NCA လက်မှတ်ထိုး ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲနဲ့ မြန်မာနိုင်ငံအနာဂတ်
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၅ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၂၅
NCA လက်မှတ်ထိုး ၁၀ နှစ်ပြည့် အထိမ်းအမှတ်ပွဲနဲ့ မြန်မာနိုင်ငံအနာဂတ်
၂၀၁၅ ခုနှစ်မှာ အစိုးရနဲ့ တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ လက်မှတ်ထိုးခဲ့တဲ့ NCA (နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) ၁၀ နှစ်ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်ထိ နေပြည်တော်မှာ ဆွေးနွေးပွဲအခမ်းအနားကို အာဏာသိမ်း စစ်အစိုးရက ကမကထလုပ်ပြီး ကျင်းပနေတာ ဖြစ်ပါတယ်။
NCA လက်မှတ်ထိုးပြီး ၁၀ နှစ်တင်းတင်းပြည့်ချိန်မှာ နိုင်ငံရဲ့ အခြေအနေကို ပြန်နှိုင်းယှဥ်ကြည့်လိုက်တဲ့ အခါ ထက်ဝက်မကတဲ့ နိုင်ငံရဲ့ ဧရိယာတွေက ပြည်တွင်းစစ်ထဲ နစ်မြုပ်နေကြပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက မရှိသေးတဲ့ လက်နက်ကိုင်တပ် အကြီးအသေးများစွာ ထပ်ပြီး ထွက်ပေါ်လာကြပြီ ဖြစ်ပါတယ်။ ၂၀၁၅ မှာတုန်းက အင်အား ထောင်ဂဏန်းမျှတောင် မရှိသေးတဲ့ လက်နက်ကိုင် အဖွဲ့အချို့ဟာလည်း အခုအခါမှာ အင်အားသောင်းဂဏန်းထိရှိလာပြီ ဖြစ်ပါတယ်။
တနိုင်ငံလုံးမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာကာ တိမ်းရှောင်ရသူ ၃ သန်းကျော်ကနေ ၄ သန်းနီးပါး အထိရှိလာနေပြီ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့ အရပ်သားသေဆုံးမှု ထောင်ဂဏန်းကြီးကြီးထိ ရောက်ရှိနေပြီလို့ခန့်မှန်းရပါတယ်။ လေကြောင်းတိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ သတင်းပေးသူ၊ တဖက်ကို ထောက်ခံားပေးသူလို့ စွပ်စွဲမှု၊ သံသယနဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ လုပ်ကြံသတ်ဖြတ်ခံရတာတွေလည်း ထောင်ဂဏန်းထိ ရောက်ရှိနေပြီလို့ ခန့်မှန်းရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးတာ၊ တမင်တကာ ရန်သူ့ဘက် ထောက်ခံတဲ့သူ၊ ကျေးရွာအဖြစ်နဲ့ ဖျက်ဆီးမီးရှို့ခံရတဲ့နေအိမ် အရေ အတွက် သောင်းဂဏန်းကနေ သိန်းဂဏန်းထိ ရောက်ရှိနေပြီဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေထိခိုက်ပျက်စီးပြီး စားရေရိက္ခာမလုံလောက်တဲ့မိသားစုတွေ၊ အကူအညီအထောက်အပံ့ကိုအားကိုးမျှော်လင့်ပြီး အသက်ရှင်ဖို့ ကြိုးစားနေကြရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ သိန်းဂဏန်းကနေ သန်းဂဏန်းအထိရှိနေလိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။
စစ်ပွဲတွေဆင်နွှဲဖို့အတွက်လိုအပ်တဲ့ ငွေကြေးအတွက် သယံဇာတအရင်းအမြစ်တွေကို ထုတ်ယူ၊ ရောင်းချတာ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်သယ်ဆောင်ရာမှာ ပါဝင်ပတ်သက်မှုတွေလည်း မှတ်တမ်းတင် စာရင်းကောက်နိုင်ခြင်းမရှိပေမယ့် တိုးတက်များပြားလာနေတာကိုဖမ်းဆီးမှု အရေ အတွက်တွေ ကို အခြေခံပြီး အကဲဖြတ်ကြည့်နိုင်ပါတယ်။
စစ်ပွဲတွေကြောင့် သဘာဝ သယံဇာတတွေအလွန်အကျွံထုတ်ယူပြီး ရောင်းချနေကြတာကြောင့် အဆိုပါအရင်းအမြစ်တွေ လျင်မြန်စွာ ပြုန်းတီးလာနေတာလည်း ဒီနေ့ခေတ်ရဲ့ မြင်ကွင်းကြားသိနေရတဲ့ အခြေအနေဖြစ်လာပါတယ်။
ဒီလိုပျက်စီးယိုယွင်းမှု အားလုံးကိုဖြစ်ပွားဖို့ စတင်မီးမွှေးလိုက်တဲ့ ဖြစ်ရပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့စစ်အာဏာသိမ်းမှု ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက အခုလိုဖြစ်ရပ်တွေအားလုံး ပေါ်ထွက်လာစေတဲ့ ပန်ဒိုရာသေတ္တာဖွင့်ဖောက်မှုသဖွယ်ဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီးနောက် ၅ နှစ်အကြာ မြန်မာအစိုးရစစ်တပ်က ရွေးကောက်ပွဲအနိုင်ရတဲ့ NLD ပါတီဦးဆောင်တဲ့အစိုးရက လွှတ်တော်မခေါ်နိုင်အောင် လွှတ်တော်ကျင်းပမယ့်ပထမဆုံးနေ့အာရုံတက်မတိုင်ခင် အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းခဲ့တဲ့စစ်တပ်ခေါင်းဆောင်က အခုနေအခါမှ ၂၀၁၅ ခုနှစ် နဲ့ ၂၀၂၀ အကြားကာလက အခြေအနေတွေလိုမျိုးပြန်ဖြစ်ဖို့ပြောဆိုနေခြင်းဟာ ကျိုးကြောင်းဆီလျော်မှုမရှိတာ သာမန်လူတောင်သိတဲ့အရာဖြစ်ပါတယ်။ အဲဒီကာလအခြေအနေမှာ NCA ကို လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့တွေထဲက KNU, CNF, ABSDF, MNSP (ရဲ့ ခွဲထွက်သွားတဲ့ အစိတ်အပိုင်း ဖြစ်တဲ့ MNSP-AD), PLNO/PNLA တို့ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။
NCA ဟာ ကွဲသွားတဲ့ ကြွေထည်ပစ္စည်းတခုလိုပဲ ပြန်ဆက်ဖို့မဖြစ်နိင်လောက်အောင် အစတွေအများအပြားကွဲထွက်ပြီး ပျက်စီးခဲ့ပြီဖြစ်ပါတယ်။ NCA မှာ လက်မှတ်ထိုးခဲ့တဲ့ အစိုးရ၊ လွှတ်တော်၊ လက် နက်ကိုင်တပ်တွေအနက် လက်ရှိအချိန်မှာ ရွေးကောက်ခံအစိုးရမရှိသလို၊ လွှတ်တော်လည်း ရှိမနေဘဲ လက်နက်ကိုင်တပ်တွေအနက် အာဏာသိမ်းခဲ့တဲ့စစ်တပ်နဲ့ အခြားတဖက်က လက်မှတ်ထိုးကြတဲ့ လက်နက်ကိုင်တပ်အချို့သာ NCA အထိမ်းအမှတ်ပွဲမှာ တွေ့ကြရမှာ ဖြစ်ပါတယ်။
ဒီအခမ်းအနားမှာ အာဏာသိမ်းစစ်တပ်ခေါင်းဆောင်က လက်နက်ကိုင်တောင်းဆိုမှုတွေ လက်မခံနိုင်ဘဲ လွှတ်တော်ကတဆင့် နိုင်ငံရေးနည်းလမ်းနဲ့သာ တောင်းဆိုကြဖို့ ပြောဆိုသွားပါတယ်။ တကယ်တော့ စစ်တပ်က နိုင်ငံရေးနည်းလမ်းတွေကိုလမ်းပိတ်စေတဲ့ အာဏာသိမ်းခဲ့တာကြောင့် အခုလို အခြေအနေရောက်ခဲ့တာပါ။ ၂၀၀၈ အခြေခံဥပဒေအတိုင်းကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ၃ ကြိမ်မှာ တတိယအကြိမ်ရလဒ်ကို စစ်တပ်က ပယ်ချခဲ့တာကြောင့် အခုလို မြန်မာနိုင်ငံက ပြည်တွင်းစစ် ဝဲဂယက်ထဲကျဆင်းခဲ့တာပါ။
NCA ဆယ်နှစ်ပြည့်အထိမ်းအမှတ်ကို တက်ရောက်လာသူတွေကတော့ လက်ရှိစစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားနေခြင်းမရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ လက်ရှိ အာဏာသိမ်း စစ်အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ သံတမန်အချို့ အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံရဲ့ သံတမန်နဲ့အထူးကိုယ် စားလှယ်တွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံကတော့ လာမယ့်ရွေးကောက်ပွဲကို ရုပ်ဝတ္တုဆိုင်ရာ နည်းပညာဆိုင်ရာကူညီဖို့ အဆင်သင့်ရှိတယ်လို့ပြောဆိုသလို မြန်မာနိုင်ငံမှာ ထိန်းမရသိမ်းမရတဲ့အခြေအနေတွေဖြစ်မှာကို မလိုလားဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့သဘောထားက မြန်မာနိုင်ငံရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးတာမဟုတ်သော်လည်း သက်ရောက်မှုရှိတဲ့အနေအထားလို့တော့ဆိုရမှာ ဖြစ်ပါတယ်။ အခုပြော ဆိုချက်ကို အဓိပ္ပါယ်ဖွင့်ရရင် လက်နက်ကိုင်အဖွဲ့တွေအများအပြားက သူ့နယ်မြေသူထိန်းချုပ်ထားတဲ့ အနေအထားမျိုးကို တရုတ်နိုင်ငံကမလိုလားဘူးဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာပါဝင်ပေမယ့် ဆယ်စုနှစ် ၃ ခုကျော် နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်မှုတွေရဲ့ သက်ရောက်မှုရှိမနေတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီဆက်ဆံရေးတာဝန်ခံက ဝ ပြည်သွေး စည်းညီညွတ်ရေးပါတီအနေနဲ့ လာမယ့်ရွေးကောက်ပွဲတွေကို ထောက်ခံအားပေးတယ်လို့ မှတ်ချက်ပေးပါတယ်။ အခုလိုမှတ်ချက်ပေးပေမယ့် UWSA ထိန်းချုပ်ထားတဲ့ဒေသတွေဟာ ပြီးခဲ့တဲ့ ရွေး ကောက်ပွဲတွေတုန်းကလည်း ကျင်းပခြင်းမရှိခဲ့သလို ကိုယ်စားပြုကိုယ်စားလှယ်လည်း လွှတ်တော်မှာ ရှိမနေခဲ့ပါဘူး။ အခုလာမယ့်ရွေးကောက်ပွဲကိုလည်း ဝ ထိန်းချုပ်ဒေသတွေမှာ ကျင်းပဖို့ အလားအလာမရှိပေမယ့် ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/ လက်နက်ကိုင်တပ်ဖွဲ့အနေနဲ့ အာဏာသိမ်း စစ်တပ်နဲ့ မိတ်မပျက်လိုတဲ့သဘောထားလို့သာ အဓိပ္ပာယ်ကောက်ယူရမှာ ဖြစ်ပါတယ်။
ခြုံငုံသုံးသပ်ရရင်တော့ ဒီနှစ်ကျင်းပတဲ့ပွဲဟာ နှစ်စဥ်လုပ်နေကျ NCA လက်မှတ်ရေးထိုးမှု အထိမ်းအမှတ်ပွဲတွေထက် ပိုထူးခြားအောင် အာဏာသိမ်းစစ်တပ်က ကြိုးစားတာတွေ့ရပြီး လာမယ့် ရွေး ကောက်ပွဲကို စျေးဗန်းတင်ဖို့ ဒီအခမ်းအနားကိုအသုံးချနေတဲ့သဘောလို့လည်း ဆိုနိုင်ပါတယ်။
-
Join Us @ MoeMaKa Telegramt.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar