Breaking News

လေးလေး - ရိုက်တတ်ရင် မင်းသား မပါလည်း ရုပ်ရှင်ဖြစ်တယ်

လေးလေး - ရိုက်တတ်ရင် မင်းသား မပါလည်း ရုပ်ရှင်ဖြစ်တယ်

မိုးမခ ၊ အောက်တိုဘာ ၁၅ ၊ ၂၀၂၅


စွယ်စုံရအနုပညာရှင် ဦးဝင်းဖေက ပြောဖူးတယ်။ 

မြန်မာ့ရုပ်ရှင်ကားအများစုဟာ အသက် ၂၀ ကျော် မင်းသားတွေကို တည်ပြီး ရိုက်ကူးထုတ်လုပ်ကြတာပါ”တဲ့။ လိုက်ကြည့်တော့လည်း ဟုတ်တယ်။ သူ့ခေတ်အလိုက် ပေါ်လာတဲ့ ၂၀ ကျော် မင်းသားတွေကို အဓိကဇာတ်ကောင်ထားပြီး ရိုက်ကူးထုတ်လုပ်နေကြတာပါ။ ကျော်ဟိန်း ပေါ် ကျော်ဟိန်းကို တည်ပြီး ရိုက်တယ်။ ကျော်သူပေါ် ကျော်သူကို တည်ပြီး ရိုက်ခဲ့ကြတယ်။

ဘယ်တုန်းက စလိုက်တာလဲဆိုတာတော့ သုတေသန ဝါသနာပါသူတွေ လိုက်ကြည့်ကြဖို့ပဲ။ ဒီစာမှာတော့ အဲဒီ မြန်မာရုပ်ရှင်အများစုလို မင်းသားကို တည်ပြီး ရိုက်ကူးခဲ့တဲ့ ကားမျိုး မဟုတ်တဲ့ ရှားရှားပါးပါး မြန်မာကားတချို့ အကြောင်း ပြောကြည့်ပါမယ်။

မှတ်တမ်းမှတ်ရာတွေအရ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ၁၉၅၇ ခုနှစ်မှာ ပြခဲ့တဲ့ ရုပ်ရှင်တွေဟာ အသံထွက်ကားတွေ ချည်း ဖြစ်ခဲ့တယ်။ အဲဒီနှစ်မှာပဲ မင်းသားမပါ ဘာမပါနဲ့ မာန်ဆိုတဲ့ကားကို “လူလို စကားပြောသော ရုပ်ရှင်”ဆိုပြီး ရိုက်ကူးထုတ်လုပ်ခဲ့ဖူးတယ်။ စာရေးဆရာ၊ ကဗျာဆရာတွေဖြစ်ကြတဲ့ ရန်ကုန်ဘဆွေ၊ အောင်လင်း၊ ဒေါင်းနွယ်ဆွေ၊ မင်းအောင်  စတဲ့သူတွေ ပါဝင်သရုပ်ဆောင်ခဲ့ကြတယ်။

တခါ ၁၉၇၂ ခုနှစ်မှာ ကေသီပန် ရုပ်ရှင်က ဦးခင်ဇော် ရိုက်ကူးတဲ့ လှတာကိုမှ လိုချင်တယ်”ဆိုတဲ့ ဇာတ်ကားကျ ကလေးသရုပ်ဆောင်တွေချည်း ပါဝင်ရိုက်ကူးထားတယ်။ဇာတ်ကားထဲပါတဲ့ တဦးတည်းသော လူကြီးသရုပ် ဆောင်က စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဝေဖန်ရေးဆရာ ဖိုးသောကြာ ဖြစ်တယ်။

အလားတူပဲ၊ ၁၉၈၂ ခုနှစ်မှာ ဒါရိုက်တာမင်းနိုင်က ကိုခွေးနဲ့မအေး”ဆိုတဲ့ကားကို ကလေးသရုပ်ဆောင် အောင်ထွန်းလေး ကို ခေါင်းဆောင်တင်ပြီး ကလေးတွေနဲ့ချည်း ရိုက်ကူးထုတ်လုပ်ခဲ့ဖူးတယ်။ ဖျာပုံလှမိုးနွယ် ရဲ့ ဝတ္ထုကို မောင်မြင့်သိန်း(ဆေး)က ဇာတ်ညွှန်းရေးပြီး၊ လူကြီးသရုပ်ဆောင်တွေအဖြစ် ဦးမြင့်ဖေ၊ ဦးစံမတူ၊ ပီချေး စတဲ့သူ တွေပါဝင်ခဲ့ကြတယ်။

အဲဒီနှစ်မှာပဲ မြန်မာ့ရုပ်ရှင်သမိုင်းမှာ ထူးခြားတဲ့ ပထမဆုံးသိပ္ပံရုပ်ရှင်ကားတကား ရိုက်ကူးထုတ်လုပ်ခဲ့ပါတယ်။ ဝတ္ထု၊ ဇာတ်ညွှန်း မင်းဏီ၊ ဒါရိုက်တာသီဟသူ ရိုက်ကူးတဲ့ “ဒေါက်တာဖေငယ်” ဇာတ်ကား၊ နိုင်ငံခြားပြန်ဒေါက်တာ ဘွဲ့ရ ထွန်းထွန်း ဟာ ဥက္ကာပျံခဲကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ရာ ဓာတ်ရောင်ခြည်ရှူမိလို့ သူ့အရွယ် သုံးလက်မအထိ တဖြည်းဖြည်း သေးသွား၊ စူးစမ်းမှုတွေဆက်လုပ်ရာက အောင်မြင်ပြီး နဂိုအရွယ် ပြန်ရောက်သွား စသဖြင့် ဇာတ်လမ်းဆင်ထားတယ်။

ဇာတ်ကားရုံတင်တော့ ပထမဦးဆုံး မြန်မာသိပ္ပံဇာတ်ကားကြီး”လို့ ကြော်ငြာချိတ်ခဲ့တယ်။ ညွန့်ဝင်း၊ မေဝင်းမောင်၊ မင်းဏီ တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြတယ်။ ၁၉၈၃ ခုနှစ်မှာ ထွက်ပေါ်ခဲ့တဲ့ ဒါရိုက်တာဦးတင်ယုရဲ့ ချစ်တဲ့ရက်ကို ကြိုနေမယ်”ဇာတ်ကားလည်း ထူးခြားတယ်။

ဒီဇာတ်ကားမှာ ကျော်ဟိန်း၊ နွဲ့နွဲ့မူ၊ ဆွေဇင်ထိုက်၊ စံရှားတင်၊ ကောလိပ်ဂျင်နေဝင်း၊ ဦးကျောက်လုံး၊ဦးတင်မောင်၊ ဦးတင်ယု၊ ဦးကျော်ဝင်း၊ မေလွင်၊ ထွန်းလှိုင်၊ ဦးဘကြည်၊ ဒေါ်မေသစ်၊ သီသီ၊ ဒေါ်မေနွဲ့၊ စိုးရွှေ၊ ခင်မို့မို့၊ ဦးသန်းမောင်၊ ဦးစံအေး၊ ဗိုလ်ဗကို၊ အေးအေးသင်း၊ မောင်တင်ဦး၊ အံ့ကျော်၊အောင်လွင်၊ မြင့်နိုင်၊ ဒေါ်စိန်ခင်၊ ချစ်မင်းလူ၊ မောင်စိမ်းအောင်၊ ဦးကြီးမြင့်၊ ဦးစန်းမောင်၊ ဦးတင်ဝင်း၊ ဦးချင်းစိန်၊ စိန်မြင့် စတဲ့ အကယ်ဒမီ (၃၃) ယောက် ပါဝင်သရုပ်ဆောင်ထားကြတယ်။

ပါဝင်သရုပ်ဆောင်ကြသူတွေရဲ့ အနုပညာကြေးကို ပိုက်ဆံနဲ့မပေးဘဲ တယောက်ကို ဆန်တအိတ်၊ဆီတပုံးစီ ပေးခဲ့တာလည်း ထူးခြားတာပါပဲ။ ခုနှစ် ပြန်ရှာတာမတွေ့ပေမယ့် ကိုယ်တိုင် ကြည့်လိုက်ရတဲ့ ဇာတ်ကားကတော့ ဒါရိုက်တာမောင်ဝဏ္ဏ ရိုက်တဲ့ ဓာတ်ခဲ”ပါ။ သားဖြစ်တဲ့ ဥက္ကာကို တည်ပြီး ဇာတ်ပို့ ဇာတ်ရံတွေနဲ့ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဓာတ်ခဲဟာ အဲဒီခေတ်က စူပါတွေမပါဘဲ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တယ်။

သဘာဝကျကျ ရယ်ရတဲ့ ဇာတ်ကားဖြစ်ပြီး ယူကျုမှာ ပြန်ရှာကြည့်လို့ရပါတယ်။ တကယ်တော့ ရိုက်တတ်ရင် အသက် ၂၀ ကျော် မင်းသားတွေ မပါလည်း ကြည့်ကောင်းတဲ့ ရုပ်ရှင်တကား ဖြစ်ပါတယ်ဆိုတာ သိရတာပေါ့။

စာကိုး-မြန်မာ့ရုပ်ရှင်သမိုင်းဝင်များ(အေးကြူလေး)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar