Breaking News

ဆယ်ပေါင်တူ - ‘သရာဝန်’ ရော လူကဲခတ် ထူးချွန်ပါ၏လော

ဆယ်ပေါင်တူ - ‘သရာဝန်’ ရော လူကဲခတ် ထူးချွန်ပါ၏လော

မိုးမခ ၊ အောက်တိုဘာ ၁၅ ၊ ၂၀၂၅


ကွင်းစကွင်းပိတ်ထဲကနေ (ပြည်)ဆိုတာ ဒဲ့ထည့်မရေးချင်လည်း သရေခေတ္တရာတွေ ဘာတွေနဲ့ လှည့်ပတ်ရေးလိုက်ပေါ့လို့ အတွန့်မတက်ကြပါလေနှင့်။  ကိုယ်ထည့်ချင်တဲ့မြို့ ကိုယ်ကြိုက်သလိုသာတွေးပြီး ထည့်ကြပါတော့။ တကယ်တော့ အခုရေးမှာက ‘ကိုဝန်’လို့ ရပ်ထဲရွာထဲ နာမည်တွင်သူတယောက် အကြောင်းပါ၊ လိုရာဆွဲတွေးနေကြမှာ သိလို့ ကြိုပြောထားရတာ။

ဘယ့်နှယ်ကြောင့် ဒီနံမည်တွင်ခဲ့ရတာကိုတော့ မသိ၊ ‘ဝန်’ဆိုတာက ငှက်ကြီးဝန်ပိုနဲ့ တင်စားပြောတယ် ဆိုရင်လည်း ဘယ်ပုံ ဘယ်နေရာ နှိုင်းပြောကြလေတယ် ပြောမပြတတ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် သူ့နံမည်ကို လွယ်လင့်တကူ ‘ကိုဝန်’လို့ပဲ အားလုံးက နှုတ်ကျိုးနေကြတယ်။

ဒါပေမဲ့ ကာယကံရှင် ‘ကိုဝန်’က ဒီနံမည်ကို သိပ်မကြိုက်လှဘူး။ စဉ်းစားကြည့်လေ၊ အသံထွက်အရဆိုရင် သူ့ကိုမသိတဲ့သူတွေစိတ်ထဲ ကိုယ်ဝန်ဆောင်သည်တယောက် လိုလို ဘာလိုလိုနဲ့ ကိုယ်ဝန်ကြီးနဲ့မို့ အခေါ်ခံရတယ်မှတ်နေကြမှာ။ ဆက်ပြောရရင် အဲဒီ ‘ကိုဝန်’က အရပ်ထဲမှာတော့ အပြောကောင်း အရေးကောင်းတယောက်လို့ သတ်မှတ်ထားကြတယ်။ နေရာတကာ ဆရာ တပ်ခေါ်ကြတာ ထုံးစံလိုဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းဆိုတော့၊ ‘ကိုဝန်’လည်း ‘ဆရာဝန်’ဆိုပြီး ဖြစ်ပါလေရော။ 

သူ စိတ်တိုင်းမကျတဲ့ ‘ကိုဝန်’ဆိုတဲ့ နံမည်ကတော့ လွတ်မြောက်သွားပါလေရဲ့။ ဒါပေမဲ့ သေချာပြန်စဉ်းစားကြည့်တော့ သူ့အကြောင်း ဂဃနဏ မသိသူတွေက ဆရာဝန်အစစ် မဟုတ်တဲ့ အပ်ပုန်း ဒေါက်တာရမ်းကုလို့ ထင်သွားကြမှာလည်း စိုးရိမ်စရာ။ ဆရာ တပ်အခေါ်ခံရတာကိုလည်း မတားချင်၊ ဆရာဝန်လို့လည်း ထင်ယောင်ထင်မှား မဖြစ်ချင်တဲ့  ‘ကိုဝန်’တယောက် တနေ့တော့ အကြံကောင်းတခုရသွားတယ်။

ကရင်ပြည်နယ်ဘက် အလည်ရောက်သွားတဲ့အခိုက်မှာ ‘ဆရာ’ကို ‘သရာ’လို့ ခေါ်ကြပြောကြတာတွေ ကြုံတွေ့ပြီးတဲ့နောက် သူလည်း ‘သရာဝန်’လို့ ဖြစ်သွားပါလာရော။ ဒါက ‘သရာဝန်’ အမည်နာမ မြစ်ဖျားခံရာပေါ့။

အဲဒီ ‘သရာဝန်’အကြောင်း အခု ဆက်ပြောပါမယ်။ စာရေး စာဖတ်ကောင်းတဲ့သူ ဆိုတော့ ရွာကို ဧည့်သည်စောင်သည် လာရင် သူ့ကိုပဲ အားကိုးရပြန်တယ်။ ရပ်အကြောင်း ရွာအကြောင်း ချက်နဲ့လက်နဲ့ သူက ပြောတတ်ဆိုတတ်ကိုး။ အဲဒီအထိက ဟုတ်နေသေးတယ်၊ ဒါပေမဲ့  ‘သရာဝန်’မှာ အဲဒီလို ဧည့်သည်တွေနဲ့ ပြောဆိုရတာကနေ ရောဂါတခု ရလာတယ်။ သူ့ကိုယ်သူ သူများထက်ပိုပြီး လူကဲခတ်ကောင်းတယ်လို့ ထင်တလုံး ဝင်လာတာပါ။

ဒီလိုရယ်ပါ။  ဧည့်သည်တွေ လာတော့ စားရေး သောက်ရေးအတွက် မေးမြန်းရတာပေါ့၊ ဘာအသားစားလဲ၊ ဘာရှောင်သလဲ စသဖြင့်ပေါ့။ နောက်ပိုင်းမှာ ‘သရာဝန်’က တိုက်ရိုက် မမေးတော့ဘဲ သူ့ဘာသာ ခန့်မှန်းကြည့်တယ်။ ခင်ဗျား ခြေလေးချောင်းသား မစားဘူး မလား၊ ရေသတ္တဝါပဲ စားတယ်မလား၊ သက်သတ်လွတ်ပဲ စားတယ်မလား စသဖြင့်ပေါ့။ ပြောရင်လည်းပြောစရာပဲ ‘သရာဝန်’ခန့်မှန်းသမျှ ကွက်တိလို့ ပြောရမလောက်အောင် သူက အကဲခတ်တတ်တယ်။ အခုနောက်ပိုင်းဆို အော်ဂဲနစ် အသီးအနှံပဲ စားတယ်မလား ဆိုပြီးတောင် သူကလုပ်လာတယ်။ ဒါလည်း မှန်တာပဲ။ ဒီလိုနဲ့ ‘သရာဝန်’ တယောက်လည်း သူသာလျှင် အကဲခတ်အကောင်းဆုံး၊ သူ့လောက် လူ ကဲခတ်ကောင်း သူတယောက်မှ မရှိဆိုပြီး အောက်ခြေလွတ်သလိုလို ဖြစ်လာတယ်။

ဘာမဆိုင် ညာမဆိုင် ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ ဗီဒီယိုရုံမှာ လက်ဖက်ရည်ဆိုင် မှာ ဝိုင်းကြည့်ကြရင်လည်း၊ ‘အဲဒီကောင်က တိုက်စစ်မှူးသာပြောတယ်၊ ဂိုးပေါက်တည့်အောင် ကန်နိုင်မယ့်ပုံမပေါ်ဘူး၊ ရှော်လိုက်တဲ့ဂိုးသမား သက်စေ့တောင် ဂိုး အ သွင်းခံရဦးမယ်လို့ ပွဲမစမီ လူစာရင်းကြည့်ပြီး အာဘောင်အာရင်းသန်သန် ပြောတတ်လာတယ်။ တိုက်ဆိုင်တာလား မသိဘူး၊ သူ ကြိုအကဲခတ်သလို ဖြစ်တာများတယ်။ နောက်ဆုံး လူမရွေးတတ်တဲ့ နည်းပြ၊ လူရွေးညံ့တဲ့ မန်နေဂျာဆိုပြီး ကလော်တုတ်တဲ့ အကျင့်စွဲသွားပါလေရော။

ဒါမျိုးက ဘောလုံးပွဲကြည့်ပရိတ်သတ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ မန်နေဂျာ နည်းပြတွေ ဆိုတာလည်း ပရိသတ် စောင်းမြာင်းဆဲဆိုတာ ရိုးလို့တောင်နေပြီ။ 

ပရိသတ်ကလည်း သွေးပူနေတုန်းမို့ ပြောကြတာ၊ နောက်တော့လည်း ဘောလုံးပွဲ ကြည့်နေတုန်းကလို စိတ်တွေ မရှိတော့ပါဘူး။ ဘယ်သူမှလည်း ငါသာ ဘောလုံးနည်းပြနေရာမှာဆို ဘယ်လိုဘယ်ပုံ ပြောင်းကစားမယ်၊ ငါနဲ့ နည်းပြ နေရာချင်း လဲလိုက်ချင်တယ် ဆိုတာမျိုးက စကားအဖြစ်သာ ပြောကြတာ။ လက်တွေ့မှာ အဲဒီနည်းပြ ဘယ်လိုဘယ်ပုံ အခက်အခဲတွေရှိလို့ အဲဒီ(၁၁)ယောက်ရွေးပြီး အခုလို ကစားကွက်တွေနဲ့ အကောင်းဆုံးကစားရတာ ဆိုတဲ့အသိလည်း ဝင်ကြပါတယ်။ နည်းပြမှာလည်း သူ့အခက်အခဲနဲ့သူ ရှိနေတာပဲလေလို့ ဖြေတွေးသူက တွေးကြပေါ့။

ခြွင်းချက်ကတော့  ‘သရာဝန်’ပဲ၊ သူကတော့ ကလောင်တချောင်း ပိုင်ရှင် ဆိုတော့၊ ပွဲပြီးတာနဲ့ လူရွေးညံ့တဲ့ မန်နေဂျာ၊ ကိုယ့်ကစားသမားအကြောင်း မသိတဲ့ လူကဲခတ်ညံ့တဲ့ နည်းပြဆိုပြီး လက်တမ်း ချရေးပါတော့တယ်။  ဒီဘက်ကိုပဲ ဖိရေးချင်စိတ်များ နေလေတော့၊ ညစ်ပြီး လူချစကားတဲ့ တဘက်အသင်း၊ ဆုံးဖြတ်ချက် မှားတဲ့ ဒိုင်လူကြီးအကြောင်း ဆိုတာမျိုးတွေတောင် မပါတော့ဘူး။ လူကဲခတ်ညံ့ လူရွေးမှားတဲ့ မန်နေဂျာအကြောင်း ပြောမဆုံး ရေးမဆုံး။ တခါများကဆို မန်နေဂျာ ခမျာ အဖြုန်းခံရပြီးလို့ ၅ နှစ်လောက်တောင် ရှိတော့မယ် သူ့မှာက ရေးလို့မဆုံးနိုင်သေးဘူး။

ဘာသားစားလဲ မစားလဲ၊ ဘောလုံးပွဲ နိုင် မနိုင် အကဲခတ်တာတွေက တပိုင်းပါ။ အခု ပြဿနာက အဲဒါတွေနဲ့ နှိုင်းလို့မရဘူး။ အမေအရွယ်၊ အဘွားအရွယ် ပြန်ဖြေရှင်းချက် မထုတ်နိုင်တဲ့ တပြည်လုံး ချစ်ခင်လေးစားကြသူ တယောက်အပေါ် လူရွေး ဘယ်လို မှားတဲ့အကြောင်း၊ အားနည်းချက်တွေက ဘယ်သို့ဘယ်ပုံ ဆိုတာ ဇာတ်လိုက်ကျော် ‘သရာဝန်’က ပြော၍မကုန် ရေး၍မခန်း ဖြစ်နေလို့ပါ။

ဖြစ်ပျက်ခဲ့တာတွေကို  နောက်ကြောင်းပြန်စဉ်းစားကြရင် တနိုင်ငံလုံးမှာ ‘သရာဝန်’ တယောက်တည်း ထူးကဲပြီး မြင်နိုင်စွမ်း ရှိခဲ့တာတော့ မဟုတ်တာ သေချာတယ်။ အများအပြား တွေးမိခဲ့ကြပါတယ်။ ဒါပေမဲ့ လူထုခေါင်းဆောင် ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အလုံးစုံ မသိခဲ့ကြပေမဲ့၊ အစိုးရဖွဲ့နိုင်တဲ့ အချိန်မှာကတည်းက အ သက် ၇၀ တန်း ရှိသူတဦးဟာ  ရှိသမျှ  အင်အား စိုက်ထုတ်ပြီး ပြည်သူတွေအပေါ် စေတနာစိတ်အပြည့်ထားပြီး အကောင်းဆုံးရလဒ် တခုရအောင် မနားမနေ ကြိုးစားခဲ့မှာကို ပြည်သူစစ်စစ်တွေက သံသယမရှိကြပါဘူး။

နိုင်ငံရေးပါးမဝသလိုလို၊ အရည်အချင်းမဲ့သလိုလို၊ ဉာဏ်အမြော်အမြင် မရှိသလိုလို၊ မလုပ်တတ် မကိုင်တတ် အားနည်းချက် ဗရပွနဲ့ သူလို့ သွယ်ဝိုက်ပြောဆို ခံရသူတယောက်နောက်က ဝါရင့်သမ္ဘာရင့် တတ်သိပညာရှင်များစွာနဲ့အတူ  ပြည်သူတရပ်လုံး ယုံယုံကြည်ကြည် လိုက်လျှောက်ခဲ့ကြတဲ့ ခရီးလမ်းရှည်ပါ။ 

ဖခင်မျက်နှာနဲ့ စိန်နားကပ်ယောင် ပါးပြောင်ရုံသက်သက်၊ မလုပ်တတ်မကိုင်တတ် မသိတတ် မမြင်တတ် သူတဦးသာ ဆိုရင်တော့  ဆရာဦးဝင်းတင်က ‘ဒေါ်စုက နိုင်ငံရေးကို ဘယ်လိုစဉ်းစားနေလဲ ၊လက်တွေ့မှာ ဘာလုပ်မှာလဲ ဆိုတာမျိုး ၊ ဘယ်တော့မှ အ ပြိုင် မတွေးနေနဲ့ ။ ဒေါ်စုရဲ့နိုင်ငံရေးကို သွားမခန့်မှန်းနဲ့ ။ ရူးသွားလိမ့်မယ်’ လို့ ပြောဖြစ်ခဲ့မယ် မထင်ပါဘူး။  အဘဦးဝင်းတင်နဲ့ အနီးကပ်နေထိုင်ခဲ့တဲ့ ကိုရာဇာရဲ့ ပြန်လည် ပြောပြချက်ကနေ ကောက်နုတ်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အကျယ် ချုပ်ကာလ ၂၀၁၀ နှစ်တဝိုက်တုန်းက ရန်ကင်းက ကျောက်ကုန်းအိမ်မှာ ဆရာဦးဝင်းတင် သူ့ကို ပြောပြခဲ့တာ  ဖြစ်ပါတယ်။

လူထုခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက် လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး၊ မေး ခွန်းထုတ် စရာတွေ ရှိနိုင်ပါတယ်။ နိုင်ငံတကာမှာလည်း တိုင်းပြည်ခေါင်းဆောင် တွေရဲ့ လုပ်ရပ်တိုင်းအပေါ် ရာခိုင်နှုန်းပြည့် စိတ်တိုင်းကျ လက်ခံနိုင်ကြတာ မဟုတ်ပါဘူး။

ဓနုဖြူ ခရီးစဉ်မှာ ပစ်မိန့်ကနေ ကပ်လွဲခဲ့၊ ဒီပဲယင်း လုပ်ကြံမှုမှာ အသက်ဘေးကနေ သီသီလေး လွတ်ခဲ့ရသူတဦးက လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင် အပါအဝင်၊ စစ်အာဏာရှင် အဆက်ဆက်အပေါ်  စုံလုံးကန်းပြီး ယုံကြည်နေမှာ မဟုတ်တာကလည်း သေချာပါတယ်။ နှုတ်က လူသိရှင်ကြား ထုတ်မပြောခဲ့ပေမဲ့ ၊  စိုးရိမ်သံသယတွေနဲ့ အတတ်နိုင်ဆုံး ချိန်ဆ ပြင်ဆင်ခဲ့မှာပါ။ ၂၀၀၈ ခြေဥအရ အနီးအနား နေ့နေ့ညည ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြီး အကဲ ဝန်ကြီးကိုတောင် ခန့်အပ်ပိုင်ခွင့်မရှိတဲ့ အစိုးရကို ဦးဆောင်ခဲ့ရသူလည်း ဖြစ်ခဲ့ပါတယ်။ ပြောချင်တာက ခြေတလှမ်းမှားလို့ မရတဲ့ အခြေအနေပါ။

ပိုစ့်ထဲမှာ ရည်ညွှန်းရေးသားခဲ့တဲ့  သူကောင်းပြုခံခဲ့ရသူတွေက ဘယ်သူ့ ထောက်ခံချက်တွေ၊ ဇကာတင်ပေးချက်တွေကတဆင့်  အဲဒီနေရာ ရောက်ခဲ့ကြသလဲ ဆိုတာကိုလည်း ဖော်ထုတ်ထည့်ရေးသင့်ပါတယ်။ လူထုခေါင်းဆောင် ခေါင်းပေါ်ချည့် အရှုပ်ထုပ် မှန်သမျှ မတင်သင့်ပါဘူး။ ခေါ်မသုံးခဲ့တဲ့သူတွေထဲ အခု ရွေးကောက်ပွဲအတုကို နန့်နန့်တက် ဝင်ပြိုင်ဖို့ ပြင်နေသူတွေ ပါတာကိုလည်း  ဘက်မျှအောင် ထည့်ရေးသင့်ပါတယ်။

တကယ်လို့သာ ၂၀၂၁ အာဏာသိမ်းမှုသာ မဖြစ်ခဲ့ရင် မြန်မာနိုင်ငံကြီးဟာ ပိုသာလွန် ကောင်းမွန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေမယ် ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ အဲဒီလိုသာဆိုရင် မေးခွန်းထုတ်စရာတွေလည်း ရှိခဲ့ရင်တောင်မှ အသံတိုးတိတ် ညင်သာနေပါလိမ့်မယ်။ 

လက်ရှိ ဖြစ်ပျက်နေသမျှဟာ အာဏာကို လက်နက်အားကိုးနဲ့ အဓမ္မရယူချင်တဲ့၊ ပြည်သူကို စစ်ကျွန်ပြုချင်သူများရဲ့ အပြစ်သက်သက်ကြောင့်သာ ဖြစ်ပါတယ်။ ၂၀၀၈ ခြေဥထဲ လှုပ်မရအောင် စီစဉ်တကျ ဉာဏ်နီဉာဏ်နက်များနဲ့ ကန့်သတ်လှုပ်ရှားခဲ့ရတဲ့ အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့ရသူရဲ့ အားနည်းချက်၊ နိုင်ငံရေး ပရိယာယ် မကြွယ်ဝသူ ‘သရာဝန်’ လေသံနဲ့ဆို ‘ဖြူ’သလို ‘ထူ’သူတဦးကြောင့်လို့ ယိုးစွပ်ဖို့ မသင့်တော်ပါဘူး။ လူထုခေါင်းဆောင်ရဲ့ ဉာဏ်ပညာနဲ့ ချစ်ခြင်းမေတ္တာ၊ အနစ်နာခံမှုတွေအပေါ် ဓမ္မဘက်ခြမ်းကသူများက သံသယဝင်လေ့မရှိသလို၊ သံသယဝင်အောင်လည်း မပြုလုပ်ကြပါဘူး။

အကယ်၍ ‘သရာဝန်’သာ သူမတူအောင် အကဲခတ်ကောင်းသူ ဖြစ်ခဲ့မယ် ဆိုရင်တော့ စုစည်းညီညွတ်ဖို့ အလွန်လိုအပ်နေတဲ့အချိန်မှာ ပြန်လည်ဖြေရှင်းခွင့်မရတဲ့၊ မတရားအကျဉ်းချခံနေရရှာတဲ့ အသက် ၈၀ အရွယ် လူထုခေါင်းဆောင်နဲ့ ပတ်သက်တဲ့ အနုတ် လက္ခဏာဆောင် ထောက်ပြချက်တွေ ချရေးပြီး ပြည်သူကိုစိတ်ဝမ်းကွဲ သဘောထား ကွဲစေတဲ့ ရေးသားမှုတွေ ပြုလုပ်ဖြစ်ခဲ့မယ် မထင်ပါဘူး။ ‘သရာဝန်’ တို့လို စာရေးသား သူတွေဆီက ဒီလိုအကြောင်းအရာမျိုး ပြည်သူတွေ ဖတ်ချင်ကြလိမ့်မယ်လို့  ပြည်သူတွေအပေါ်  လူကဲမခတ်သင့်ပါဘူး။ ‘သရာဝန်’ လူကဲခတ် လွဲရှာလေပြီ။ အခုတော့ ကိုယ့်ဘက်ခြမ်းမှာ သဘောထားကွဲစေသလို၊ ဖြစ်ပျက်သမျှ လူထုခေါင်းဆောင်မှာ အပြစ်ရှိတယ်လို့ ပုံဖေါ်ချင်သူ စစ်အာဏာရှင် ဘက်တော်သားများအတွက်လည်း ကုန်ကြမ်း ရှာပေးလိုက်သလိုပါပဲ။

လူထုခေါင်းဆောင်ဟာ ချက်ကျလက်ကျ ဖြေရှင်းတတ်သူတဦးဖြစ်လို့  နောင်တချိန် အခွင့်အရေးသာ ရခဲ့ရင် ဘာ့ကြောင့် ဒီဆုံးဖြတ်ချက်တွေ ချခဲ့ရတယ်ဆိုတာ ပြန် ကြားသိရမှာပါ။ အခုအချိန်မှာတော့ အသက် ၈၀ အရွယ် အဓမ္မအကျဉ်းချခံနေရသူ တဦးလက်ထဲ ဒီလိုရေးသားချက်မျိုးကို အကွက်ချ ပေးပို့လိုက်တာမျိုး ရှိခဲ့ရင်၊ ‘သူမနဲ့ သူမရဲ့ စေတနာကို နားမလည်နိုင်ကြပါလား’ ဆိုတဲ့အသိက ဖိစီးသွားစေပါလိမ့်မယ်။ ဒီအချက်ကို စိတ်လိုလက်ရ စာရေးသားကြသူတွေအားလုံး သတိကြီးကြီးထားသင့်ပါတယ်။ တော်လှန်ရေးကာလမှာတော့ အချိန်အခါပေါ် မူတည်ပြီး ရေးသင့်ရေးထိုက်တာတွေကိုသာ ပိုရေးဖြစ်ကြရပါတယ်။ 

သာမန်လူတွေ မြင်တတ်၊ တွေးတတ်သလောက်တော့ လူထုခေါင်းဆောင်လည်း တွေးတတ်မှာပါ။ အများအမြင်နဲ့  မတူညီရင်တောင်မှ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက် ခိုင်ခိုင်မာမာ ရှိပါလိမ့်မယ်။ လူတကာ တွေးမိကြမယ့် အကြောင်းအချက်တွေနဲ့တော့ စုစည်းညီညွတ်ဖို့ အရေးကြီးတဲ့အချိန်မှာ လှုပ်ခတ်ရေးသားဖို့  မသင့်ဘူးလို့ပဲ မြင်မိပါတယ်။ 

‘သရာဝန်’ တွေးတာမျိုး လူထုခေါင်းဆောင်ခမျာ မတွေးတတ်ရှာဘူးလို့  ဆက်ယုံကြည်နေရင်တော့လည်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်နိုင်ခြေလူစာရင်းထဲသာ ကိုယ့်ဘာသာကိုယ် ထည့်လိုက်ပါလေကုန်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar