ငြိမ်းချမ်းရေး နဲ့ အလှမ်းဝေးနေဆဲ မြန်မာနိုင်ငံ
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၇ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၅
ငြိမ်းချမ်းရေး နဲ့ အလှမ်းဝေးနေဆဲ မြန်မာနိုင်ငံ
၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြတဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၁၀ နှစ်မြောက် အခမ်းအနားကို နေပြည်တော်မှာ ၃ ရက်ကြာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။
ဒီ ၃ ရက်တာအတွင်း စကားဝိုင်းဆွေးနွေးမှုတွေ အများအပြား ရှိခဲ့ကြပြီး ယခုလက်ရှိ အာဏာသိမ်း စစ်တပ်နဲ့ တိုက်ခိုက်မနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပြီးခဲ့တဲ့ ၁၀ နှစ်တာကာလမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်ခဲ့သူတွေ၊ သံတမန်တွေ၊ သံတမန်ဟောင်းတွေ နဲ့ အချို့သော နိုင်ငံတကာပညာရှင်တွေကို ဖိတ်ကြား ကျင်းပခဲ့တာဖြစ်ပါတယ်။
ဒီလောက် တိုင်းပြည်အနှံ့အပြားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေ နဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးက ပြည်သူတွေအနေနဲ့ တိုက်ပွဲနဲ့ လွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေကြရချိန်မှာ နေပြည်တော်မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲစကားဝိုင်းတွေ၊ NCA ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပနေတာ ဖြစ်ပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ အထိမ်းအမှတ်အခမ်းအနား ကျင်းပနေစဥ် ရက်တွေအတွင်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့မှာ TNLA နဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပြီး TNLA သီပေါမြို့ကို လက်လွှတ်ခဲ့ရတာပါ။ ပဲခူးတိုင်း အနောက်ဘက်ခြမ်း နဲ့ ရခိုင်ပြည်နယ် အစပ်မှာတော့ နတ်ရေကန် ဗျူဟာစခန်းကို သိမ်းယူဖို့ Arakan Army က အပြင်းအထန် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ အလားတူ ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် လေးကေ့ကော် ဒေသတွေမှာလည်း KNU/KNLA နဲ့ စစ်တပ်အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ဆယ်လ ဝန်းကျင်ရှိနေပြီဖြစ်တဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာလည်း KIA တပ်နဲ့ စစ်တပ်တို့ ရင်ဆိုင်တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ယခုလက်ရှိကာလမှာ ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေး အစိုးရ တို့ကတော့ စစ်တပ်က ကျင်းပမယ့် အခုအခမ်းအနားကို မတက်ရောက်ကြဖို့ တိုက်တွန်းခဲ့ကြပါတယ်။ သို့ပေမယ့် စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ UWSA လို အဖွဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က ၄င်းတို့ရဲ့ ကိုယ်စားလှယ်တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲကို ထောက်ခံအားပေးကြောင်း ပြောဆိုခဲ့ပါတယ်။ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ NMSPလည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီက ခွဲထွက်ခဲ့တဲ့ NMSP-AD ကတော့ ဒီအခမ်းအနားကို မတက်ရောက်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်က KNU/KNLA(PC)၊ DKBA တို့လို လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တာ တွေ့ကြရပါတယ်။ အာဏာသိမ်းစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေး ဆိုတာကို ဘယ်တုန်းကမှ ရိုးရိုးသားသား ယုံကြည်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ ၂၀၁၁ ကနေ ၂၀၁၅ အထိ ကာလက စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးအစိုးရ ဖြစ်နေချိန်မှာတောင် KIA နဲ့ တိုက်ပွဲတွေ တချိန်းချိန်းဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆-၂၀၂၀ ခုနှစ်တွေမှာတော့ စစ်ခေါင်းဆောင်တွေ မလိုလားတဲ့ NLD ပါတီအာဏာရတဲ့ကာလမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပထမဦးစားပေး လုပ်ဆောင်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အဖွဲ့တွေပြန်လည်ပြင်ဆင်ဖွဲ့စည်းတာ၊ လူရွေးချယ်တာဝန်ပေးတာနဲ့ ငြိမ်းချမ်းရေးညီလာခံတွေ ကျင်းပခဲ့ပေမယ့် စစ်တပ် အနေနဲ့ အစိုးရနဲ့ ရပ်တည်မှု မတူကြောင်း ထင်ရှားစွာပြသခဲ့ပြီး ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ ထင်သလောက် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ စစ်တပ်အနေနဲ့ NLD အစိုးရလက်ထက်မှာ ဆယ်စုနှစ်များစွာရှည်ကြာတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့မှာကို လိုလားပုံမရတာ ထင်ရှားပါတယ်။ NLD အစိုးရကို ငြိမ်းချမ်းရေးဆောင်ကျဥ်းနိုင်ခဲ့တဲ့ အစိုးရအဖြစ်မျိုး မရောက်အောင် နည်းဗျူဟာ၊ နည်းပရိယာယ်အမျိုးမျိုးသုံးကာ နှောင့်နှေးအောင် လုပ်ဆောင်ခဲ့တာပါ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ ရှိနှင့်ပြီးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပြင် အသစ်အသစ်သော လက်နက်ကိုင် အဖွဲ့ပေါင်းများစွာ ဖွဲ့စည်းပေါ်ထွက်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းက နောက်ထပ် ခရီးရှည်တခုကို အသစ်စတင်ခဲ့ရပြန်ပါတော့တယ်။
လွတ်လပ်ရေး ကြိုးပမ်းမှုကနေ မွေးထုတ်ခဲ့တဲ့ မြန်မာစစ်တပ်ကို အပြီးတိုင်အနိုင်ယူမယ်ဆိုတဲ့ ရည်မှန်းချက်က စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်လာခဲ့ပါတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဆိုတာတွေဟာ ဆယ်စုနှစ်များစွာ လက်နက်ကိုင်တိုက်ခိုက်နေခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ကြွေးကြော်သံမဟုတ်ဘဲ နွေဦးတော်လှန်ရေးမှာ ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ကြွေးကြော်သံဖြစ်လာပါတယ်။
မြန်မာနိုင်ငံဟာ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်လောင်လိုက် တငွေ့ငွေ့လောင်လိုက်နဲ့ ဆယ်စုနှစ် ၇ ခုကြာ ကာလရောက်လာချိန်၊ စစ်အာဏာသိမ်းမှု အသစ်ဖြစ်ပွားပြီး ၅ နှစ်နီးပါး ရောက်ရှိလာချိန် ၂၀၂၅ ခုနှစ်ကနေ အနာဂတ်ကို မျှော်ကြည့်တဲ့အခါ ငြိမ်းချမ်းရေး အလင်းရောင်ထက် ပြည်တွင်းစစ်မီးတောက်တွေရဲ့ မီးတောက်နဲ့ မီးခိုးတွေသာ မြင်တွေ့နေရဆဲ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar