Breaking News

ကိုသန်းလွင် - ဒစ်ချေနီ (၁၉၄၁ - ၂၀၂၅)

ကိုသန်းလွင် - ဒစ်ချေနီ (၁၉၄၁ - ၂၀၂၅)

မိုးမခ ၊ နိုဝင်ဘာ ၁၀ ၊ ၂၀၂၅


(၁) 

အမေရိကန်နိုင်ငံ သမိုင်းတွင် သြဇာအာဏာအရှိဆုံး ဒုသမ္မတ တစ်ယောက်အနေဖြင့် နာမည်ကြီးခဲ့သော ဒစ်ချေနီ (Dick Cheney) သည် သမ္မတဘုရှ်နှင့်အတူ သက်တမ်းနှစ်ခုလုံး အရွေးချယ်ခံခဲ့ရသည်။ အိမ်ဖြူတော်မှ နေ၍ အကြမ်းဖက်မှုပြီးစီးချိန်နှင့် စီးပွားရေး ပြောင်းလဲမှုများကို ကြည့်ရှုကြပ်မတ်ခဲ့သော ဒုသမ္မတဟောင်းသည် တနင်္လာနေ့ (၃.၁၁.၂၅) နေ့က ကွယ်လွန်သွားခဲ့ပါသည်။

သေဆုံးရခြင်းမှာ နမိုးနီးယားနှင့် နှလုံးလမ်းကြောင်းဆိုင်ရာ ရောဂါတို့စုပေါင်း၍ အန္တရာယ်ဖြစ်စေခဲ့သောကြောင့် ဖြစ်သည်ဟု သူ့အိမ်မှ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ မြောက်ပိုင်း ဗာဂျီးနီးယားပြည်နယ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး သူ့တွင် ဂျက်ဆင်၊ ဗာဂျီးနီးယားတွင်လည်း အိမ်တစ်လုံး ရှိပါသေးသည်။

သူ၏ အရွယ်ရောက်ချိန်မှစ၍ သွေးလွှတ်ကြောနှင့်ဆိုင်သော ပြဿနာကြောင့် ၅ ကြိမ်မျှ နှလုံး attack ရခဲ့ပြီး (၁၉၇၈ မှ ၂၀၁၀ အထိ) သူ၏ နှလုံးခုန်နှုန်း မှန်ကန်စေရန်အတွက် ကိရိယာတစ်ခုကို ထည့်သွင်းခဲ့ရသည်။ သို့သော် သူ၏ ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်သည် ဒုသမ္မတ၏ တာဝန်ဝတ္တရားများကို မထိခိုက်စေခဲ့ပါ။ အလုပ်မှ အနားယူပြီး ၃ နှစ်အကြာတွင် နှလုံးကို အစားထိုး ကုသခဲ့ရာ ထိုအချိန်မှစပြီး အမြဲတစေ တက်တက်ကြွကြွ ရှိနေခဲ့ပါသည်။

(၂)

သူသည် ၂၀၂၄ ခုနှစ်အတွက် သမ္မတ ရွေးချယ်ပွဲတွင် ဒီမိုကရက်တစ်ပါတီမှ သမ္မတလောင်း ကမာလာ ဟဲရစ် (Kamala Harris) ကို မဲပေးမည်ဟု ကြေညာခဲ့ရာ ပါတီနှစ်ခုစလုံးအတွက် အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။ ဒေါ်နယ်ထရန့်သည် သမ္မတရုံးနှင့် မထိုက်တန်သူတစ်ဦး ဖြစ်ပြီး အမေရိကန် ဒီမိုကရေစီ၏ ရန်သူ ဖြစ်သည်ဟု ပြောခဲ့သည်။ နိုင်ငံတော်၏အရေးသည် ပါတီနိုင်ငံရေး၏ အထက်မှာ ရှိသည်ဟု ဆိုခဲ့သည်။

သူ့ကြေညာချက်မှာ သမီးဖြစ်သူ လစ်ချေနီ (Liz Cheney) နှင့် တထပ်တည်း ကျခဲ့သည်။ သမီးဖြစ်သူမှာ ဝိုင်အိုမင်းမှ ရီပါတ်ပလီကင်ပါတီကို ကိုယ်စားပြုသူဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ လွှတ်တော်ကို လူအုပ်ဖြင့် ဝိုင်းပြီးကတည်းက ဒေါ်နယ်ထရန့်နှင့် လမ်းခွဲခဲ့ပြီး သူကလည်း ဟဲရစ်ကိုပင် မဲပေးမည်ဟု ကြေညာသည်။ 

ဒုတိယ သမ္မတများထဲတွင် ဒစ်ချေနီသည် သြဇာအာဏာအရှိဆုံးလူ ဖြစ်ပြီး သမ္မတဖြစ်ရန် မျှော်လင့်ချက်မထားသည့်သူတစ်ဦး ဖြစ်ပါသည်။ ဆယ်နှစ်တာမျှ ဆီးနိတ်အမတ်ဖြစ်ခဲ့ပြီး အသက်အငယ်ဆုံး သမ္မတရုံး၏ အကြီးအကဲ Chief of Staff ဖြစ်ပါသည်။ ကာကွယ်ရေးဝန်ကြီးအဖြစ် ၁၉၈၉-၉၃ အတွင်း ဆောင်ရွက်ခဲ့ပြီး သမ္မတ၏ အယုံကြည်ရဆုံး အကြံပေးသူ ဖြစ်ခဲ့သည်။ ဥပဒေပြုသူတစ်ယောက် ဖြစ်ပြီး အလုပ်တာဝန်များကို အသံမထွက်စေဘဲ တိတ်တိတ်ဆိတ်ဆိတ် ပြီးစေခဲ့သူ ဖြစ်သည်။

သူသည် အဓိပ္ပာယ်မရှိသော စကားများကို ပြော၍ အချိန်ဖြုန်းလေ့ရှိသူ မဟုတ်၊ သူ့အကြောင်းကို ပြောလေ့မရှိ၊ အင်တာဗျူးများလည်း မလုပ်၊ သတင်းစာရှင်းလင်းပွဲများလည်း ပါဝင်လေ့ရှိသူ မဟုတ်ပါ။ တီဗွီတွင် အစိုးရနှင့်ပတ်သက်သည့် ပေါ်လစီမိန့်ခွန်းများကိုသာ ပြောလေ့ရှိပြီး သူသည် နောက်ကွယ်မှ အသာနေကာ ကင်မရာကို ကြိုက်နှစ်သက်သူ တစ်ဦးလည်း မဟုတ်ပါချေ။

ဝါရှင်တန်မြို့တော် အကြောင်းကို ထဲထဲဝင်ဝင် သိရှိပြီး မစ္စတာဘုရှ်၏ ပေါ်လစီများကို တိတိကျကျအကောင်အထည်ဖော်လေ့ ရှိသည်။ နိုင်ငံရပ်ခြားတွင် ဒီမိုကရေစီ ထွန်းကားစေရန်တပ်မတော်၏ အင်အားကို သုံးဖို့ ဝန်လေးသူ မဟုတ်ပေ။ လွတ်လပ်သော ဈေးကွက်များ ထွက်ပေါ်စေရေးနှင့် အစိုးရ၏ ကန့်သတ်ချက်များ နည်းပါးအောင် ဆောင်ရွက်သူ ဖြစ်သည်။ ဝါးတားဂိတ်နှင့် ဗီယက်နမ်စစ်ပွဲအပြီးတွင် ကွန်ဂရက်နှင့် တရားရုံးများက အစိုးရနှင့်သမ္မတ၏ လုပ်ပိုင်ခွင့်များကို ပယ်ဖျက်ရန် ကြိုးစားခဲ့ကြရာ လုပ်ငန်းများကို မထိခိုက်စေရန် ကောင်းကောင်း ကာကွယ်ပေးသူ ဖြစ်ခဲ့သည်။

မစ္စတာဘုရှ်၏ ယုံကြည်လေးစားမှုကို ခံရသူအဖြစ် သူသည် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်လေ့ရှိပြီး အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းရေးဆိုင်ရာ ကိစ္စအားလုံးကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခဲ့သူ ဖြစ်သည်။

သူ အဓိက အလုပ်နိုင်ဆုံးနေရာမှာ အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စများ ဖြစ်သည်။ သူသည်ကာကွယ်ရေးဝန်ကြီးအဖြစ် ပါရှန်ပင်လယ်ကွေ့စစ်ပွဲတွင် ထိရောက်စွာ လုပ်ကိုင်နိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ကူဝိတ်နိုင်ငံမှ ဆာဒန်ဟူစိန်၏ အီရတ်တပ်များကို အောင်မြင်စွာ တွန်းထုတ်နိုင်ခဲ့သည်။ ၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အရေးအခင်းတွင် အကြမ်းဖက်သမားများကို ရွပ်ရွပ်ချွံချွံ တိုက်နိုင်ခဲ့သည်။ အနာဂတ်တွင် ရန်သူ၏ ခြိမ်းခြောက်မှုများကို တွန်းလှန်နိုင်ရန်အတွက် ဝရမ်းမပါဘဲ စောင့်ကြပ်ကြည့်ရှုခြင်း (Survelliance)၊  လူများကို အကန့်အသတ် မရှိ ဖမ်းဆီးချုပ်နှောင်နိုင်ခွင့်၊ စစ်ဆေးရာတွင် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကို ခွင့်ပြုခဲ့သည်။ ၂၀ဝ၃ ခုနှစ်တွင် ဆာဒန် ဟူစိန် ပြုတ်ကျရေးအတွက် ဆောင်ရွက်ခဲ့သည်။ ဘုရှ်၏ ပထမသမ္မတသက်တမ်းတွင်မပြီးဆုံးသေးသော လုပ်ငန်းများနှင့် အနာဂတ်လုံခြုံရေးဆိုင်ရာ ကိစ္စများကို ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ဘုရှ်၏ ပထမ သမ္မတသက်တမ်းအတွင်းတွင် အိမ်ဖြူတော်မှ တကယ်လက်ရှိ အာဏာကို ကိုင်စွဲထားသူသည် ချေနီ ဖြစ်သည်ဟု အကဲခတ်များက အစမ်းသပ်မခံရသေးသည့် သမ္မတအပေါ် အထင်သေးခဲ့ကြသည်။ သမ္မတက သူ၏ အာဏာပိုင်ဆိုင်မှုကို ပြသနိုင်သောအခါ ချေနီ၏ သြဇာလွှမ်းမိုးမှုမှာ ကျဆင်းခဲ့သော်လည်း သူ၏ မာချီဗီလီ (Machiavellian) လွှမ်းမိုးမှုမှာ စင်စစ် ပပျောက်မသွားခဲ့ပါ။

၂၀ဝ၁ ခုနှစ်က အကြမ်းဖက်သူများ တိုက်ခိုက်သဖြင့် နယူးရော့မြို့ ဝါးထရိတ်စင်တာ ပျက်စီးခဲ့သည်။ ပင်တဂွန် နှင့် ပင်ဆစ်ဗေးနီးယားတွင် လေယာဉ်ပျံများ ပျက်ကျခဲ့ပြီး လူ ၃၀ဝ၀ ကျော် သေစေခဲ့ကာ နိုင်ငံတော် အဆိုးဆုံး အတိုက်အခိုက်ခံရချိန်တွင် သမ္မတမှာ ပြင်ပသို့ ရောက်နေခဲ့သောကြောင့် မစ္စတာချေနီမှာ အိမ်ဖြူတော်ကို စနစ်တကျ ဦးစီးခဲ့သည်။ 

အတိုက်ခိုက်ခံရအပြီးတွင် သမ္မတ၏ သြဇာအာဏာကို အကျယ်ပြန့်ဆုံး ဖြစ်စေရန် ကမ္ဘာက သိအောင် ကြေညာရာတွင် နိုင်ငံတော်လုံခြုံရေးကို ထိပါးသည့် နိုင်ငံအားလုံးကို တိုက်ခိုက်ခံရမည်ဟု ပြောခဲ့သည်။

အတိုက်အခိုက်ခံရပြီး ၆ ပတ်မျှ ကြာသောအခါ “Patroit Act” ခေါ်  တဖက်သတ်ကျသည့် ဥပဒေကို လွှတ်တော်သို့ တင်သွင်းခဲ့ပြီး အစိုးရ၏ သြဇာအာဏာကို မြှင့်တင်ကာ စစ်ဆေးပိုင်ခွင့်၊ စုံစမ်းထောက်လှမ်းခွင့်၊ ဖမ်းဆီးချုပ်နှောင်ခွင့်၊ ကြိုက်သည့်နည်းနှင့် စစ်ဆေးနိုင်ခွင့်တို့ကို ရယူနိုင်ခဲ့သည်။ ဒဏ်ရာရနေသော နိုင်ငံတော်ကလည်း ထိုဥပဒေ ထွက်ပေါ်လာရေးကို မကန့်ကွက်ခဲ့ပါ။ သို့သော် လူ့အခွင့်အရေး စောင့်ကြည့်သူများကမူ ဤဥပဒေသည် အမေရိကန် နိုင်ငံသားများအပေါ် အစိုးရ စပိုင် လုပ်ပိုင်ခွင့် ပေးလိုက်သည်ဟု ယူဆကြသည်။ မကြာမီမှာပင် လျှို့ဝှက်တရားစီရင်မှု၊ ဝရမ်းမပါဘဲဖုန်းခိုးနားထောင်မှု၊ အကန့်အသတ်မရှိ ဖမ်းဆီးချုပ်နှောင်မှုနှင့် ဂျနီ ဗာ သဘောတူညီမှုကို ဆန့်ကျင်၍ ဖမ်းဆီးခံတရားခံကို ညှဉ်းပန်းနှိပ်စက်မှုများ ပေါ်ပေါက်ခဲ့သဖြင့် ဆန့်ကျင်သူ များပြားခဲ့သည်။ မစ္စတာချေနီ မှာ ဆန့်ကျင်သူများကြားမှ ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရသည်။

(၃)

ရစ်ချပ် ဘရှု ချေနီ (Richart Bruce Cheney) ကို နီဘရားစကားပြည်နယ် လင်ကွန်းမြို့တွင် ၁၉၄၁ ခု ဇန်နဝါရီ ၃၀ ရက်တွင် မွေးဖွားခဲ့ပါသည်။ ဟားဗတ် ချေနီ (Richert Herbert Cheney)၊ လော်ရိန်းချေနီ (Marjorie  Lorraine Cheney) တို့၏ သားသုံးဦးအနက်မှ အကြီးဆုံးသား ဖြစ်သည်။ ချေနီ ၁၃ နှစ်အရွယ်တွင် မြေသြဇာထိန်းသိမ်းရေး (Soil Conservation agent) ဖြစ်သော ဖခင်က ဝိုင်အိုမင်းနယ် ကက်စပါးမြို့ (လူဦးရေ ၂၅၀ဝ၀ ရှိသည်) သို့ ပြောင်းရွှေ့ခဲ့သည်။

ကျောင်းတွင် ဒစ်ချေနီသည် ဘောလုံးအသင်း၏ ကပ္ပတိန် ဖြစ်ခဲ့သည်။ သူ့အတန်း၏ ကိုယ်စားလှယ်လည်း ဖြစ်သည်။ သို့သော် သူသည် စာတော်သော ကျောင်းသားတစ်ယောက်တော့ မဟုတ်ခဲ့ပေ။ သူသည် ဗင်းဆင့် (Lynne Vincent) ဆိုသော မိန်းကလေးနှင့် ၁၉၆၄ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

သူသည် ယေးတက္ကသိုလ်သို့ ရောက်ခဲ့သည်။ သူ့ဂရိတ်များမှာ မကောင်းလှပါ။ အရက်မူးပြီး ကားမောင်းသောကြောင့် နှစ်ကြိမ် အဖမ်းခံရဖူးသည်။ ဝိုင်အိုမင်းတက္ကသိုလ်မှ ၁၉၆၅ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။ နိုင်ငံရေးဘွဲ့နှင့် မာစတာဘွဲ့လည်း ရခဲ့သည်။ ထိုအချိန်သည် ဗီယက်နမ်စစ်ပွဲ ဖြစ်ပွားချိန်လည်း ဖြစ်သည်။ သူသည် စစ်တပ်တွင် အမှုမထမ်းခဲ့ပေ။ လေးကြိမ်မျှ စစ်တပ်တာဝန် ထမ်းဆောင် ကင်းလွတ်ခွင့်ယူခဲ့သည်။

အသက် ၂၇ နှစ်တွင် ကွန်ဂရက်လူကြီး ဝီလီယံ စတီဂါ ( William Steiger) ၏ ရုံးတွင် တာဝန်ထမ်း ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် မစ္စတာရမ်းဖဲလ် (Rumsfeld) နှင့် အသိဖြစ်ကာ နစ်ဆင်အစိုးရလက်ထက် စီးပွားရေးခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်သောအခါ ချေနီလည်း ပါသွားခဲ့သည်။ ဒစ်ချေနီသည် စီးပွားရေးရုံး ကို မည်သို့ ဖွင့်ရမည်ဟူသော ၁၂ မျက်နှာ စာတမ်းရေးသည်။ သမ္မတ ဂျာရယ်ဖို့ဒ် က ရမ်းဖဲလ်ကို အိမ်ဖြူတော် အကြီးအကဲခန့်သောအခါ ချေနီလည်း ဒုတိယလက်ထောက်အဖြစ် ပါသွားခဲ့သည်။ ၁၉၇၅ ရမ်းဖဲလ်က ကာကွယ်ရေးဝန်ကြီး ဖြစ်သွားသောအခါ ချေနီသည် အိမ်ဖြူတော်၏ အကြီးအကဲ ဖြစ်လာသည်။

၁၉၈၉ ခုနှစ်က ဖခင် ဘုရှ်က ချေနီကို ကာကွယ်ရေးဝန်ကြီး ရာထူးခန့်အပ်ပါသည်။ ထိုစဉ်ကစ၍ အစိုးရ တာဝန်များကို ထမ်းဆောင်လာခဲ့သည်။ ပနားမားမှ ဂျင်နရယ်နော်ရီးဂါး (General Manuel Noriega) ကို ဖမ်းဆီး အရေးယူနိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ဒစ်ချေနီကို သားဖြစ်သူ သမ္မတဘုရှ်က သူ့သမ္မတ အရွေးချယ်ရရေး(Campaign) တွင် ဝင်ရောက်ကူညီပါရန် ပန်ကြားခဲ့သည်။ ထိုမှတဆင့် ဒုသမ္မတအဖြစ်(Running Mate) အရွေးချယ်ခံခဲ့ပါသည်။

ကိုသန်းလွင်

Ref: Most Powerfulof US vice Presidents, By Robert McFadden, NY Times 6 November 2025


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar