင်း၊ ကလေးတွေကိုစာသင်ပေးဖူးတဲ့အကြောင်းလေး ပြန်သတိရမိတယ်။ ၈၈ အရေးတော်ပုံကာလ၊ အဖမ်းအဆီးတွေများတဲ့ အေးစက်စက်ကာလမှာ မိမိတို့ စာကြည့်တိုက်လေးတခုလုပ်ဖြစ်တယ်၊ ကလေးတွေကို အင်္ဂလိပ်စာသင်တန်းလေးတွေ ပို့ချဖြစ်တယ်။ ၁ နှစ် လောက်လုပ်ပြီး မိမိတို့လည်း အဲသည်အရပ်က စွန့်ခွာရတာပါပဲ။ အဲသည်စာကြည့်တိုက်မှာ စာလာဖတ်နေကြ လူငယ်တဦးကို အခု မိုးမခလုပ်နေတဲ့ကာလမှာ ပြန်ဆုံတယ်။ သူက ဝါသနာရှင်စာရေးဆရာ၊ မိမိတို့ မိုးမခရန်ပုံငွေကို အမြဲကူညီသူ။ အဲသည်လူငယ်အမည်က - ကျော်မောင်(တိုင်းတာရေး) ၊ မိုးမခကလောင်ရှင်ပဲ။ “ကျနော် ပဉ္စမမျိုးဆက်စာကြည့်တိုက်ကို သိတာပေါ့ ..” လို့ သူပြောတဲ့အချိန်မှာ မိမိဝမ်းသာမိတယ်။ ဘ၀တူတွေ စိတ်ထားချင်းတူသူတွေ ပြန်ဆုံရတယ်ဆိုပြီးတော့။ မိမိတို့အင်္ဂလိပ်စာသင်ပေးခဲ့တဲ့ ကလေးသူငယ်တွေတော့ ပြန်မဆုံတော့ပါဘူး။ မိမိတို့စာသင်ခန်းလေး ပျက်သွားတော့ သူတို့လေးတွေ တကွဲတပြားဖြစ်ကုန်ကြတယ် ကြားတယ်။ မိဘတွေလည်း ဆက်ထားစရာ ကျောင်းမရှိတော့ဘူး။ အဲသည်တုန်းက တော်တဲ့ ထက်တဲ့ စွာတဲ့ ကလေးတွေကို သတိရမိတယ်။
အခု မောင်လူမွှေးတို့လို တော်လှန်ရေးထဲက ကျောင်းဆရာတွေ မျက်မှောက်နွေဦးမျိုးဆက် ကျောင်းသားလူငယ်တွေကိုပညာရေးအမွေမျိုးဆက်သစ်တွေ အဖြစ် ဆက်လက် စိုက်ပျိုးနေကြတယ်။ သူတို့စိုက်တဲ့ ဘ၀တွေ ရှင်သန် ထမြောက်လာတဲ့အခါ သူတို့အလိုရှိတဲ့ နိုင်ငံတော်ကိုပါ သူတို့ကိုယ်တိုင်ရရှိ ပိုင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။
-
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
