Breaking News

BGF နဲ့ စစ်ကော်မရှင်က ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းမှု တိုးမြှင့်လုပ်ဆောင်လာ

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၇ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၅

BGF နဲ့ စစ်ကော်မရှင်က ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းမှု တိုးမြှင့်လုပ်ဆောင်လာ

ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တွေထဲက တဖွဲ့ဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF နဲ့ အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တို့က ဒီရာဇဝတ်ဂိုဏ်းတွေကို နောက်ဆုံး စစ်ဆင်ရေးဆင်နွှဲဖို့နဲ့ အမြစ်ပြတ်ချေမှုန်းဖို့ အသီးသီးပြောဆိုခဲ့ကြပြီးနောက် နာရီပိုင်းအတန်ကြာမှာ မြဝတီမြို့နယ် ရွှေကုက္ကိုမြို့က ကျားဖြန့်လုပ်ငန်းမှာ လုပ်ကိုင်နေသူတွေ ရာထောင်ချီ ထွက်ခွာနေကြတဲ့ ရုပ်သံတွေ နိုဝင်ဘာ ၁၇ ရက်နေ့ညမှာ ပေါ်ထွက်လာခဲ့ပါတယ်။ 

ခုရက်ပိုင်းအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်နဲ့ ကရင်ပြည်နယ် ဘားအံမြို့ ရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခရီးစဥ်အတွင်း ကျားဖြန့်ရာဇဝတ်မှုဂိုဏ်းတွေကို အမြစ်ဖြတ်ချေမှုန်းမယ်လို့ ပြောဆိုခဲ့သလို နိုဝင်ဘာ ၁၇ ရက်နေ့မှာ စစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲမှု အောက်က နယ်ခြားစောင့်တပ်အဖြစ် ဆယ်စုနှစ်တခုကျော်ကြာ ရပ်တည်ခဲ့ရာက ပြီးခဲ့တဲ့နှစ်တွေကမှ Karen National Army အဖြစ် နာမည်ပြောင်းခဲ့တဲ့ BGF လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး နိုင်မောင်ဇော်က ကျားဖြန့်ရာဇဝတ်မှုဂိုဏ်းတွေ အပေါ် နောက်ဆုံးစစ်ပွဲ ဆင်နွှဲမယ်လို့ ထိုင်းသတင်းမီဒီယာတွေ နဲ့ မြန်မာသတင်းမီဒီယာအချို့ ကို တွေ့ဆုံပြီး ပြောဆိုလိုက်ပါတယ်။ 

ဒီပြောဆိုမှုတွေအပြီး နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှာတော့ ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်ရာ နေရာတွေအနက်က တခုဖြစ်တဲ့ ရွှေကုက္ကိုမြို့ ကနေ ကားတွေ၊ လူတွေ မြို့တွင်းမှာ ပြည့်ကြပ်နေပြီး မြို့ကနေ ထွက်ခွာနေကြတဲ့ ဗီဒီယိုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ အခုလို အာဏာသိမ်းစစ်တပ်နဲ့ BGF တို့က ကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေ အပေါ် စစ်ဆင်ရေး လုပ်မယ်လို့ ကြိုတင်ကြေညာခြင်းက တနည်းအားဖြင့် ဒီရာဇဝတ်ဂိုဏ်းတွေကို ဦးစီးနေကြတဲ့ တရုတ်နိုင်ငံသားတွေ ကရင်ပြည်နယ်နဲ့ မြန်မာနိုင်ငံထဲက ဘေးလွတ်ရာ နေရာတနေရာ သို့မဟုတ် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်ကြဖို့ အသိပေးလိုက်တဲ့ သဘောမျိုးလို့လည်း ယူဆရပါတယ်။ ဒီရာဇဝတ်ဂိုဏ်းတွေကို ဦးစီးသူတွေ အနေနဲ့ အွန်လိုင်းငွေလိမ်လည်မှုက ရတဲ့များပြားလှတဲ့ ငွေကြေးတွေနဲ့ တရားဥပဒေ စိုးမိုးရေးဝန်ထမ်းတွေ ဖြစ်တဲ့ ရဲတွေ၊ စစ်တပ်တွေ၊ လက်နက်ကိုင်အဖွဲ့တွေကို လာဘ်ထိုးပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်း ရှောင်တိမ်းနိုင်ကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ဒီ လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေခံရတဲ့ မြန်မာနိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသားတွေ အဖို့ ကျေးကျွန်သဖွယ် ပိတ်လှောင်စေခိုင်းတဲ့ အဖြစ်ကနေ လွတ်မြောက်လာကြမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ဒါ့အပြင် ဖျားယောင်းခံရပြီး အတင်းအကျပ် စေခိုင်းခံရခြင်းမရှိဘဲ လုပ်ခ လခ ရလို့ လာရောက်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့တော့ အနီးအနားက မြို့တွေ၊ ကျေးရွာတွေကို တိမ်းရှောင်ကြတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာ တွေ့ရပါတယ်။ 

ခုလို နှိမ်နှင်းမှုမျိုး ယခုနှစ်ဆန်းပိုင်းမှာ တကြိမ် ဖြစ်ပေါ်ခဲ့ပြီး BGF နဲ့ DKBA တို့က ၄င်းတို့ လုံခြုံရေးယူထားတဲ့ နေရာတွေမှာ အခြေစိုက်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ဖမ်းဆီးပြီး  နိုင်ငံခြားသား ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ထိုင်းနိုင်ငံကတဆင့် ၄င်းတို့နေရပ်နိုင်ငံ အသီးသီးကို ပြန်ပို့တာ၊ ရာဇဝတ်လုပ်ငန်းနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို အရေးယူတာတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ 

အဆိုပါ လူထောင်သောင်း ထွက်ပြေးခိုလှုံကြရာမှာ ကျားဖြန့်ရာဇဝတ်ဂိုဏ်းရဲ့ သားကောင်ဖြစ်ရသူတွေရော ရာဇဝတ်မှုကျူးလွန်သူတွေပါ ရောထွေးနေနိုင်တာလည်း ဖြစ်ပါတယ်။ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေက သံရုံးအသီးသီးက ၄င်းတို့နိုင်ငံသားတွေကို စိစစ်ခေါ်ယူသွားကြတာ ဖြစ်ပါတယ်။ ယခုနှစ် နှစ်ဆန်းပိုင်း မှာ ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးက ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ ထိုင်းနိုင်ငံနဲ့ မြန်မာတို့ကို တိုက်တွန်းနေတဲ့ တရုတ်နိုင်ငံ၊ BGF ခေါင်းဆောင်တွေကို ပိတ်ဆို့မှု လုပ်လိုက်တဲ့ အမေရိကန်ပြည်ထောင်စု တို့လို နိုင်ငံတွေကို ကျေနပ်အောင် အကန့်အသတ်နဲ့ စစ်ဆင်ရေးလုပ်ဆောင်တာလို့ အများက နားလည်ကြပါတယ်။ ထိုင်နယ်စပ်နဲ့ ကပ်လျှက်ရှိနေတဲ့ ရွှေကုက္ကို၊ KK Park ၊ ကျောက်ခက်တို့လို နေရာတွေ၊ မွန်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ထဲက DKBA ထိန်းချုပ်ကာကွယ်ပေးထားတဲ့ ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နေလား မလည်ပတ်နေလားဆိုတာ အပြင်ပန်း အမြင်အရ သိရှိနိုင်တာကြောင့် ဒီလုပ်ငန်းတွေ ဆက်လက် လည်ပတ်နေတာ အားလုံးသိတဲ့ လျှို့ဝှက်ချက် တရပ်လိုဖြစ်နေတာပါ။ 

အခုလတ်တလော BGF နဲ့  အာဏာသိမ်းစစ်တပ်တို့ ရဲ့ စစ်ဆင်ရေး အမြစ်ဖြတ်ချေမှုန်းရေး ဆိုတာတွေက ဘယ်အကန့်အသတ်ထိ ရောက်မလဲ ဆိုတာ ဘယ်သူမှတော့ မသိနိုင်သေးတဲ့ အနေအထားဖြစ်ပါတယ်။ BGF လို အင်အား ၇ ထောင်ခန့်ရှိတယ်ဆိုတဲ့ လက်နက်ကိုင် အဖွဲ့ အနေနဲ့ ရပ်တည် လည်ပတ်ဖို့ ဝင်ငွေ၊ လက်နက်ခဲယမ်း စတာတွေအတွက် ဒေသခံတွေထံက အကောက်အခွန် ကောက်ခံတာလို နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွေဆီက အခွန်အကောက်တို့ နဲ့ ရပ်တည်ဖို့ မလွယ်ကူတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ 

စစ်တပ် အနေနဲ့လည်း BGF တပ်တွေ ရပ်တည်ရေးအတွက် ဥပဒေအရ ထောက်ပံ့ပေးနိုင်တဲ့ လစာပမာဏတွေက လက်တွေ့ ရပ်တည်ဖို့ မဖြစ်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။ BGFတွေ ကျားဖြန့်ဂိုဏ်းတွေကို အကာအကွယ်မပေးခင် ကာလတွေက မူးယစ်ဆေးဝါး သယ်ဆောင်တာ ကုန်ကူးတာမျိုးတွေနဲ့ ရပ်တည်ခဲ့ကြတာ အားလုံး အသိဖြစ်ပါတယ်။ 

စစ်တပ်အဖို့လည်း အခုလို နယ်စပ်ဒေသတွေမှာ ပြည်သူ့စစ်အဆင့်ထက် ကျော်လွန်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ရင်ဆိုင်ရာမှာ ကြားခံတပ်တွေ အကူအညီရတဲ့ တပ်တွေအဖြစ် သဘောထားပြီး ခွင့်ပြုခဲ့တာ ပြည်တွင်းစစ် သမိုင်းတလျှောက် သာဓက များစွာရှိနှင့်ပြီး ဖြစ်ပါတယ်။ 

အထူးသဖြင့် ရှမ်းပြည်နယ်မှာ လူမျိုးစုအမျိုးမျိုးက စစ်ဘုရင်၊ မူးယစ်ရာဇာ စသဖြင့် ပုံသဏ္ဌာန်အမျိုးမျိုး နဲ့ ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးကို နှိမ်နှင်းရာမှာ သို့မဟုတ် ထိန်းထားနိုင်ဖို့အတွက် ဥပဒေနဲ့ မညီတဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အသုံးချရတာ ပြည်တွင်းစစ်ရဲ့ မိုဒယ် တခုသဖွယ် ဖြစ်နေခဲ့တာပါ။ 

အခု ကရင်ပြည်နယ်က ကျားဖြန့်လုပ်ငန်းတွေက မြန်မာနိုင်ငံ ပြည်တွင်းစစ် သမိုင်းရဲ့ အစိတ်အပိုင်း တခု ကဏ္ဍတခု ဖြစ်ပြီး မူးယစ်ဆေးဝါး စိုက်ပျိုးမှု၊ ထုတ်လုပ်ကုန်ကူးမှုတွေက အိမ်နီးချင်းနိုင်ငံတွေသာမက ကမ္ဘာ့ပြဿနာ ဖြစ်လာခဲ့သလို ယနေ့ကာလမှာတော့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကလည်း ဒေသတွင်း ပြဿနာကနေ နိုင်ငံတကာ ပြဿနာတွေအထိ ဆက်စပ်ကြီးထွားလာတာ ဖြစ်ပါတယ်။ 

ဒီအကြောင်းအချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ပြဿနာဟာ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးသက်သက် မဟုတ်တော့ဘဲ ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကိုပါ ထိခိုက်စေတဲ့ ပြဿနာတရပ်အဖြစ် ပုံပေါ်လာစေတဲ့သဘော ဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar