Breaking News

အွန်လိုင်းငွေလိမ်တဲ့ ကျားဖြန့်နဲ့ နိုင်ငံရေးကျားဖြန့် စစ်တပ်



မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၂၃ မြင်ကွင်း
မိုးမခ ၊ အောက်တိုဘာ ၂၄၊ ၂၀၂၅


အွန်လိုင်းငွေလိမ်တဲ့ ကျားဖြန့်နဲ့  နိုင်ငံရေးကျားဖြန့် စစ်တပ်

တိုတိုတုတ်တုတ် “ကျားဖြန့်” လို့ ခေါ်ဆိုတဲ့ အွန်လိုင်းပေါ်က တဆင့်ငွေကြေးလိမ်လည်မှု လုပ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေ အခြေစိုက်ကြတဲ့ နေရာတနေရာဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ဘက်က KK Park ရဲ့ သတင်းက မြန်မာ့သတင်းမီဒီယာတွေ တင်မကပဲ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာပါ ဖေါ်ပြနေကြတဲ့ သတင်းတပုဒ်ဖြစ်လာနေတာပါ။ 
ဒီနေ့မှာလည်း မြဝတီမြို့နယ်ထဲက KK Park က ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေ၊ ဒီနယ်မြေထဲမှာ စားသောက်ဆိုင်၊ ကာရာအိုကေ၊ အနှိပ်ခန်း စတဲ့ အခြားသော ဝန်ဆောင်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူတွေပါ ဝရုန်းသုန်းကား စွန့်ခွာထွက်ပြေးနေကြတဲ့ သတင်းတွေက ယမန်နေ့က စလို့ ဒီနေ့ထိ တောက်လျှောက် ဖြစ်ပျက်နေတာကို  သတင်းတွေထဲ မြင်တွေ့နေကြရတာဖြစ်ပါတယ်။ 
မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားတဲ့ ဒေသ၊ ထိုင်း နဲ့ မြန်မာနိုင်ငံတို့ နယ်နိမိတ်ထိစပ်ရာနေရာ နယ်စပ်မျဥ်းကျော်သွားတာနဲ့ တပြိုင်နက် ဖြတ်သန်းလာတဲ့ နိုင်ငံရဲ့ ဥပဒေနဲ့ လုပ်ပိုင်ခွင့် မသက်ရောက်တော့တဲ့ ဒေသ လက်နက်ကိုင် တပ်ဖွဲ့တွေက အကာအကွယ်ပေးထားတဲ့ ဒေသ စတဲ့ အင်္ဂါရပ်တွေ ရှိတဲ့ နယ်မြေတွေ ထိုင်း-မြန်မာ နယ်စပ်မျဥ်းတလျှောက် တနေရာမက ရှိနေကြတာ ဖြစ်ပါတယ်။ ဒီလို လက်နက်ကိုင် အဖွဲ့တွေက အကာအကွယ်ပေးပြီး နိုင်ငံအတော်များများမှာ တရားဝင် ခွင့်ပြုလေ့မရှိတဲ့ ကာစီနို လောင်းကစား လုပ်ငန်းတွေ လုပ်ကိုင်ရာကနေ မကြာသေးတဲ့ နှစ်တွေမှာတော့ လုပ်ငန်းတွေ အသွင်ပြောင်းလဲပြီး အွန်လိုင်းပေါ်ကတဆင့် ငွေကြေးလိမ်လည်ကြတဲ့ online scamming business (ကျားဖြန့်) အဖြစ် ဖြစ်ထွန်းကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ 
ဘယ်နိုင်ငံဥပဒေနဲ့ မဆို လိမ်လည်မှုဆိုတာ ရာဇဝတ်မှု မြောက်တဲ့ ပြစ်မှုဖြစ်ပြီး ဒီလုပ်ငန်းကို လုပ်ကိုင်ဖို့ လုပ်သားတွေ လိုအပ်တာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ကာလမှာ အိုင်တီနည်းပညာတွေ ခေတ်မှီလာသလို၊ လူကြီးလူငယ်မရွေး အိုင်တီနည်းပညာရဲ့ ထွက်ကုန်တွေဖြစ်တဲ့ လူမှုကွန်ရက်မီဒီယာတွေ သုံးစွဲလာကြရာက နည်းပညာ မကျွမ်းကျင်မှု နဲ့ ယုံကြည်လွယ်မှုကို အခွင့်ကောင်းယူကာ အွန်လိုင်းပေါ်က တဆင့် အယုံသွင်းပြီး ငွေကြေး ရင်းနှီးမြှုပ်နှံအောင်၊ ငွေရလွယ်တဲ့ လုပ်ငန်းတွေ အသွင်ဖန်တီးကာ လှည့်ဖျားလိမ်လည် ကြတာ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာတွေ ခေတ်မစားခင်ကာလတွေတုန်းက ဘဏ်အကောင့်တွေကို ဖောက်ထွင်းခိုးယူတဲ့ နိုင်ငံဖြတ်ကျော် ကျူးလွန်ကြတဲ့ ရာဇဝတ်မှုတွေ ရှိခဲ့ကြပြီး အခုနေအခါမှာတော့ အဲဒီလို ဘဏ်အကောင့်၊ ခရက်ဒစ်ကတ်တွေကို Hack လုပ်ပြီး ငွေကြေးရယူတာထက် အမျိုးမျိုးသော ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက တဆင့် ဖျားယောင်းသွေးဆောင်ကာ ငွေကြေးလိမ်လည်ရယူတဲ့ နည်းလမ်းက ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးကြတဲ့ နိုင်ငံဖြတ်ကျော်ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်လာနေပြီဖြစ်ပါတယ်။ 
ဒီလို အွန်လိုင်းငွေလိမ် လုပ်ငန်းတွေကို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ ဒေသတွေမှာ အခြေစိုက်လုပ်ကိုင်ကြကာ လိမ်လည်လှည့်ဖျားတဲ့ အလုပ်တွေကို စေခိုင်းနိုင်ဖို့ အလုပ်သမားတွေကိုလည်း ဖျားယောင်းခေါ်ယူတာ၊ ပိတ်လှောင်ပြီး ကျေးကျွန်သဖွယ် စေခိုင်းတာ၊ နှိပ်စက်တာ၊ အချို့သောအခြေအနေမှာ အသက်ဆုံးရှုံးကြရတဲ့ အဖြစ်တွေအထိ ရက်စက်တဲ့ ခေတ်သစ်ကျေးကျွန်ပြု ရာဇဝတ်မှုတွေ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။ 
လိမ်လည်ရရှိတဲ့ ငွေပမာဏတွေက အံ့အားသင့်စရာကောင်းလောက်အောင် ဒေါ်လာ သန်းနဲ့ချီပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ဆို ဒေါ်လာ ဘီလျံရာချီတဲ့ လုပ်ငန်းတွေ ဖြစ်လာနေတာပါ။ လိမ်လည်ခံရသူတွေဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေက အများဆုံးဖြစ်ပေမယ့် ဖွံ့ဖြိုးစနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ငွေကြေး ချောင်လည်သူတွေလည်း ပစ်မှတ်ထား လိမ်လည်ခံကြရတာ ဖြစ်ပါတယ်။ 
တရုတ်နိုင်ငံအနေနဲ့ အခုလို အွန်လိုင်းငွေလိမ်မှုကြောင့် နစ်နာသူတွေထဲမှာလည်း ၄င်းတို့နိုင်ငံသား အများအပြားပါနေသလို ကျူးလွန်တဲ့ ရာဇဝတ်ဂိုဏ်းတွေကလည်း ၄င်းတို့ နိုင်ငံသားတွေ ဖြစ်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။ နစ်နာသူတွေ အတွက် ဒီလို ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ လိုအပ်သလို ၄င်းတို့နိုင်ငံသားတွေက ဒီလို ရာဇဝတ်ဂိုဏ်းတွေကို ဦးဆောင် လုပ်ကိုင်သူတွေ ဖြစ်နေခြင်းကလည်း ၄င်းတို့နိုင်ငံရဲ့ ဂုဏ်သတင်းကို ထိခိုက်ပျက်စီးစေတယ်လို့ ယူဆပုံရပါတယ်။ 
လက်ရှိ ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်နေကြတဲ့ နိုင်ငံတွေလို့ဆိုရင် မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း-မြန်မာနယ်စပ် တို့ဖြစ်နေပါတယ်။ ထိုင်း-မြန်မာနယ်စပ် နဲ့ မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ အများအပြား တည်ရှိပြီး နိုင်ငံရေးထက် ၄င်းတို့အဖွဲ့ဝင်ငွေရရေးကိုသာ အာရုံထားလုပ်ဆောင်ကြရာက ကျားဖြန့်လုပ်ငန်းတွေကို မြေနေရာငှားရမ်းပေးပြီး လက်နက်ကိုင်အဖွဲ့နဲ့ အကာအကွယ်ပေးတဲ့ ဝန်ဆောင်မှုတွေ ရယူနိုင်တဲ့ နေရာဒေသတွေ ဖြစ်လာကြပါတယ်။ 
မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်း တွင်ကျယ်နေတာ နှစ်အနည်းငယ် ရှိနေပြီး အစပိုင်းမှာတော့ ဒေသအလိုက် ထိန်းချုပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက ရံပုံငွေ ရှာတဲ့ ဖြစ်ရပ်တခုလို ရှုမြင်ခဲ့ကြပေမယ့် အချိန်ကြာလာတာနဲ့ အမျှ ကျားဖြန့်လုပ်ငန်းရဲ့ အကျိုးအမြတ် ကြီးမားမှုကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ အပေါ် သက်ရောက်မှုတွေ ရှိလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ အသိအမှတ်ပြုမှုကို ရထားတဲ့ ပယ်ဆောက်ချိန် ဦးဆောင်တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ အုပ်ချုပ်သူတွေက ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးတဲ့ အဆင့်ထက် ကျော်လွန်ပတ်သက်နေခဲ့ကြတာ ဖြစ်ပါတယ်။ 
ဒီအခြေအနေမှာ မြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ အနေနဲ့ စစ်တပ်ရဲ့ အခြေစိုက်စခန်းနဲ့ ထိန်းချုပ်နယ်မြေတွေကို သိမ်းယူရေး နဲ့ ကျားဖြန့်နှိမ်နှင်းရေးကို ပေါင်းစပ်ပြီး ၁၀၂၇ စစ်ဆင်ရေး ကို ၂၀၂၃ ခုနှစ်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခြေအနေလိုအပ်ချက်နဲ့ ကိုက်ညီတာကြောင့် တရုတ်အစိုးရက ဒီစစ်ဆင်ရေးကို အကြောင်းအရာ ခေါင်းစဥ်အရရော ရုပ်ဝတ္တု ဆိုင်ရာ အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ အများက ကောက်ချက်ချ ယုံကြည်ခဲ့ကြတာပါ။ 
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးနဲ့ အတူ ကျားဖြန့်နှိမ်နှင်းရေးတွေ စတင်ပြီး ၁ နှစ် အကြာ ၂၀၂၄ ခုနှစ်မှာ ကျားဖြန့်နှိမ်နှင်းရေးက ကရင်ပြည်နယ် ဆီရောက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း ကျားဖြန့်နှိမ်နှင်းရေးမှာလည်း တရုတ်နိုင်ငံက ထိုင်းနိုင်ငံအပေါ် ဖိအားပေးခဲ့ပြီး ထိုင်းနိုင်ငံက အင်တာနက်၊ လျှပ်စစ်မီးတွေ ဖြတ်တောက်ခဲ့တာ ယခုနှစ် ဖေဖေါ်ဝါရီလကတည်းက ဖြစ်ပါတယ်။ 
 အဆိုပါကာလတွေက အာဏာသိမ်းစစ်တပ် အနေနဲ့ ကျားဖြန့်လုပ်ငန်းကို အကာအကွယ်ပေးထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ ဖြစ်တဲ့ BGF/KNA နဲ့ DKBA တို့နဲ့ ဆက်ဆံရေး အေးစက်နေချိန် ဖြစ်လို့ ကျားဖြန့်လုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး စစ်တပ်က ၄င်းတို့ ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ သဘောမျိုး ပြသခဲ့သလို ၄င်းတို့လက်ထဲမှာ မြဝတီမြို့ ရှိမနေတာကြောင့် ကျားဖြန့်ကိစ္စတွေမှာ ရှေ့တန်းထွက်လာခဲ့တာ မတွေ့ရပါဘူး။ အချို့သော နိုင်ငံခြားသားတွေကို မြဝတီမှာ ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းတွေက စာရင်းသွင်း ထိုင်းဘက် လွှဲပေးခဲ့တာ ဖြစ်ပါတယ်။ 
အခု တကြိမ် ဖြစ်ပွားတဲ့ KK Park ကို စီးနင်းတယ်၊ နှိမ်နှင်းမယ်ဆိုတဲ့ အချက်က ဒီဒေသကို အကာအကွယ်ပေးနေတဲ့ BGF/KNA ကို စစ်တပ်က ကြေလည်အောင် ညှိနှိုင်းထားတယ်လို့ ယုံကြည်နိုင်တဲ့ အထောက်အထားတွေ တွေ့နေရတာပါ။ KK Park ကို ဝင်စီးတယ်လို့ ဆိုတဲ့ အဖြစ်အပျက်မှာ BGF/KNA နဲ့ စစ်တပ်အကြား ကတောက်ကဆ ဖြစ်မှု ထိပ်တိုက်တွေ့မှု တခုမျှ မရှိဘဲ ဇတ်တိုက်ထားတဲ့ အလား BGF/KNA က နောက်ဆုတ်ပေးထားတာ ဖြစ်ပါတယ်။ 
ထွက်ခွာလိုသူတွေ အားလုံးထွက်ခွာနိုင်အောင် တင်းကြပ်တဲ့ လုံခြုံရေးနဲ့ လုပ်ကိုင်နေတဲ့ ကျားဖြန့်ရုံတွေအားလုံး ဖွင့်လှစ်ပေးလိုက်တဲ့ အနေအထား ဖြစ်ပြီး ကျားဖြန့််လုပ်ငန်းရှင်တွေ မန်နေဂျာ၊ ငွေကြေးကိုင်သူတွေအားလုံး ဒရောသောပါး ရှောင်ပြေးကြရတာ ဖြစ်ပါတယ်။ 
အာဏာသိမ်းစစ်တပ် အနေနဲ့ နိုင်ငံတကာကို သက်သေပြချင်တာကြောင့် ကျားဖြန့်လုပ်ငန်းတွေနဲ့ ၄င်းတို့ကို အကာအကွယ်ပေးထားတဲ့ BGF/KNA တို့ကို လုံလောက်တဲ့ အချိန်မပေ၊ ကြိုတင်စီစဥ် ထားခြင်းမရှိဘဲ အခြေအနေအရ လျင်မြန်စွာ KK Park ကို လက်လွှတ်စေခဲ့ပုံရပါတယ်။ 
မြဝတီမြို့မှာ သောင်တင်နေကြတဲ့ ရာထောင်ချီတဲ့ နိုင်ငံခြားသားတွေ၊ ထိုင်းနိုင်ငံဘက်ရောက်ပေမယ့်လည်း ထိုင်းနိုင်ငံမှာ ထိန်းသိမ်းခံရပြီး စစ်ဆေးမေးမြန်းမှုကို ခံယူကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်ကတော့ ၄င်းတို့ရဲ့ လက်အောက်မှာ ဆယ်စုနှစ်ချီ အမိန့်နာခံခဲ့တဲ့ BGF/KNA ကို ခုတုံးလုပ်ပြီး ခုရက်ပိုင်းအတွင်း ကျင်းပမယ့် အာဆီယံ နှစ်လည် အစည်းအဝေး မတိုင်ခင်မှာ မျက်လှည့်ပွဲတပွဲ ပြသခဲ့တဲ့ အသွင်လို့ ဆိုရင် မှားမယ် မထင်ပါဘူး။

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar