ဖလော်ဒါဟန် - စစ်မှုထမ်းရာသီမှ ငါးသည်ဒေါ်ကြီးဝင်းရဲ့အလွမ်း
ဖလော်ဒါဟန် - စစ်မှုထမ်းရာသီမှ ငါးသည်ဒေါ်ကြီးဝင်းရဲ့အလွမ်း
မိုးမခ ၊ အောက်တိုဘာ ၂၃ ၊ ၂၀၂၅
အခုလိုရာသီက မြို့တည်နန်းတည် ရှေးဟောင်းမြို့လေးတဝိုက်မှာ ရှိတဲ့ အင်းအိုင်တွေ ရေကျချိန်ပါ။
ဒီနှစ်တော့ ငလျင်ကြီးလှုပ်ခဲ့တဲ့ မြို့ကြီးတွေများက ဝါဆို ဝါခေါင် ရေဖောင်ဖောင် မဖြစ်ထွန်းပေမဲ့ ငလျင်နဲ့ မိုးကတော့ အလှည့်ကျ ဆိုသလိုပါပဲ။
ဒီလပိုင်းမှာတော့ ငလျင်က ငြိမ်သွားပေမဲ့ မိုးကြီးခဲ့တဲ့အထက်ပိုင်း တဝိုက်မှာ ရေတင်လို့ကောင်းနေဆဲပါပဲ။
မနေ့က အဘိုး အိမ်ဘက်ရောက်တော့ တခါမှ မိုးရေနဲ့ အိမ်ကို တွဲမမြင်ဖူးပေမဲ့ အိမ်အဝင်ဝမှာ အုတ်ခဲတွေ စီချထားလေရဲ့။
ကျွန်မ အဘိုးအိမ်က ကုန်းမြင့်ဖြစ်သလို လူကုံထံတွေ နေခဲ့တဲ့ နေရာပါ။
အခုတော့ ဘေးပတ်လည်မှာ တိုက်တာအိမ်ခြေတွေ များလာတာရော ချောင်းတွေပိတ်၊ ရေဆင်းရေမြောင်းအစား နေအိမ်တွေ အစားထိုးဝင်လာတာကြောင့် နဂိုရှေးရိုးအတိုင်း နေထိုင်ခဲ့သူများရဲ့အိမ်ကြီးအိမ်ဟောင်းတွေပဲ ကျန်ရှိပါတော့တယ်။
ဖွားလေးတိုက်ကလည်း ငလျင်ကြောင့် ပြိုပျက်နေလေရဲ့။
လူကြီးသူမတွေ မရှိတော့ပေမဲ့ ကျန်ရစ်သူ အရီး လေးလေးတွေက အလုပ်လောဘနယ်ပယ်မှာ နယ်မကျွံကြဘဲ တင်းတိမ်မှုအပြည့်ဖြင့် လူပီသနေကြတာတော့ အမှန်ပါ။
ရေ အကြောင်းပြောတော့ အခုလိုရာသီမှာ အင်းတွေမှ ငါးဖော်ကြတဲ့လုပ်ငန်းတွေနဲ့ ရာသီစာမှာ ဝမ်းစာဖြည့်ရသည့် အလုပ်ဖြင့် ဘဝတွေ ခါးနေကြတုန်း ဆိုတာလေးကို ကျွန်မမိတ်ဆွေတွေကို ပြောပြချင်ပါတယ်။
ငါးသည် ဆိုတဲ့ အသံရှည်ကို ကြားရတာ အခုရက်ပိုင်းမှာ စိတ်လာပါတယ်။
ကျွန်မလည်း ငါးကြိုက်သူဆိုတော့ ပိုက်ဆံ တထောင်တန်လေးနဲ့ ဗျပ်ထိုးငါးသည်ကြီးဆီ အိမ်ရဲ့မန်ကျည်းပင်ကြီးအောက် ရောက်ခဲ့တာပေါ့။
ဒီမန်ကျည်းပင်ကြီးက ကျွန်မတို့ ဘိုးဘွားလက်ထက်က အပင်ကြီးပါ။ မြေနေရာ အကန့်အသတ်ထားတဲ့ အပင်ကြီးပါပဲ။
အခုတော့ ငါးသည်ကြီးဒေါ်ကြီးဝင်းရဲ့ ငါးသည် ဆိုတဲ့အသံနဲ့ အပင်အောက်မှာ အင်းဖော်ငါးတွေ ရောင်းတဲ့နေရာလို ဖြစ်နေပါပြီ။
ကျွန်မကလည်း ယူနေကျ ငါးပေါက်လေးတွေကို ငါးရာဖိုးထည့်ပေါ့ ဆိုတော့ ချိန်ခွင်မလို သူ့လက်နဲ့ပဲ သုံးဆုပ်ထည့်ပေးပါတယ်။
ပါးစပ်ကလည်း ဒီကနေ့တော့ ရောင်းချင်သလို ရောင်းသွားတော့မယ် ဆိုတာမျိုးလည်း ပြောသေး။
ဒါနဲ့ ကျွန်မကလည်း နောက်ထပ် ငါးရာဖိုး ထည့်ပါပေါ့ဆိုတော့ သုံးဆုပ် ထည့်ပေးပြန်တယ်။ ကျွန်မယူသွားတဲ့ ပန်ကန်အမောက်ပါပဲ။
ကျွန်မလည်း နေပွင့်တော့ ငါးတွေ နေလှန်းမယ်ပေါ့ ဆိုတဲ့ အတွေးနဲ့ပါ။
စိတ်ထဲမှာလည်း ဒေါ်ကြီးဝင်းတယောက် ငါးတွေကို စိတ်လွတ်သူတယောက်လို ဘာလို့ ပေးချင်တိုင်း ပေးနေပါလိမ့်တွေးနေတုန်း ဒေါ်ကြီးဝင်း အကြောင်းကို သိလိုက်ရချိန်မှာ စိတ်မကောင်းဖြစ်လိုက်ရပါတယ်။
ဒေါ်ကြီးဝင်းတို့ရွာမှာ စစ်မှုထမ်း မဲနှိုက်တာ သူမရဲ့ သားအကြီး မဲပေါက်သွားတယ် ဆိုတာရယ်၊ သူမ သားအကြီးက စစ်မှုထမ်းနဲ့ ဝေးတဲ့နေရာတနေရာကို ထွက်သွားတော့ ရပ်ကျေးက ဒုတိယသားငယ်ကို ထည့်ရမယ်လို့ ပြောဆိုတာမျိုး ဖြစ်လာချိန် သားအငယ်ကလည်း လွတ်ရာနေရာကိုထွက်သွားရှာတယ်။
သားနှစ်ယောက်ရဲ့ မိခင် ဒေါ်ကြီးဝင်းဘဝ အခုတော့ ရှင်ကွဲ ကွဲရရှာပြီ။
ဘယ်နေ့ ဘယ်အချိန်ကျမှ သားအမိတွေ တွေ့ကြရမယ် မသိနိုင်တဲ့ အနေအထားမှာ ဒေါ်ကြီးဝင်းရဲ့ ငါးသည် ဆိုတဲ့ အော်သံအရှည်က ဝမ်းနည်းရိပ်တွေမှာ မျက်ဝန်းမှ မျက်ရည်တွေ စိုစွတ်နေမလား။
အခုလို ရာသီမှာ ၃ ရက်တခြား လာတတ်တဲ့ ငါးသည် ဒေါ်ကြီးဝင်း ဆိုသည်မှာ မြန်မာပြည်ရဲ့မြေပုံထဲမှ သားတွေ ဆုံးရှူံးလိုက်ရတဲ့ မိခင်တယောက်အဖြစ် ရာသီစာငါးတွေ ရောင်းရင်း သူမ သားတွေကို လွမ်းနေ သတိရနေမယ် ဆိုတာ မလွဲဧကန်ပါပဲ။
သူမရဲ့သားတွေနဲ့ ပြန်လည်ဆုံစည်းနိုင်ဖို့ ဒေါ်ကြီးဝင်းတယောက် ကျန်းမာသက်ရှည်ပါစေလို့ ဆုတောင်းပေးနေမိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar