မောင်လူမွှေး - ကာလီဆန်သူတွေ များနေသလား
မောင်လူမွှေး - ကာလီဆန်သူတွေ များနေသလား
မိုးမခ ၊ ဩဂုတ် ၁ ၊ ၂၀၂၆
"ဒီနှစ် နှမ်းတွေကတော့ ကာလီဆန်တယ်ကွာ။ ဘာအဆန်မှ မရှိဘူး။ ဘာမှရမှာ မဟုတ်ပါဘူး" လို့ မောင်လူမွှေး ဖကြီးက တောကအပြန်မှာ အိမ်ကိုဝင်ပြီး ပြောပါတယ်။ နှမ်းပင်တစ်ပင်ဟာ အပင်ကောင်းပြီး အသီးတွေသီးပေမဲ့ အပင်ထိပ်မှာ အပွင့်အုံကြီးတွေ ပွင့်ပြီး အသီးထဲမှာ အဆန်တွေ မရှိတော့တာကို ကာလီဆန်တယ်လို့ ပြောကြပါတယ်။
"ဒီနှစ် ကာလီဆန်တာကတော့ အခင်းရဲ့ ထက်ဝက်နီးပါးလောက်ကို ကာလီဆန်တာ။ အရင်တုန်းက ကာလီဆန်တယ် ဆိုပေမဲ့ အရေအတွက် နည်းတယ်" လို့ မောင်လူမွှေး အစ်ကိုတစ်ယောက်က ဝင်ပြောပါတယ်။
အရင်တုန်းကတော့ နှမ်းခင်းတစ်ခင်းမှာ ကာလီဆန်တဲ့ နှမ်းပင်ဆိုတာ တစ်ပင်၊ နှစ်ပင်လောက်သာ ရှိတတ်တယ်။ အပွင့်တွေအုံပြီး ကာလီဆန်နေတဲ့ အပင်ရဲ့ ပင်မကြီးက နှမ်းသီးတွေဟာ အဆန်မပါပေမယ့်၊ သူ့ကိုင်းတက်တွေက သီးတဲ့ နှမ်းသီးတွေမှာတော့ အဆန်ပါပါတယ်။ ဒါပေမယ့် ကာလီဆန်တဲ့ နှမ်းပင်ရဲ့ အခက်တွေက သီးတဲ့ နှမ်းသီးထဲက နှမ်းစေ့တွေဟာ ခါးပါတယ်။ ဒါကြောင့် သုံးလို့မရပါဘူး။ အဲဒီနှမ်းစေ့တွေ ဆီကြိတ်တဲ့ထဲ ပါနေရင် ဆီပါ ခါးတတ်ပါတယ်။
နှမ်းခင်းထဲမှာ နှမ်းပင်တွေ ကာလီဆန်တာ များနေတာဟာ နှမ်းမျိုးတုံးချင်တဲ့ လက္ခဏာ ဖြစ်တယ်။ "ဒါကြောင့် ကိုယ် စိုက်တဲ့ နှမ်းမျိုးကို ပြောင်းပြီး စိုက်ပျိုးသင့်တယ်" လို့ အတွေ့အကြုံရှိတဲ့ တောင်သူတစ်ဦးက သူ့အမြင်ကို ပြောပါတယ်။
"ဒါပေမဲ့ မျိုးကို သီးသန့်ဝယ်စိုက်တဲ့ နှမ်းတွေလည်း ကာလီဆန်တာကို တွေ့ရတာပဲ" လို့ တစ်ယောက်က ဝင်ပြီး ထောက်ပြပါတယ်။ ဒါဆိုရင်တော့ ရာသီဥတု အခြေအနေ၊ မြေဆီလွှာ ပြောင်းလဲမှုတွေကြောင့် ဖြစ်မယ်လို့ မှတ်ချက်ချကြပြန်ပါတယ်။
မောင်လူမွှေးတို့ တော်လှန်ရေးမှာလည်း ကာလီဆန်သူတွေ များနေသလားလို့ တွေးနေမိပါတယ်။ တော်လှန်ရေးဆိုတာမှာ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ကဏ္ဍပေါင်းစုံကို ဆိုလိုတာပါ။ ဒီလို သက်ဆိုင်ရာ ကဏ္ဍတွေမှာ အပင်ထိပ်မှာ အပွင့်ကြီးတွေ အုံခဲနေအောင်ပွင့်ပြီး အဆန်မပါတဲ့ အသီးတွေ သီးနေတဲ့ ကာလီဆန် နှမ်းပင်တွေလို ထောင်ထောင်နဲ့ လူတွေ ရှိနေတာပါပဲ။
ကာလီဆန်နှမ်းပင်တွေလို လူတွေရဲ့ လုပ်ရပ်ဟာ လူ့အဖွဲ့အစည်းအတွက် ဘယ်ချိုမြနိုင်မှာလဲ။ တကယ့် ကာလီဆန်နှမ်းပင်က နှမ်းစေ့က ခါးပဲ ခါးတာပါ။ ကာလီဆန်သူတွေရဲ့ လုပ်ရပ်ကတော့ လူ့အဖွဲ့အစည်းအတွက် ခါးသက်ရုံမက အဆိပ်အတောက်ပါ ဖြစ်နိုင်ပါတယ်။
ကာလီဆန်တဲ့ နှမ်းပင်တွေများတဲ့ နှမ်းခင်းဟာ မျိုးပျက်သုဉ်းမဲ့ လက္ခဏာဖြစ်သလို၊ ကာလီဆန်သူတွေ ထောင်ထောင်နဲ့ ဦးဆောင်နေတဲ့ လူ့အဖွဲ့အစည်းဟာ ပျက်စီးကိန်းဆိုက်မှာ ဖြစ်ပါတယ်။ အဲဒီတော့ မောင်လူမွှေးတို့ တော်လှန်ရေးကဏ္ဍတွေမှာ ကာလီဆန်သူတွေ နည်းပါးဖို့ နှမ်းကို မျိုးလဲစိုက်သလို လူသစ်တွေ အစားထိုးဖို့ လိုအပ်နေတာ သေချာပါတယ်။
ခေတ်ကာလ အနေအထားကိုက မင်းမဲ့စရိုက်ခေတ်၊ မိုးကျရွှေကိုယ်ခေတ် ဖြစ်နေတော့ ကာလီဆန်သူတွေ ပေါလှပါတယ်။ ကာလီဆန်နှမ်းတွေကနေ ဆီမရနိုင်သလို ကာလီဆန်သူတွေထံကနေ အမြော်အမြင်ရှိတဲ့ ဘာလုပ်ရပ်ကိုမှ မျှော်လင့်လို့ မရနိုင်ပါဘူး။ ကိုယ်နေတဲ့ ဒေသမှာ ကာလီဆန်နေသူတွေ များနေသလား။ ကာလီဆန်တဲ့သူတွေ များနေတဲ့ လူ့အဖွဲ့အစည်းဆိုရင်တော့ ပြုပြင်ကြဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်ခင်ဗျာ။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar