Breaking News

ဘုံနိုင်ငံရေးသဘောတူညီချက်-ပထမမူကြမ်း ထုတ်ပြန်တဲ့အခမ်းအနား မဲဆောက်မှာ ကျင်းပ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင်၃၀ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၆


ဘုံနိုင်ငံရေးသဘောတူညီချက်-ပထမမူကြမ်း ထုတ်ပြန်တဲ့အခမ်းအနား မဲဆောက်မှာ ကျင်းပ

ဘုံနိုင်ငံရေး သဘောတူညီချက်-ပထမမူကြမ်း (အင်္ဂလိပ်ဘာသာနဲ့ အတိုကောက် CPA) လို့ခေါ်ဆိုတဲ့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်အမဖြစ်ဖြတ်ချေမှုန်းရေး နဲ့ ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး အတွက် ဘုံသဘောတူညီချက် တရပ်ရဲ့ ပထမမူကြမ်းကို ထုတ်ပြန်ကြေညာကြောင်း သတင်းမီဒီယာတွေကိုပါ ဖိတ်ခေါ်ရှင်းပြတဲ့အခမ်းအနား တရပ်ကိ မဲဆောက်မြို့မှာ ကျင်းပခဲ့ကြပါတယ်။ 

CRPH, NUCC, NUG, စစ်ကိုင်းတိုင်း လွှတ်တော်၊ စစ်ကိုင်းကြားကာလ အစိုးရ၊ မန္တလေးကြားကာလ အစိုးရ၊ မန္တလေးဒေသလွှတ်တော် တို့က သဘောတူ အတည်ပြုကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ 

ဒီ CPA လို့ခေါ်တဲ့ ဘုံနိုင်ငံရေး သဘောတူညီချက် မူကြမ်းဟာ စစ်ရေး အရပူးပေါင်းဆောင်ရွက်မှုမဟုတ်သလို သဘောတူညီကြတဲ့ အထက်ဖေါ်ပြပါ ၇ ဖွဲ့ဟာလည်း စစ်ရေးလက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့ အချို့သာပါဝင်တာဖြစ်ပြီး NUCC, စစ်ကိုင်းနဲ့ မန္တလေး လွှတ်တော်၊ CRPH တို့ဟာ လက်နက်ကိုင်အဖွဲ့အစည်းမရှိတဲ့နိုင်ငံရေး အဖွဲ့အစည်းတွေသာ ဖြစ်ပါတယ်။ 

လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်တဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က အခု ဘုံနိုင်ငံရေးသဘောတူညီချက်ကို ကမကထပြုပြီး ပြုစုလုပ်ဆောင်တာလို့ ယေဘုယျအားဖြင့် နားလည်ရပါတယ်။ ၄င်းတို့အနေနဲ့ အခု ဘုံနိုင်ငံရေးသဘောတူညီချက် မူကြမ်းကို SCEF လို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီနဲ့ အခြားအင်အားစုတွေဆီလည်းပေးပို့ သွားမယ်လို့ ဆိုပါတယ်။ 

ဒီ ဘုံနိုင်ငံရေးသဘောတူညီချက်မူကြမ်းထဲမှာ ဘာတွေပါဝင်တာလဲလို့ လေ့လာကြည့်တဲ့အခါ တော်လှန်ရေးအင်အားစု အချင်းချင်းအကြား ဖြစ်ပွားတဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့သာ ဖြေရှင်းဖို့၊ တစုတဖွဲ့၊ နယ်မြေဒေသတခုထည်းရဲ့ လွတ်မြောက်ရေးသာမဟုတ်ဘဲ တနိုင်ငံလုံး လွတ်မြောက်တဲ့အထိ တပြိုင်နက်ထဲ အတူပူးပေါင်းတိုက်ပွဲဝင်ကြဖို့ စစ်အုပ်စုနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမယ့် ကိစ္စရှိလာခဲ့ရင် အခု ဘုံနိုင်ငံရေးသဘောတူညီချက် အပေါ်မှာသာ အခြေခံပြီး တော်လှန်ရေးအင်အားစုတွေအကြား ဆွေးနွေးတိုင်ပင် သဘောထားယူပြီးမှသာ တုံ့ပြန်ဆောင်ရွက်သွားဖို့ ၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ ၂၀၀၈ အခြေခံဥပဒေအောက်က နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ဖို့မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ဖို့ နဲ့ ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မှုအတွက် အသိအမှတ်ပြုပြီး အပြည့်အဝစွဲကိုင် အသုံးပြုဖို့ဆိုတဲ့အချက်တွေ ပါဝင်တယ်လို့ သတင်းဖေါ်ပြမှုတွေအရ သိရပါတယ်။ 

အခု သဘောတူညီချက်ကို ထောက်ခံကြောင်း ကြေညာတဲ့ အဖွဲ့ ၇ ဖွဲ့ထဲမှာ စစ်ကိုင်းနဲ့ မန္တလေးတို့က ကြားကာလ အစိုးရနဲ့ လွှတ်တော်တွေက စုစုပေါင်း ၄ ဖွဲ့ဖြစ်ပြီး NUCC, CRPH,NUG တို့က ၃ ဖွဲ့ဖြစ်ပါတယ်။ အခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ဒေသအလိုက် ဖွဲ့စည်းလှုပ်ရှားနေတဲ့ NUG အောက်ကမဟုတ်တဲ့ PDF တပ်ဖွဲ့တွေလိုမျိုး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလိုမျိုးကိုလည်း ပေးပို့သွားမယ်လို့ သတင်းမီဒီယာတချို့ကို ပြောကြားထားတာလည်း တွေ့ရပါတယ်။ 

အထက်မှာ ပါရှိတဲ့ စစ်အုပ်စုနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမယ့် အခြေအနေမျိုးရှိလာရင် အခု ဘုံသဘောတူညီချက် အပေါ်အခြေခံပြီး တော်လှန်ရေးအင်အားစုတွေ အချင်းချင်းအကြားအရင် ဆွေးနွေးညှိနှိုင်းပြီးမှ စစ်အုပ်စုထံ တုံ့ပြန်ဖို့ ဆိုတဲ့အချက်တွေက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ သဘောတူဖို့ ခက်ခဲနိုင်တဲ့ အချက်ဖြစ်ပါလိမ့်မယ်။ အခုလက်ရှိ အခြေအနေထိ အတွေ့အကြုံတွေအရ အပစ်ရပ် သဘောတူညီမှုရယူသွားခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တဖွဲ့ချင်းရဲ့ အနေအထားပေါ်မှာသာ အခြေပြုပြီး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ကိုးကန့်နဲ့ တအာင်းလက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ အပစ်ရပ်သဘောတူညီမှု ယူခဲ့ကြရပြီး အဲဒီလို သဘောတူညီမှု မယူခင် အခြားသော လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်ပင်တာမျိုး အခြေအနေက ဖြစ်ခဲတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ 

ခပ်တိုတိုခေါ်ဆိုရင် CPA ပထမမူကြမ်း သဘောတူညီချက်ဟာ NUCC က ကမကထ လုပ်ပြုစုကာ CRPH နဲ့ NUG တို့ ပါဝင်သည့်တိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ပါဝင်တာ မတွေ့ရသေးတာကြောင့် ကျယ်ပြန့်မှုအားဖြင့် အားနည်းနေသေးတဲ့ အနေအထားလို့ ဆိုရမှာပါ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ မပါဝင်သေးသည့်တိုင် စစ်ကိုင်းနဲ့ မန္တလေး၊ မကွေးဒေသတွေမှာ ရှိတဲ့ NUG အစိုးရ အောက်ကမဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်တာ မတွေ့ရသေးပါဘူး။ 

အခု CPA မူကြမ်းကို မင်းကင်း၊ ယင်းမာပင် နဲ့ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်း ဒေသအချို့မှာ လှုပ်ရှားနေတဲ့ PLA တပ်ဖွဲ့နဲ့ အခြားသော အမည်တွေနဲ့ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင်တွေနဲ့ NUG/MOD လက်အောက်က မဟုတ်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို သဘောတူညီမှုယူကြမှာလားဆိုတဲ့ မေးခွန်းလည်း ရှိနေတာပါ။ 

အညာဒေသနဲ့ အချို့ဒေသတွေမှာ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း အကြားပွတ်တိုက်မှု၊ သေနတ်ပေါက်တဲ့အထိ ပဋိပက္ခဖြစ်မှုတွေက အခွန်ကောက်ခံမှု၊ အုပ်ချုပ်မှု၊ တပ်သားသစ်စုဆောင်းမှုလို ကိစ္စတွေ အပေါ် အခြေခံဖြစ်ပွားတဲ့ အဖြစ်အပျက်တွေ ဖြစ်ကြပါတယ်။ အခု နိုင်ငံရေးဘုံသဘောတူညီချက် မူကြမ်းက အထက်ကဖေါ်ပြခဲ့တဲ့ အုပ်ချုပ်ရေးကိစ္စ၊ မြေပြင်က အခွန်အကောက်ကိစ္စ၊ တပ်သားသစ် စုဆောင်းရေးကိစ္စတွေတော့ ပါဝင်တာမတွေ့ရပါဘူး။ 

အခု နိုင်ငံရေးဘုံသဘောတူညီချက် ပထမမူကြမ်းကို သဘောတူညီမယ့် အဖွဲ့တွေ ဘယ်လောက်ရှိလာမလဲ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော ပါဝင်လာနိုင်သလား  ဆိုတဲ့အချက်တွေကတော့ ဆက်လက်စောင့်ကြည့်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar