ထိုင်းနယ်စပ်နဲ့ ဘန်ကောက်တို့မှာ မြန်မာနိုင်ငံသား ရာနဲ့ချီ ဖမ်းဆီးခံရ၊ ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် လုပ်ကိုင်တဲ့ KK Park ကို စစ်ကောင်စီတပ်က ဝင်စီး
မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၉ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၂၅
ထိုင်းနယ်စပ်နဲ့ ဘန်ကောက်တို့မှာ မြန်မာနိုင်ငံသား ရာနဲ့ချီ ဖမ်းဆီးခံရ၊ ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့် လုပ်ကိုင်တဲ့ KK Park ကို စစ်ကောင်စီတပ်က ဝင်စီး
ထိုင်း အာဏာပိုင်တွေက ရွှေ့ပြောင်းအလုပ်သမား နေထိုင်လုပ်ကိုင်ခွင့် မှတ်ပုံတင်တဲ့ လုပ်ငန်းစဥ်ကို တနှစ်တကြိမ် ဖွင့်လှစ်ပေးလေ့ ရှိပြီး ဘယ်လတွေမှာ မှတ်ပုံတင်ခွင့်ပြုသလဲဆိုတာမျိုး လအတိအကျ နဲ့ လုပ်ဆောင်တာမျိုးတော့ မဟုတ်ပါဘူး။ ယခု ၂၀၂၅ ခုနှစ်မှာ အောက်တိုဘာ ၁၅ ရက်နေ့မှာ မှတ်ပုံတင်တဲ့ လုပ်ငန်းစတင်လုပ်ဆောင်ပေးမယ် လို့ သတင်းထွက်ပေါ်လာပြီးနောက်မှာ မြန်မာနိုင်ငံထဲက ရွှေ့ပြောင်းလုပ်သား အများအပြားဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိုင်းနိုင်ငံထဲရောက်နေဖို့ ဝင်ရောက်လာနေကြတာဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မြဝတီမြို့နယ်လိုနေရာကနေ ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာထက် တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ မွန်ပြည်နယ် ဘုရားသုံးဆူလိုနယ်စပ်တလျောက်ကနေ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ဘက်ကို တရားမဝင် ဝင်ရောက်ဖို့ လူမှောင်ခိုပွဲစားတွေ နဲ့ ဆက်သွယ်ကာ ဝင်ရောက်နေခဲ့ကြတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လပိုင်းတွေအတွင်းက ထိုင်းမြန်မာနယ်စပ်က နေ ကန်ချနဘူရီခရိုင်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ရေကန်တကန်ကိုညဘက် လှေနဲ့ ဖြတ်ကူးရာမှာ လှေမှောက်ပြီး ၃ ဦးရေနစ် သေဆုံးခဲ့တဲ့ ဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။
ခုရက်ပိုင်းအတွင်းမှာ ဘန်ကောက်မြို့နယ်နိမိတ်ထဲက မဟာချိုင်မှာ အထောက်အထားမဲ့ ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ထိုင်းရဲ နဲ့ လူဝင်မှုကြီးကြပ်ရေးတို့က ဖမ်းဆီးခဲ့ပါသေးတယ်။ ဖမ်းဆီးခံရသူတွေဟာ လူမှောင်ခိုပွဲစားတွေကို မြန်မာငွေ သိန်း ဆယ်နဲ့ချီ ဝန်ဆောင်ခပေးဆောင်ပြီး အခုလို အလုပ်သမားမှတ်ပုံတင် ကတ်လုပ်ဖို့ လာရောက်ကြသူတွေ ဖြစ်ပါတယ်။
နောက်ဆုံး ဖမ်းဆီးခံရတဲ့ အဖြစ်အပျက်ကတော့ အောက်တိုဘာ ၁၇ ရက်နေ့ ၁၉ ရက်မှာ ကန်ချနဘူရီနဲ့ မဲဆောက်တို့မှာ မြန်မာနိုင်ငံသား ၂၂၀ ဦး တရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရတဲ့ သတင်းဖြစ်ပါတယ်။ ဖမ်းဆီးခံရတဲ့သူ ၂၂၀ အနက် အသက် ၁၈ နှစ်မပြည့်သေးတဲ့ သူ ၁၁ ဦးပါဝင်တယ်လို့လည်း ထိုင်းသတင်းဌာနတွေရဲ့ ဖေါ်ပြမှုမှာ ပါရှိတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ အလုပ်လာရောက်လုပ်ကိုင်မယ့် မိသားစုဝင်တွေ နဲ့အတူလိုက်ပါလာတဲ့ သဘော၊ စစ်မှုမထမ်းမနေရ ဥပဒေအကြောင်းပြုပြီး ဆွဲခေါ်ဖမ်းဆီးခံရမယ့် အရေးကို စိုးရိမ်မှုကြောင့် အသက် ၁၈ နှစ်မပြည့်မီ တိမ်းရှောင်လာတာမျိုး လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မြန်မာနိင်ငံသားတွေ အဖို့ ထိုင်းနိုင်ငံဟာ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံကိုပြန်ပို့ခံရနိုင်တဲ့ အန္တရာယ်နဲ့ ကြုံရနိုင်ပေမယ့်လည်း ကိုယ့်နိုင်ငံမှာ စစ်ပွဲတွေ ဖြစ်ပွားနေပြီး အဓမ္မစစ်သားစုဆောင်းခံနေရတဲ့ အန္တရာယ်၊ အလုပ်အကိုင် ပိုမိုရှားပါးကာ လူနေမှုစရိတ် ကြီးမြင့်မှုတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် မိသားစုဝင်တွေထဲက အလုပ်လုပ်နိုင်သူတွေက ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် အလုပ်လုပ်ပြီး ပြည်တွင်းမှာ ကျန်တဲ့သူတွေကို ကြည့်ရှုတဲ့ နည်းလမ်းနဲ့ ထိုင်းနိုင်ငံကို တရားမဝင် နည်းလမ်းတွေက လာရောက်ကြရတာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတာတွေ၊ တရားမဝင် လူမှောင်ခိုတွေ ကားနဲ့ ခိုးသယ်ဆောင်ရင်း ယာဥ်မတော်တဆ ဖြစ်မှုတွေ၊ ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးပြီးနောက် နယ်စပ်ကနေ မြန်မာနိုင်ငံဘက် ပြန်ပို့ချိန်မှာ လူငယ်လူလတ်ပိုင်းအရွယ် အမျိုးသားတွေ အဖို့ စစ်သားစုဆောင်းခံရ နိုင်တဲ့ အန္တရာယ်လည်း ရှိနေတာ ဖြစ်ပါတယ်။
ဒီနေ့ အတွက် နောက်ထပ် သတင်းအကြောင်းအရာ တခုက အာဏာသိမ်းစစ်ကောင်စီ တပ်တွေဟာ မြဝတီမြို့ရဲ့ တောင်ဘက်မှာ ရှိတဲ့ လေးကေ့ကော်နဲ့ စွယ်တော်ကုန်းတွေကို သိမ်းယူပြီး ဒီနယ်မြေဒေသနဲ့ ဆက်စပ်နေတဲ့ ကျားဖြန့်မြို့တမြို့လို ဖြစ်နေတဲ့ KK Park ကို ဝင်ရောက်စီးနင်းပြီး အဆောက်အဦ၊ ကျားဖြန့်လုပ်ငန်းမှာပါဝင်နေတဲ့ သူ ၂၀၀၀ ကျော် နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းထားတဲ့အကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံနဲ့ သောင်ရင်းမြစ်သာခြားတဲ့ ကမ်းနားမှာ အဆောက်အဦပေါင်း ရာချီရှိပြီး လက်နက်ကိုင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နယ်စပ်ဒေသမှာ တိုက်တာတွေ၊ စတားလင့် အင်တာနက်တွေနဲ့ ကမ္ဘာ့နေရာအသီးသီးက သူတွေကို အွန်လိုင်းပေါ်မှ တဆင့် ငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေကို စစ်ကောင်စီက ပထမဆုံး သိမ်းယူတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။
KK Park ကျားဖြန့်မြို့ရဲ့ မြေနေရာကို KNU အဖွဲ့အစည်းထံမှ တရုတ်ကုမ္ပဏီတခုက ၂၀၂၀ ခုနှစ်မှာ ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ KNU အဖွဲ့ရဲ့ စီးပွားရေး တာဝန်ခံ တဦးဖြစ်သူ ဖဒိုစောရောဂျာခင်က KNU ကိုယ်စားလက်မှတ်ရေးထိုးထားတဲ့ မြေနေရာ ငှားရမ်းစာချုပ်ရဲ့ ဓါတ်ပုံလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေခဲ့ပါတယ်။ KK Park ကို လက်ရှိအချိန်မှာတော့ BGF ကနေ Karen National Army အဖြစ်အမည်ပြောင်းထားတဲ့ စောချစ်သူ ဦးဆောင်တဲ့ ကရင်လက်နက်ကိုင် အဖွဲ့က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်နဲ့ BGF/KNA တို့အကြား ဆက်ဆံရေးက ယမန်နှစ် အစပိုင်းမှာ ခပ်အေးစက်စက်ရှိခဲ့ပေမယ့် ယခုနှစ်ထဲမှာတော့ စစ်တပ်ရဲ့ ကရင်ပြည်နယ် စစ်ဆင်ရေးတွေမှာ အကူအညီပေးနေခဲ့တာ ဖြစ်ပြီး မကြာသေးခင်က အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒီအနေအထားတွေ အပေါ် အခြေခံပြီး သုံးသပ်ကြည့်ရင် BGF/KNA ထိန်းချုပ်ထားတဲ့ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျားဖြန့်ရာဇဝတ်မှုလုပ်ငန်းတွေ နှိမ်နှင်းတဲ့ အဖြစ်အပျက်မှာ BGF/KNA နဲ့ နားလည်မှု ယူထားပြီး လုပ်ဆောင်တဲ့ သဘောလို့ ယူဆရပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခြင်းမရှိတာ၊ BGF/KNA အနေနဲ့ လည်း ထိုင်းနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဖိအားကို လျော့ပါးစေဖို့ KK Park ကို လက်လွှတ်လိုက်တဲ့ သဘောလို့ ယူဆနိုင်ပါတယ်။
အာဏာသိမ်း စစ်တပ်အနေနဲ့တော့ ရှမ်းမြောက်ဒေသက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ အတွင်းမှာရော ကရင်ပြည်နယ်က လက်နက်ကိုင်တိုက်ပွဲတွေအတွင်း ကျားဖြန့်နှိမ်နှင်းရေးနဲ့ ပတ်သက်လို့ ထိရောက်တဲ့ နှိမ်နှင်းမှု လုပ်ပြနိုင်ခြင်း မရှိခဲ့ဘဲ အခု ဖြစ်ရပ်က နိုင်ငံတကာကို ဝါဒဖြန့်ဖို့အတွက် အပြသဘောနဲ့ လုပ်ဆောင်မှု တခုလို့ ကောက်ချက်ချရနိုင်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ ရှိနေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အစောပိုင်းမှာ ကာစီနို ကစားဝိုင်းတွေကို အကာအကွယ်ပေးပြီး ဝင်ငွေရရှိခဲ့ကြရာက ပြီးခဲ့တဲ့နှစ်အနည်းငယ်မှာ ကာစီနိုကစားဝိုင်းလုပ်ငန်းတွေက ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အဖြစ် အသွင်ပြောင်းလဲခဲ့ပြီး အရှေ့တောင်အာရှ ဒေသက တရားဥပဒေ စိုးမိုးခြင်း မရှိတဲ့ဒေသ၊ နိုင်ငံတွေမှာ အခြေစိုက်တဲ့ နိုင်ငံဖြတ်ကျော် လုပ်ကိုင်ကြတဲ့ ရာဇဝတ်ဂိုဏ်းတွေ အဖြစ် ကြီးထွားလာခဲ့ကြတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar