Breaking News

မောင်လူမွှေး - ရွာကလေးရဲ့ ပီတိ

မောင်လူမွှေး - ရွာကလေးရဲ့ ပီတိ

မိုးမခ ၊ အောက်တိုဘာ ၁၄ ၊ ၂၀၂၅


မောင်လူမွှေးရဲ့ မွေးဇာတိရွာကလေးဟာ အိမ်ခြေငါးဆယ်ဝန်းကျင်ပဲ ရှိတဲ့ ရွာကလေး ဖြစ်တယ်။ မောင်လူမွှေး ဒုတိယတန်းအရွယ်မှာ ဇာတိရွာကလေးကို ခွဲခွာပြီး ဇာတိရွာကလေးနဲ့ ဆယ်မိုင်ကျော်အကွာ အဖေ တာဝန်ကျတဲ့ ရွာကြီးမှာ အဖေ၊ အမေနဲ့အတူ လိုက်နေရတယ်။ ကျောင်းရက်ရှည်ပိတ်ပြီ ဆိုတာနဲ့ မောင်လူမွှေးဟာ ဇာတိရွာကလေးကို အိမ်မှာ ကျောင်းလာနေတဲ့ အစ်ကိုဝမ်းကွဲနဲ့အတူ ပြန်တော့တာပါပဲ။ ဆယ်မိုင်ကျော်ခရီးကို အစ်ဝမ်းကွဲနဲ့အတူ ခြေလျင်လျှောက်ပြီး ပြန်ကြရတာပါ။ ခုနစ်နှစ်၊ ရှစ်နှစ်သားအရွယ်မှာ ဆယ်မိုင်ကျော် ခြေလျင်ခရီးဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါပေမဲ့ မောင်လူမွှေးဟာ အစ်ကို့နောက်နေ အပြေးကလေးလိုက်ပြီး ပျော်ရွှင်စွာ ဇာတိရွာကလေးကို ပြန်ခဲ့တာချည်းပါပဲ။

"ကိုယ့်ဇာတိဆိုတာ သေခါနီးရင်တောင် မမေ့ဘူးတဲ့ကွ။ ဒါကြောင့် ဇာတိချက်ကြွေမွေးရပ်မြေလို့ စာတွေ ရေးကြတာပေါ့" လို့ ရွာပြန်ခရီးမှာ ဆယ်တန်းကျောင်းသား အစ်ကို ပြောခဲ့တာကို ခုထိမှတ်မိနေဆဲ ဖြစ်ပါတယ်။ မြို့ပေါ်မှာ နေစဥ်က ကိုယ့်ဇာတိရွာကလေးကို တစ်နှစ် တစ်ခေါက်တောင် ပုံမှန်မရောက်နိုင်ခဲ့တဲ့ မောင်လူမွှေးဟာ စစ်အာဏာသိမ်းပြီးနောက် ကိုယ့်ဇာတိရွာကလေးကို တစ်လ တစ်ကြိမ်၊ နှစ်လ တစ်ကြိမ်မျိုး ရောက်ဖြစ်တတ်ပါတယ်။ ကိုယ့်ရွာကလေးကို လှမ်းမြင်လိုက်ရပြီဆိုတာနဲ့  ချစ်စိတ်၊ ပျော်ရွှင်ကြည်နူးစိတ်၊ လွမ်းမောစိတ်တွေဟာ ငယ်ငယ်တုန်းကလိုပဲ အပြောင်းအလဲမရှိ ခံစားရဆဲ ဖြစ်တယ်။

မောင်လူမွှေး ကိုယ့်ဇာတိကို ရောက်ဖြစ်တယ် ဆိုရာမှာ စစ်ရှောင်ပညာရေး၊ စစ်ရှောင်ကူညီရေးတွေအတွက် လုပ်ဆောင်ရင်း လမ်းကြုံဝင်အိပ်တဲ့ သဘောလောက် ရောက်ဖြစ်တာများပါတယ်။ ပြီးခဲ့တဲ့နှစ် ရွာကျောင်းက ကလေးတွေကို အားပေးစကားတစ်ခါသွားပြောတာလောက်ပဲ ကိုယ့်ဇာတိရွာကလေးရဲ့ ပညာရေးကို လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာတော့ မောင်လူမွှေးဟာ ကိုယ့်ဇာတိရွာကလေးက ဆရာမလေးဦးနဲ့ တွေ့ဆိုဆွေးနွေးပြီး ပညာဖြန့်ဝေမှုတွေ လုပ်နိုင်ခဲ့လို့ ကျေနပ်ရပါတယ်။

မောင်လူမွှေးတို့ငယ်စဥ်က အိမ်ခြေငါးဆယ်ဝန်းကျင်သာရှိတဲ့ ရွာကလေးဟာ ခုချိန်မှာလည်း အိမ်ခြေ ခြောက်ဆယ်ကျော်လောက်ပဲ ရှိပါသေးတယ်။ တစ်ရွာလုံးနီးပါးက မောင်လူမွှေးဆွေမျိုးတွေ ဖြစ်နေလေတော့ ရွာက ကျောင်းသူ၊ကျောင်းသား တဝက်ကျော်ကလည်း မောင်လူမွှေးရဲ့ တူ၊ တူမတွေဖြစ်ပြီး သင်ကြားပေးကြတဲ့ ဆရာ၊ဆရာမတွေထဲက ဆရာမနှစ်ယောက်ကလည်း မောင်လူမွှေးရဲ့ တူမနဲ့ ညီမ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးကို လက်မခံဘဲ ပြည်သူ့အခြေပြုကျောင်းတွေ ဖွင့်ကြရာမှာ မောင်လူမွှေးရဲ့ ဇာတိရွာကလေးဟာ ကံကောင်းတဲ့ရွာကလေး ဖြစ်ပါတယ်။ ရွာကလေးက မူလတန်းကျောင်းကို CDM ဆရာတစ်ယောက်နဲ့ CDM ဆရာမ လေး ယောက်က ဖိဖိစီးစီး သင်နေကြတာကို တွေ့ရတယ်။ မောင်လူမွှေးနဲ့ မစ်(စ)မွှေးတို့က နှစ်ရက်တာ သင်ကြားနည်းစနစ်တွေ ပို့ချရာမှာ ဆရာမ လေးယောက်လုံး စိတ်အားထက်သန်ပြီး နောင်အားတဲ့အခါ ဒီလိုသင်တန်းမျိုး ထပ်လုပ်ဖို့ စိတ်ပါဝင်စားကြတဲ့အတွက်လည်း ဝမ်းသာရပါတယ်။

မောင်လူမွှေးတို့ငယ်ငယ်က ရွာမှာ လေးတန်းအောင်ရင် ကျောင်းထွက်ကြတာက ထုံးစံဖြစ်တယ်။ တချို့လည်း နှစ်တန်း၊ သုံးတန်းနဲ့ ကျောင်းထွက်ကြပါတယ်။ လက်ရှိ မောင်လူမွှေး ရောက်တဲ့အချိန်မှာတော့ ကျောင်းနေရမယ့် အရွယ်အားလုံး Grade 12 ထိ ကျောင်းနေကြတာကို တွေ့ရတယ်။ ကိုယ့်ရွာမှာ မရှိတဲ့ အလယ်တန်းကစပြီး အထက်တန်းထိ အနီးနားကရွာကို သွားတက်ကြပါတယ်။ 

နောက် မိဘတွေရဲ့ ပညာရေးကို အားပေးမှုကလည်း အားရစရာဖြစ်တယ်။ Grade 6 ကျောင်းသား နှစ်ယောက်ရှိတာ Grade 6 အထိတော့ ရွာမှာပဲ ဖြစ်အောင်ဖွင့်ကြရအောင်ဆိုပြီး မိဘတွေက တောင်းဆိုသတဲ့။ ဆရာ၊ဆရာမတွေက လိုက်လျောပြီး ဝိုင်းသင်ပေးကြတာ အဲ့ဒီကျောင်းသားနှစ်ဦးရဲ့မိဘတွေက ကျောင်းလခ တစ်လ ငါးသောင်းလာထည့်လို့ ပြန်ပေးရတယ်လို့ ဆိုပါတယ်။ မောင်လူမွှေးဟာ ကိုယ့်ဇာတိရွာကလေး ပညာရေးကို အားပေးကြတာ၊ လိုက်စားကြတာတွေကို မြင်ရတော့ ကြည်နူးမဆုံးဖြစ်တာပေါ့။ ပညာရေးတိုးတက်တာမှ တကယ့်တိုးတက်မှုအစစ် ဖြစ်တယ်လို့ မောင်လူမွှေး ယုံကြည်တယ်။

မောင်လူမွှေး ရွာကလေးကနေ ပြန်မယ့်ရက် မနက် အိပ်ရာထခါစမှာ ကျောင်းသူ၊ ကျောင်းသားတွေ တန်းစီပြီး လမ်းအတိုင်း လျှောက်လာကြတာ မြင်ရတယ်။ ကျောင်းသားတန်းရဲ့နောက်ဆုံးမှာ မောင်လူမွှေးညီမ ဆရာမက ဆောင်းဘောက်တစ်လုံး စက်ဘီးပေါ်တင်ပြီး တွန်းလာပါတယ်။ တီးလုံးသံနဲ့အတူ တချို့ကျောင်းသားတွေက ကခုန်လို့။ ရွာမှာ အသက်ခြောက်ဆယ်ရှိပြီဖြစ်တဲ့ တစ်ဦးတည်းသော CDM ဆရာအိမ်ကို သွားကန်တော့ကြတာ ဖြစ်ပါတယ်။ ကိုယ့်ရွာရဲ့ အသက်အကြီးဆုံး CDM ဆရာကို ဆရာ၊ ဆရာမလေးတွေပါ နောက်ကလိုက်ပြီး ကျောင်းသူကျောင်းသားတွေနဲ့အတူ ကန်တော့ဖို့ပျော်ရွှင်စွာသွားကြတဲ့ မြင်ကွင်းဟာ မောင်လူမွှေးရင်ကို " လှိုက်ခနဲ" ဖြစ်စေခဲ့ပါတယ်။

လွတ်မြောက်နယ်မြေက ပြည်သူ့အခြေပြုကျောင်းတိုင်း မောင်လူမွှေးဇာတိ ရွာကျောင်းလေးလို ပျော်ရွှင်ကြစေချင်ပါတယ်။ ရပ်ဝေးရောက်နေတဲ့ မိတ်ဆွေတိုင်းကိုလည်း ကိုယ့်ဇာတိရပ်ရွာကို ပြန်ပြီး မောင်လူမွှေးလို ပီတိကို ခံစားစေချင်ပါတယ်။ 

မောင်လူမွှေးတစ်ယောက်သာ ကံကောင်းထောက်မပြီး ကိုယ့်ဇာတိနဲ့ပတ်သက်တဲ့ ပီတိကို ခုလိုအခြေအနေမှာ ခံစားခဲ့ရတာပါ။ ကျေးရွာတိုင်း ပညာရေးကို ပျော်ရွှင်လွတ်လပ်စွာ သင်ကြားနိုင်ဖို့ မောင်လူမွှေးတို့ ကြိုးစားကြရဦးမှာဖြစ်သလို ရပ်ဝေးရောက်နေကြတဲ့သူတွေ ကိုယ့်ဇာတိနေရာ အသီးသီးကို အလွမ်းပြေပြန်ကြဖို့ကတော့ စစ်အာဏာရှင်ဖက်စစ်တပ် ပြုတ်ကျမှသာ ဖြစ်နိုင်ပါလိမ့်မယ်ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar