ရိုဟင်ဂျာဒုက္ခသည် ပြဿနာ သို့မဟုတ် အကျပ်အတည်းထဲက အကျပ်အတည်း

Malaysian Maritime Enforcement Agency handout via AP
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၂၆
ရိုဟင်ဂျာဒုက္ခသည် ပြဿနာ သို့မဟုတ် အကျပ်အတည်းထဲက အကျပ်အတည်း
ခုရက်ပိုင်းအတွင်း နားဆင်ဖတ်ရှုရတဲ့ သတင်းတွေမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရှေ့မှာ တဲထိုးပြီးနေထိုင်ကာ အကူအညီတောင်းခံနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မလေးရှားရဲတွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ် ဆိုတဲ့သတင်း၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်က ရိုဟင်ဂျာ ဒုက္ခသည် မြန်မာနိုင်ငံကို ပြန်ပို့ဖို့ မြန်မာအစိုးရနဲ့ ဆွေးနွေးခဲ့ကြရာမှာ ဒုက္ခသည် အရေအတွက် ၅,၀၀၀ လောက်ကို ပြန်လက်ခံဖို့ သဘောတူညီမှုရခဲ့ကြောင်း သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
မလေးရှားရောက် ရိုဟင်ဂျာဒုက္ခသည် ၅၀၀၀ ဝန်းကျင်ကို မြန်မာနိုင်ငံက လက်ခံရေးမှာ လက်တွေ့ကိစ္စရပ်တွေကို ဘယ်လို ကိုင်တွယ်ဆောင်ရွက်ကြမလဲဆိုတာတော့ မသိရှိနိုင်သေးပါဘူး။ ၅၀၀၀ ဝန်းကျင် အရေအတွက်ဟာ နည်းပါးတဲ့ အရေအတွက် မဟုတ်သည့်တိုင် ရိုဟင်ဂျာဒုက္ခသည် ပြဿနာနဲ့ ချိန်ထိုးကြည့်ရင် အရေအတွက် ထောင်သောင်းချီ ရှိနေကြတဲ့ ဒုက္ခသည်တွေရဲ့ အစိတ်အပိုင်းတခုမျှသာ ဖြစ်တယ်လို့ဆိုရပါမယ်။ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ကိစ္စနဲ့ ပတ်သက်လို့ ၂၀၁၇ ခုနှစ်နှောင်းပိုင်းကနေ ၂၀၂၁ ခုနှစ် နှစ်ဆန်းအထိ ၄ နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့သည့်တိုင် လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့အဆင့်မရောက်ခဲ့တာမို့လို့ အခု အာဏာသိမ်းစစ်အစိုးရ ဖြစ်တဲ့ မင်းအောင်လှိုင် အစိုးရလက်ထက် မလေးရှားနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ထောင်ကျော် ပြန်လက်ခံမယ်ဆိုတဲ့ သဘောတူညီမှုဟာ လက်တွေ့ဖြစ်နိုင်ပါ့မလားလို့ သံသယတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်လို့ အကူအညီပေး
အခု သတင်း မပေါ်ထွက်မီ သီတင်းပတ်အနည်းငယ်က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေကနေ ထွက်ခွာလာတယ်လို့ ယူဆရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေ ၂ စီး ပင်လယ်ပြင်မှာ နစ်မြုပ်ခဲ့ပြီး စီးနင်းလာသူ စုစုပေါင်း ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ ယူဆရတယ် ဆိုတဲ့ သတင်းလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ထိုင်းနိုင်ငံတောင်ပိုင်း သို့မဟုတ် မလေးရှားနိုင်ငံတို့ဆီ ဦးတည်ကာ လှေတွေနဲ့ မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသတလျှောက် ပင်လယ်ပြင်ကနေ သွားရောက်ခဲ့ကြတာ အခုမှတော့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်လောက်က ထိုင်းပင်လယ်ပြင်မှာ ရိုဟင်ဂျာ ဒုက္ခသည်လှေတွေကို ထိုင်းရေတပ်က စားသောက်စရာ ရိက္ခာနဲ့ ဆေးဝါးပေးပြီး နိုင်ငံတကာ ရေပိုင်နက်ထဲ ပြန်နှင်ထုတ်ခဲ့တာ၊ ဖြစ်ရပ်တခုမှာ လှေရဲ့ စက်အင်ဂျင်တွေထဲ သဲတွေထည့်ပြီး မောင်းနှင်လို့မရအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ၊ ရိုဟင်ဂျာဒုက္ခသည်လှေတွေကို ပစ်ခတ်တာကြောင့် သေဆုံးမှုတွေ ရှိခဲ့တယ် ဆိုတဲ့သတင်းတွေ ပေါ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီကာလတွေကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ လှေနဲ့ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကို ဦးတည်သွားရောက်ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ရှိနှင့်ပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာလူမျိုးတွေ အနေနဲ့ ခရီးသွားလာမှု ကန့်သတ်ခံရတာ၊ တက္ကသိုလ်ပညာသင်ကြားခွင့် ကန့်သတ်မှုနဲ့ အခြားသော နိုင်ငံသားအခွင့်အရေးကန့်သတ်ခံရတာတွေကြောင့် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့ကို ဦးတည်သွားရောက်ရာမှာ လူပွဲစားတွေ အခကြေးငွေယူပြီး သယ်ဆောင်ပေးတဲ့ သေးငယ်တဲ့ လှေတွေအပေါ် လူမတန်တဆတင်ဆောင်ပြီး သွားကြရာမှာ အသက်ဆုံးရှုံးမှုတွေ မကြာခဏ ဖြစ်ပွားခဲ့တာ သတင်းတွေထဲ တွေ့ခဲ့ကြရတာပါ။ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေအကြောင်း ထိုစဥ်က နိုင်ငံတကာ သတင်းတွေထဲ မျက်နှာဖုံးသတင်း၊ ခေါင်းစီးသတင်းအဖြစ် ဖော်ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမှုအသိုင်းအဝိုင်း ၂ ခုအကြား နှစ်ရှည်ကြာစွာရှိနေခဲ့ရာက ၂၀၁၂ ခုနှစ် ဇွန်လမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ လူမှုအသိုင်းအဝိုင်း အကြမ်းဖက်မှု၊ ပဋိပက္ခတွေက ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် ကန့်သတ်မှုတွေ၊ နေရပ်ရွှေ့ပြောင်းပြီး ဒုက္ခသည်စခန်းလိုနေရာတွေမှာ နေရာချခံရတာ၊ ပညာရေးအခွင့်အလမ်း အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးစေခဲ့တာ ဖြစ်ပြီး နကိုကတည်းက ရှိနှင့်ပြီးပြဿနာကို ပိုမိုအရှိန်အဟုန်မြင့်တက်စေခဲ့ပြန်တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ် သြဂုတ်လ ရိုဟင်ဂျာ ARSA လက်နက်ကိုင် အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းတွေနဲ့ နယ်ခြားစောင့် စခန်းတွေကို တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်ကြာ စစ်တပ်ရဲ့ ARSA လက်နက်ကိုင်အဖွဲ့ ရှင်းလင်းချေမှုန်းရေးအတွင်း ရိုဟင်ဂျာ အရပ်သားထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရပြီး ၇ သိန်းကနေ ၁ သန်းနီးပါး အရေအတွက်ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ ဒီအချိန်က စလို့ ရိုဟင်ဂျာ ပြဿနာဟာ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ခဲ့တဲ့ ဒေသတွင်းပြဿနာနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး၊ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု စတဲ့ ခေါင်းစဥ်တွေအောက် ရောက်ရှိလာခဲ့ပြီး သမိုင်းမှာ အမည်းစက်စွန်းထင်းစေမယ့် အဖြစ်အပျက်တွေ ဖြစ်လာခဲ့တာပါ။
ဒီအခြေအနေတွေကြောင့် နကိုကတည်းက ဒေသတွင်းနိုင်ငံတချို့ဆီ ပင်လယ်ပြင်ဖြတ်ပြီး စွန့်စားသွားရောက်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာက ပိုမို အရှိန်မြင့်လာစေတာလည်း ဖြစ်ပါတယ်။ မလေးရှားနိုင်ငံကို ရောက်ဖို့အတွက် ရေလမ်းသာမက မြန်မာနိုင်ငံကို ဖြတ်ပြီး ထိုင်းနိုင်ငံ တောင်ပိုင်းကနေ မလေးရှားနယ်စပ်ကို တရားမဝင် ဝင်ရောက်တဲ့ လမ်းကြောင်းလည်း ပေါ်ထွက်လာပြီး နှစ်အတန်ကြာကာလအတွင်း လူထောင်သောင်းနဲ့ ကုန်းလမ်းကနေ မလေးရှားနိုင်ငံထဲ ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ UNHCR မှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလျှောက်ထားပြီး တတိယနိုင်ငံတွေဆီ ထွက်ခွာအခြေချ နေထိုင်ကြတာလည်း ဖြစ်ပါတယ်။
အဲဒီလို ရေလမ်းခရီးမှာ အသက်ဘေးက လွတ်မြောက်နိုင်ခဲ့ရင် ရခိုင်ပြည်နယ်မြောက်ပိုင်းလို ကန့်သတ်ခံထားရတဲ့ နေထိုင်သွားလာမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်တွေကို ပြောင်းပြန်လှန်ပြောင်းလဲသွားစေတဲ့ အခြေအနေတွေက ပင်လယ်ပြင်နဲ့ ကုန်းလမ်းက တရားမဝင်ဖြတ်သန်း ခိုးဝင်ရတဲ့ စွန့်စားမှုတွေအားလုံးကို ရင်ဆိုင်ဖို့ ဖြစ်စေကြတာပါ။
တဖန် ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ အနေအထားက ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု မဖြစ်ပွားမီကာလမှာတောင် လူမျိုးတုံးသတ်ဖြတ်မှု နဲ့ ICJ မှာ တရားရင်ဆိုင်ရတာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှာ ခိုလှုံနေတဲ့ ၁ သန်းနီးပါးရှိတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံဘက် အစိုးရ၊ စစ်တပ်တို့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေက နှစ်နဲ့ချီ ရှေ့မတိုးနိုင် ဖြစ်နေခဲ့တာပါ။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို အဖြေရှာဖို့ ပိုမိုခက်ခဲလာခဲ့တာပါ။
မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ စစ်ပွဲတွေ ဖြစ်ပွားလာတာနဲ့ အတူ ရခိုင်ပြည်နယ်မှာလည်း စစ်အာဏာသိမ်းပြီးနောက် စစ်ပွဲတွေ ပြန်လည်စတင်ဖြစ်ပွားလာပြီး AA လက်နက်ကိုင် အဖွဲ့က ၂၀၂၄ ခုနှစ်ထဲမှာ ဒေသအများအပြားကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားတဲ့ စစ်ပွဲတွေမှာ ရိုဟင်ဂျာ လူမျိုးတွေကို အာဏာသိမ်းစစ်တပ်ဘက်က ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာ တိုက်ပွဲတွေမှာ ထည့်သွင်းအသုံးချခဲ့ရာက ရိုဟင်ဂျာ အသိုင်းအဝိုင်းနဲ့ AA တို့အကြား ပြဿနာဖြစ်ပွားအောင် တချက်ခုတ် နှစ်ချက်ပြတ် နည်းနာတွေကို အာဏာသိမ်းစစ်တပ်ဘက်က အသုံးချခဲ့ပြန်ပါတယ်။
စစ်အာဏာသိမ်းအစိုးရဟာ ယခင် ဖိနှိပ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင် စေခဲ့တာက ရိုဟင်ဂျာနဲ့ ရခိုင်လူမျိုးတို့အကြားပြဿနာကို ပြည်တွင်းစစ် ပြဿနာနဲ့ ရောယှက်စေပြီး ဖြေရှင်းရခက်ခဲအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခု အခါမှာ ရိုဟင်ဂျာ ပြဿနာကို ရခိုင်ပြည်နယ်ကို ထိန်းချုပ်ထားတဲ့ ULA/AA အဖွဲ့က ကိုင်တွယ်ဖြေရှင်းမှာလား Defacto အစိုးရလို့ ဆိုတဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲ ဦးဆောင်တဲ့ နေပြည်တော်က ဖြေရှင်းမှာလားဆိုတာ ဖြေရခက်ခဲတဲ့ မေးခွန်းတရပ် ဖြစ်လာစေပါတယ်။ ဒီမိုကရေစီ ပြဿနာ၊ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ဖို့ လှုပ်ရှားနေကြချိန်မှာ ရိုဟင်ဂျာဒုက္ခသည်အရေး၊ နိုင်ငံသားဖြစ်ခွင့်၊ ၁ သန်းမျှ ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးတွေဟာ ပိုမိုဝေးကွာသွားတဲ့ အခြေအနေမျိုး ဖြစ်လာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar