ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကြင်စိုးရဲ့ ကျားဖင်နှိုက်ခန်း
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကြင်စိုးရဲ့ ကျားဖင်နှိုက်ခန်း
မိုးမခ ၊ အောက်တိုဘာ ၂၄ ၊ ၂၀၂၅
ကော်မရှင်အုက်ကြီးသန်းစိုးက နဂိုအပြဲ ကော်တွဲထားရတဲ့စစ်တပ်ပြိုကွဲရေးနဲ့ မရှိတဲ့ဂုဏ်သိက္ခာ ထိခိုက်စေရန်၊ စစ်တပ်ရဲ့ ခိုးရေး သတ်ရေး မီးရှို့ရေးဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေရန် ဟောပြော မဲဆွယ်တာတွေလုပ်ရင် အရေးယူမယ်လို့ အမတ်တွေကို ဖြဲတယ်။
သူ့နေရာဝင် အမတ်လောင်း အသိအမှတ်ပြု မပြု တံဆိပ်ထုနေတဲ့ ငပုကိုတော့ မမြင်ဟန်ဆောင် အရှက်ပြေ ဟိုဟောင် ဒီဟောင် လုပ်တဲ့သဘောပါ။ ဘုရင် အလွန်လုပ်ချင်တဲ့ငပုကလဲ ဘာဘုရင်လုပ်ရလုပ်ရမဟုတ်လား၊ အဲတော့ တခြားနေရာမှာ ဘုရင်မဖြစ်အတူတူ မဆိုင်တာဝင်ရှုပ်တဲ့နေရာမှာ ငါဟဲ့ဘုရင် ဘယ်သူယှဥ်ဆိုပြီး အကုန်ဝင်ရှုပ်တော့တာကိုး။ ငပုကောင် လဥရောင်တာကို မပြောရဲတော့ ရွေးကောက်ပွဲကို လေးဘက်ထောက် ဝင်လာတဲ့လနာတွေကို ခပ်တည်တည်ဟောင်တော့တာပေါ့။ ဒီကောင်တွေကတော့ ဘယ်လောက်ငေါက်ငေါက် မဝင်ရမှာကြောက်တော့ ဟောက်သမျှဟုတ်ကဲ့ဟုတ်ကဲ့နဲ့ ဒုတ်နဲ့တောင်ရွယ်စရာမလို အပိုးကြိုးချက်။ အင်း အပိုးကြိုးဆို သူခိုးဓားရိုးကမ်းကြသူတွေချည်း။ မသိရင် အတွင်းကနေ စစ်တပ်ကို အတိုက်အခံလုပ်မယ့်သူတွေချည်းခွေးလျှောက်ပွဲဝင်မလိုလို။
သိန်းစိုး အထင်ကြီးသလို ရပ်ထဲရာထဲ စစ်တပ် စောက်သုံးမကျကြောင်း သွားဟောဖို့ပြောဖို့ နေနေသာသာ၊ အိမ်ကပြင်တောင် ထွက်မထိုင်ရဲတဲ့ဘဝ။ ဗိုလ်ပြုတ်တွေတောင် စည်းရုံးရေးမဆင်းခင် လုံခြုံရေးတပ် အရင်ထောင်နေကြရတာ ဘဝ မဟုတ်လား။ ဒရုန်းလား၊ စနိုက်ပါလား၊ ပစ္စတိုလား၊ မိုင်းဗုံးလား၊ ကုန်းသီးလား တလားလားနဲ့ လားပင်စင်သွားနိုင်တာမို့ စကားပလ္လင်တောင် ထွက်မခံရဲတဲ့အဆင့်။ ခွေးဖင်ပူးတာလောက်ကို စိတ်ဝင်စားမခံရတဲ့ နိုင်ငံရေးအူချာနဲ့ ချူနာတွေချည်းဆိုတော့ ၆၈၀၀ စားနှစ်ယောက်တပိုင်းလောက်လာမယ့် ခွေးလျှောက်ပွဲကို အာဆီယံနိုင်ငံတွေက စောင့်ကြည့်အဖွဲ့လွှတ်မလိုလိုကလဲ စစ်အုပ်စုက ဖိန့်သေးတာ။ အင်းလေ မလိမ်ရင် နူမှာ ဝဲစွဲမှာဆိုတော့ လိမ်စရာမရှိ ကိုယ့်ပုဆိုးစကိုလိမ်နေတဲ့ကောင်စားတွေဆိုတော့လဲ ခက်သား။ ကိုယ့်စိတ်ကြိုက်ရွေးထားတဲ့သူနဲ့ ကိုယ့်သဘောကျလုပ်မယ့်အပြင် မဲဘယ်နှစောင်ထည့်ထည့် အထမြောက်တယ်ဆိုမှတော့ ဘာလေ့လာစရာရှိမလဲ။ ဘယ်သူကမှလဲ လူလုပ်တဲ့ရွေးကောက်ပွဲလို့ကို မသတ်မှတ်တာ။ ပြိုင်မယ့်သူတွေကလဲ လူရုပ်ပေါက်တာကို တယောက်မှမပါချက်။ ဖွတ်ရုပ်လိုလို ကြံ့ရုပ်လိုလို ခွေးရုပ်လိုလို မှင်စာလိုလို ဂြိုဟ်သားလိုလို ငါးခူလိုလို ပြာနှမ်းနှမ်းမွဲခြောက်ခြောက် အောက်ကလိအာ မျောက်ငပိကိုင်မိတဲ့ဟာတွေချည်း။
မအလကလည်း ခပ်တည်တည်နဲ့ အမတ်လောင်းတွေကို ဖြတ်မယ် တပ်မယ်ဆိုပြီး လျှောက်သာဖြဲနေရတာ၊ တကယ်က တရုတ်က သူ့ကို ထရန့်ဘောပြေးငုံမယ်ကြံနေတာမို့ ကျားဖြန့်နဲ့ပတ်သက်တာတွေ ဖြဲပြလိုက်လို့ ပြာနေတာအပြင် အမေဒိကန်ကပါ ဘာလဲဟဲ့ကျားဖြန့်ဆို အသံပေးလာတာရယ်ကြောင့် သူနဲ့ ကျားဖြန့်နဲ့မဆိုင်ဘူးဆိုတာ ပြချင်တော့ KK Parkကို ဝင်စီးတယ်လေ။ စီးပုံကလဲ ငါလာပြီလို့ ကျွေးကျော်ပြီးမှ စီးတာ၊ BGF ကလည်း ဂိတ်တံခါးတွေ အကုန်ဖွင့်ပေးထားတယ်။ အဓိကသမားတွေတယောက်မှ မပါတော့ဘူး။ မြဝတီမှာ ဘီလာရုစ်က အဆိုတော်တယောက် ကိုယ်အင်္ဂါအစိတ်အပိုင်းတွေထုတ် အဖျောက်ခံရတာလဲ မပတ်သက်အောင် ရှောင်ရင်းပေါ့။ နိုင်ငံတကာမှာ ကျားဖြန့်ရာဇာကြီး ဆိုပြီး ရုပ်ပေါက်နေတာလေးလဲ ပျက်လိုပျက်ငြားပေါ့။ အာဆီယံတက် ထရမ့် လက်ကို ဆွဲရတော့မယ်ထင်ပြီး စိတ်တွေခုန် ဖင်တွေတုန်ပြီး ကျားဖြန့်တွေ ဝင်နှံလိုက်တာ အာဆီယံက လူပွဲ ခွေးမဝင်ရ ဆိုင်းဘုတ်ချိတ်တော့ ငုတ်တုတ်မေ့၊ ခုတော့ အာဆီယံမဟုတ်ဖူး၊ ဖာဆီယံလို့ချည်း ထိုးထိုးဟောင်နေသတဲ့။
ဒါနဲ့ပဲ ငါးမရ ရေချိုးပြန်နေကျအတိုင်း ကရင်ပြည် ကျားဖြန့်ကိစ္စဟာ ငါမကယ် သေဖွယ်ရှိဆိုပြီး ဖထီးတို့ကို စောက်ခွက်ပြောင်ပြ၊ ကရင်နယ် ငါပိုင်ပါတယ်ဆိုတဲ့စောက်ချိုးချိုးပြတော့တာပေါ့လေ။ ကြားထဲက စောချစ်သူတော့ ဒစ်လည်တာပေါ့။ အဆင်မပြေတဲ့အပြင် ဝင်ငွေလဲ ထိခိုက်တာပေါ့။ တော်နေ အမေဒိကန်က စွတ်ဝင်လာရင် အကုန်တိုင်ပတ်မှာလည်း နှစ်ယောက်လုံးက ကြောက်နေရသေးတာကိုး။ အဲတော့ ဟေ့ကောင်တွေ ဟေ့ကောင်တွေ မပြေးနဲ့ဆိုပြီး လိုင်းကြေးယူတဲ့ ရဲ ချဲဖမ်းတဲ့အကွက်မျိုး သုံးတာပါဘဲ။ ဝ ထိန်းချုပ်တဲ့ တန့်ယန်းတို့ဘာတို့က ကျားဖြန့်သိုက်တော့ ဘယ်သွားနှိုက်ရဲမလဲ။ ကျားရီး အဲအဲ ကျားမြီးတော့ မဆွဲရဲဘူးလေ။ စောချစ်သူတို့လောက်တော့ ခေါင်းခေါက်ဖင်ကန် နားရင်းအုပ် လုပ်ချင်သလိုလုပ်လို့ရတာပေါ့။
အင်း မအလ ဘယ်လိုရှောင်ရှောင် ကျားဖြန့်တရားခံအဖြစ်ကတော့ မလွတ်နိုင်တာမို့ ခုဆို တရုတ်ဘာလုပ်လုပ် ဘောင်းဘီချွတ်ပေးနေရတာသာကြည့်။ ကိုးကန့်က ကျားဖြန့် တရားခံတိုင်းကို စစ်ရာထူးတွေ အုပ်ချုပ်ရေးရာထူးတွေအပြင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တွေပါ ခေါ်ခေါ်ပေးထားသေးတာတွေကလဲ သက်သေတမျိုး မဟုတ်လား။ ခုတော့ ထရန့် ဘော မ မရတာနဲ့ မထူးဇာတ်ခင်းပြီး ကျားဖြန့်ပြဿနာကို KNUလက်ထဲထိုးထည့် ငါဟဲ့ သူတော်ကောင်း ဘုရားလောင်းဆိုပြီး လက်ခမောင်းတောင် ခတ်နေလိုက်သေး။ ဖထီးတို့က လက်ဝှေ့သမားချည်းဆိုတာ တကယ် မသိတာလား၊ မသိသား ဆိုးရွားနိုင်တာလားဘဲ။ ဖထီးတို့က ဘယ်ဝိုက် ညာဝိုက်တွေ ဒူးတွေ တံတောင်တွေ ကျွေးမှ အမယ်လေး တနေရမယ်။ ဖထီးတို့လဲ ကျားဖြန့်နဲ့ ကျနေတဲ့ ကရင့်ဂုဏ်သိက္ခာ ဆယ်ရမယ့်အချိန် မဖြစ်မနေဆိုက်ပြီလေ။
မအလကလည်း ၁၀၂၇စစ်ဆင်ရေးဟာ ကျားဖြန့်ခေါင်းစီးတပ်ကြိတ်ခံရတာ ဘယ်မေ့မလဲ၊ မမေ့ဆို စစ်တိုင်း နှစ်တိုင်းတောင် ပျောက်သွားတာကိုး။ တရုတ် မကယ်ရင် အထုတ်တောင်သယ်ချိန်မရလိုက်ဘဲ ဖင်ဝဒုတ်ဝင် အဖုတ်အကင်တောင်ခံပြီးရောပေါ့။
အဲဒါကြောင့် ခုတခါ ကျားဖြန့်ခေါင်းစည်းကိုသူကကိုင်ပြီး ကျားဖြန့်နှိမ်နင်းရေးလုပ်ဖို့ ကရင်မှာ စစ်ကြောင်းထိုးနေရသလိုလိုထိ အသံကောင်းဟစ်တာပေါ့။ KK Parkက KNU လူကြီးတွေနဲ့ပတ်သက်သလိုလို အခုအခံကလေးကလည်း ရှိတော့ ဖိဆော့ကြည့်တာပေါ့လေ။ မကြာခင် ကဝေတွေချင်း တစ္ဆေတွေ ဗြင်းလို့ အဖြေတွေ ရှင်းကြတော့မယ် မဟုတ်လား။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar