Breaking News

မောင်ဘဦး - ၂၀၂၅ ခုနှစ်၊ မုံရွာ ရှစ်ရက်ပွဲ (နွယ်သာကီသံဖြတ်)

မောင်ဘဦး - ၂၀၂၅ ခုနှစ်၊ မုံရွာ ရှစ်ရက်ပွဲ (နွယ်သာကီသံဖြတ်)

မိုးမခ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၅


တရားအထူးတွေ့ အများလည်းပျော်၊ ဘုရားစူးစေ့ ဘုရားပွဲတော်ရှင့်။

မူးရူးရမ်းကား အားလုံးပျော်၊ ထူးထူးခြားခြား ဘုရားပွဲတော် တော့်။


အဖြူရောင်ဗန်းပြ  အလှဆိတ်ရှာ၊ လူထောင်ဖမ်းကြ  ဓမ္မရိပ်သာ လေ့။

အသဲဗျန်းခနဲ  ဘဝဆိတ်စွာ၊ ငနဲဖမ်းတဲ့  'ဓမ္မရိပ်'ပါ ဟေ့။


အတော်ရွံ့ရဲ့  မတရားအခင်း၊ မအော်ဝံ့တဲ့  ဘုရားဝင်း တော့်။

အကြောတွန့်ခဲ့  အရိပ်အမိုးမှာ၊ မပြောဝံ့တဲ့  စတိတ်ရှိူးပါရှင့်။


ပက်လက်လန်လို့ လဲခဲ့  အေးရိပ်သာ၊ သက်သက်အကြံနဲ့ဆွဲတဲ့  ခွေးမိစ္ဆာ။

ကလေးကွက်နဲ့  ကြုံလာအတိတ်မှာ၊ ပြေးမထွက်ခဲ့  မုံရွာရိပ်သာရှင့်။   ။


လော်လည် ငနဲတွေနဲ့  ဗာလမိစ္ဆာ၊ ဘော်လီပြဲစေတဲ့ ဓမ္မရိပ်သာ။

ပွေငြိဇောဖွဲ့  အသံကတိတ်၊ တေမိသဘောနဲ့  ဓမ္မရိပ် ရှင့်။


မျက်နှာ မော်ဖူး  နေကုန် လေ၊ မသင့်တော်ပါဘူး  ရေငုံနေ ရှင့်။

အတင်းလွန့်ရဲ့  ပြောမပြချင်ပေ၊ မငြင်းဝံ့တဲ့  ဂေါပကတွေတော့။   ။


ဪ...ကြုံလာသမျှ၊ ဘုံဘဝ၊ မုံရွာက ဂေါပကနဲ့ သံဃာ၊ ချင့်မျှော်၊ မသင့်တော်ပါဟု၊ ပြောပြရန် မဝံ့ရဲရှာကြ၊ ဘုရားပွဲတော်ကြီး ကျင်းပခဲ့၊ ပွဲပြ စတိတ်ရှိုး၊ ရင်ပြင်တော် အသရေညှိုးရ၊ ဓမ္မရိပ်က နောက်ခံ၊ မဟာသတိပဋ္ဌာန် တရားတော်ကြီးမှ အားမနာ၊ လူးကာလွန့်ကာ ယိမ်းထိုးကာနှင့်၊ မူးကာရူးကာ ဆေးချသူချ။

- သေနတ်ကြီးတွေနဲ့ တကားကား၊ ကြောက်လှပါဘုရားတဲ့လား၊

- မျက်မာန်ရှ ရန်ညိုးထား၊ စိုးရွံ့လှပါဘုရားတဲ့လား၊

- ဘွဲ့တံဆိပ်တော် ကပ်ကာထား၊ အားနာလှပါ၏ တဲ့လား။

ပွဲသွားကြော့ကြော့၊ ပွဲပြန်တော့ ပေါ်တာ၊ ကျန်တာ အလံရှူး၊ ပြိတ္တာ‌တွေမြူးကြ၊ ထူးစွကဲစွ ဘုရားပွဲ၊ လူငယ်တွေအမြဲ ပျောက်တဲ့မုံရွာ၊ သင်တန်းကျောင်း ၂၇ကျောင်းမှာ၊ လူပြည့်လို့ ရုံလျှံအောင်သာ၊ ကူညီလို့ ဖေးမကြ၊ တွေးဆတိုင်း အမှုလှိုင်၊ ယခုတိုင် ရှက်လှချည်ရဲ့၊ အလိမ္မာဖက်တဲ့ မြို့တော်ကြီး လေ။   ။


(၁၃၈၇ခု၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ 'ရှစ်ရက်ပွဲ' ခေါ် ၂၀၂၅ ခုနှစ်၊ မုံရွာမြို့သီတင်းကျွတ်ဘုရားကြီးပွဲတော် သို့)


တော်လှန်ပြည်သူအားလုံး၊

သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

မောင်ဘဦး

(၈၇၊ ကျွတ်ကျော် ၁၁)


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar