Breaking News

ကိုအောင်မှိုင်း - ဘဝ၊ မေတ္တာတရား၊ ရိုးရှင်းမှုနဲ့ ချစ်စရာ ဟိုက္ကူကဗျာများ

ဘဝ၊ မေတ္တာတရား၊ ရိုးရှင်းမှုနဲ့ ချစ်စရာဟိုက္ကူကဗျာများ

ကိုအောင်မှိုင်း

 မိုးမခ ၊ အောက်တိုဘာ ၁၆ ၊ ၂၀၂၅

ချစ်စရာ ဟိုက္ကူကဗျာများ (မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၂၂ မှာ ဆောင်းပါးတပုဒ် ရေးခဲ့ပါတယ်။ 

တကယ်က ဟိုက္ကူကဗျာလေးတွေ ဖတ်ကြည့်မိပြီး ချစ်ခင်နှစ်သက်တဲ့ စွဲလမ်းစိတ်ကြောင့် ရေးခဲ့မိတာလို့  ပြောရမှာပါ။ 

ဟိုက္ကူ ဆိုတာ  တကယ်တော့  ဂျပန်လူမျိူးတို့ရဲ့  ရိုးရာ ချစ်စရာကဗျာလေးတွေမဟုတ်ပါလား။ ဘဝနဲ့ပတ်သက်သလို အလှတရားနဲ့လည်း ဆက်စပ်တယ်၊ အတွေးအခေါ် အရ နက်ရှိုင်းသလို ရိုးရှင်းတဲ့ ကဗျာသဘာဝကိုလည်း တွေ့ရတယ်။

ဆရာကြီးမင်းသုဝဏ်ရဲ့ မိတ်ဆက်စကားကိုပြန်ရေးပြပါရစေ။

ကျွန်တော်သည် မြန်မာများကို ဂျပန်ဟိုက္ကူကဗျာနှင့် မိတ်ဆက်ပေးချင်ပါသည်။ ကျွမ်းကျင်လို့ မ ဟုတ်ပါ။ မနေတတ်လို့ ဖြစ်ပါသည်။

ဟိုက္ကူသည် ဂျပန်စာပေလောကတွင် အလွန်ထင်ရှားပါသည်။ မည်သည့်အခါက စတင်ပေါ်ပေါက် လာသည်ဟု ဆရာတို့ မဆိုကြသော်လည်း ဟိုက္ကူမျိူးစေ့ကို ၁၂ ရာစုကဗျာတို့တွင် တွေ့ရသည်ဟု ဆိုပါသည်။ ၁၆ ရာစုတွင် တိုးပွား၍ ယနေ့တိုင် ရှင်သန်ဆဲ ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာနှင့် ဟိုက္ကူ များပင် အမေရိကတွင် ထွန်းကားနေပါသည်။

ဟိုက္ကူကဗျာ၏ပုံစံမှာ စာသုံးကြောင်း ရှိပါသည်။ ပထမစာကြောင်းတွင် ဝဏ္ဏ ၅ လုံး၊ ဒုတိယစာ ကြောင်းတွင် ၇ လုံး၊ တတိယစာကြောင်းတွင် ၅ လုံး၊ စုစုပေါင်း ဝဏ္ဏ ၁၇ လုံး ပါသည်။ တခါတရံ ကား ခြွင်းချက်ရှိတတ်ပါသည်။

အကြောင်းအရာအားဖြင့်ဆိုလျှင် ဟိုက္ကူစာဆိုတို့သည် ရာသီဥတုကို ထီးခရိုင်အဖြစ်ထား၍ ရာသီ ဥတုအခြေအနေကို ထီးလက် ထီးအုံအဖြစ် ဆောက်ပြီးလျှင် ခံစားမှုကို ထီးရွက်၊ ပန်းပွား၊ အဆင်တန်ဆာများအဖြစ် မွမ်းမံဆင်ယင်ကြပါသည်။

(ဆရာကြီး၏ မိတ်ဆက်စကား အပြည့်အစုံကား မဟုတ်ပါ။)

ဟိုက္ကူကဗျာတွေထဲမှာစာဆို "ဆိုးဂီ" ရဲ့ ဟိုက္ကူကဗျာလေးကို ကျနော် အတော်ကြိုက်နှစ်သက်မိပါ သည်။

မြန်မြန် ကြွေပေမယ့်

ကြာကြာ စောင့်မျှော်စေတတ်တဲ့

ချယ်ရီ့စိတ်ထားကွဲ့။ ။

ဆိုးဂီ (၁၄၂၁-၁၅၀၂)

ကျနော် ၂၀၂၂ ခုနှစ်က မိုးမခမှာ ဟိုက္ကူကဗျာလေးတွေကို စာဆိုနဲ့တကွ ဖော်ပြခဲ့ပါသည်။ အခုတခါ စာဆိုရှင်တွေအကြောင်းနဲ့ သူတို့ခေတ်ပြိုင်စာဆိုရှင်တွေ အဲဒီခေတ်ကာလရဲ့ သမိုင်းကြောင်းတွေကို စိတ်ဝင်စားလာပြန်ပါတယ်။ အချိန်မပြည့်စုံတဲ့အောက်က ကဗျာချစ်စိတ်နဲ့ ရေးတာဖြစ်လို့ မပြည့် မစုံဖြစ်ရင်လည်း စာရေးသူမှာသာ တာဝန်ရှိကြောင်း ပြောလိုပါတယ်။

ဟိုက္ကူကဗျာများသည် သာမန်ရာသီဥတုကို ဖွဲ့နွဲ့ကြသည်ထက် ပိုမိုနက်ရှိုင်းသည်ဟု ကျနော်ခံစားမိ သည်။ များသောအားဖြင့် အလှအပနှင့် ဘဝဆက်စပ်မှု၊ ပူဆွေးမှုနှင့်အဆုံးသတ်ခြင်းတို့ ဆက်စပ်မှု၊ အတွေးအခေါ် နှင့်ဂျပန်ရိုးရာ စာပေဆက်စပ်မှု၊ ရိုးရှင်းသော်လည်း နက်ရှိုင်းသောအဓိပ္ပာယ်များပေါင်း စည်းမှုတို့ကိုအခိုင်အမာတွေ့ရှိနိုင်ပါသည်။ စာဆိုရှင်များကိုလည်း စိတ်ဝင်စားစရာကောင်းသည်ဟု ကျနော်ထင်သည်။ သူ့အနုပညာနှင့် သဘောတရားတွေဟာ “မူလအနုပညာ အလှကို သဘာဝထဲမှာ ရှာပါ” ဆိုတဲ့ ဂျပန်စိတ်ဓာတ်ကို ပြသပေးတယ်လို့ပဲ ပြောရမယ်ထင်ပါတယ်။

အောက်မှာတော့ ဂျပန်ရင်ဂါ/ဟိုက္ကူပုံစံနဲ့ ဆိုးဂီ (宗祇, Sōgi, 1421–1502) ရဲ့ ကဗျာတပုဒ်ကို

(၁) မူရင်းဂျပန်စာ၊ (၂) အင်္ဂလိပ်-မြန်မာဘာသာပြန် ( ကျနော် မြန်မာပြန်တာပါ ) (၃) အနုပညာ သုံး သပ်ချက်တခု ကျနော် လုပ်ထားပါတယ်။

၁. Furusato no haru no ashita no yume o mite...

ふるさとの 春のあしたの 夢を見て

目ざめてさめぬ 涙かな

အင်္ဂလိပ်ဘာသာပြန်:

Dreaming of my hometown / 

on a spring morning — /

even awake, my tears do not dry.

မြန်မာဘာသာပြန်:

မွေးရပ်မြေအိပ်မက်

နွေဦးနိုးထချိန်မနက်

စိုဆဲမျက်ရည်စက်။

(ပထမစာကြောင်းတွင် ဝဏ္ဏ ၅ လုံး၊ ဒုတိယစာကြောင်းတွင် ၇ လုံး၊ တတိယစာကြောင်းတွင် ၅ လုံး၊ စုစုပေါင်း ဝဏ္ဏ ၁၇ လုံးပါသည်။ )

သုံးသပ်ချက်:

သဘာဝတရားနဲ့ မေတ္တာတရားဟာ ခွဲခြားမရတာကို မြင်ရတယ်။

မေတ္တာတရားဖော်ပြချက်ဟာ ဘဝတခုရဲ့ စံထားချက် ဖြစ်ကြတယ်။

နက်ရှိုင်းဆိတ်ငြိမ်တဲ့  အလှတခုရဲ့ ခံစားချက်ကို ပြည့်ပြည့်ဝဝ မြင်လိုက်ရတယ်။

ကျနော့်ကို အိပ်မက်တချို့က ခြိမ်းခြောက်လာတယ်။ ကျနော်တို့ဘဝရဲ့ မလုံခြုံမှုဟာ စံထားချက်တခုလို ဖြစ်လာခဲ့တယ်။

လေယာဥ်သံကဝုန်း

ကလေးတွေက အတုန်းရုန်း

ကမ္ဘာဆုံးတိုင်မုန်း။

ရင်နဲ့အမျှ ခံစားနိုင်ကြပါစေ။

(အချိန်ရရင် ဆက်ရေးလိုပါတယ် )

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar


x