ကျားဖြန့်နယ်မြေတွေထဲက တခုဖြစ်တဲ့ KK Park က အဆောက်အဦတွေ အာဏာသိမ်းစစ်တပ် နဲ့ BGF ပူးပေါင်း ဖျက်ဆီး
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၉ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၂၅
ကျားဖြန့်နယ်မြေတွေထဲက တခုဖြစ်တဲ့ KK Park က အဆောက်အဦတွေ အာဏာသိမ်းစစ်တပ် နဲ့ BGF ပူးပေါင်း ဖျက်ဆီး
အွန်လိုင်းကတဆင့် ကမ္ဘာတဝှမ်းက အင်တာနက်သုံးစွဲသူတွေကို ပစ်မှတ်ထား ရှာဖွေပြီး ငွေကြေးလိမ်လည်တဲ့ ခေတ်သစ် ရာဇဝတ်ဂိုဏ်း (ကျားဖြန့် ) တွေအခြေစိုက်လုပ်ကိုင်နေကြတဲ့ နေရာတွေထဲက တခုဖြစ်တဲ့ KK Park မှာ ရှိတဲ့အဆောက်အဦတွေကို မိုင်းခွဲပြီးတမျိုး၊ စက်ယန္တရားတွေနဲ့ တဖုံ ဖျက်ဆီးနေပြီး အဆောက်အဦ ၁၄၀ ကျော်အနက် ၁၀၁ လုံးကို ဖျက်ဆီးပြီး ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ်က သတင်းထုတ်ပြန်လာပါတယ်။ အောက်တိုဘာလ ၁၉ နေ့မှာ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း ပထမဆုံးအကြိမ် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂြိုဟ်တုဆက်သွယ်ရေး အင်တာနက် (Starlink) ဗန်းတွေ၊ ကွန်ပျူတာ မော်နီတာတွေကို ဖျက်ဆီးတဲ့ သတင်းဓါတ်ပုံတွေနဲ့ အတူ အဆောက်အဦတွေထဲ လက်နက်ကိုင်တွေ ဝင်ရောက်နေတဲ့ သတင်းဓါတ်ပုံတွေကို ထုတ်ပြန်ခဲ့ရာမှာ အဆိုပါသတင်းဓါတ်ပုံတွေက အဆောက်အဦတွေမှာ ကျားဖြန့်လုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်သူ တဦးတလေမျှ မပါတာလည်း ထူးခြားချက် ဖြစ်ပါတယ်။
ဒီသတင်းထုတ်ပြန်ပြီးနောက် ရက်တွေမှာ KK Park မှာ ရှိတဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သူတွေ၊ ကျေးကျွန်သဖွယ် ပိတ်လှောင် ထိန်းသိမ်းထားပြီး အဓမ္မစေခိုင်းခံရသူတွေ၊ ကျားဖြန့်လုပ်ငန်းမှာ စီမံခန့်ခွဲမှုလုပ်ကိုင်နေသူတွေနဲ့ အဆိုပါ ကျားဖြန့်မြို့မှာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူတွေ အားလုံးနီးပါး ကစဥ့်ကလျား ထွက်ခွာတိမ်းရှောင်တဲ့ သတင်းတွေ နေ့စဥ်ရက်ဆက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
KK Park ကို စွန့်ခွာပြီး ထွက်ပြေးကြတဲ့သူတွေ အနက် ကျားဖြန့်လုပ်ငန်းရဲ့ မန်နေဂျာတွေ၊ လစာ အကျိုးခံစားခွင့် တို့ရဲ့ ဆွဲဆောင်မှုကြောင့် မိမိသဘောဆန္ဒအလျှောက် သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ၊ အချို့သော နိုင်ငံခြားသားတွေ နဲ့အတူ သားကောင်အဖြစ် ကျရောက်ခဲ့တဲ့ နိုင်ငံအသီးသီးက သူတွေပါဝင်နေကြတာ ဖြစ်ပါတယ်။
ဒီလို ထွက်ပြေးတိမ်းရှောင်သူတွေဟာ မြဝတီမြို့ပေါ် ၊ ၄င်းကတဆင့် ကရင်ပြည်နယ် ဖားအံမြို့၊ ထိုင်း-မြန်မာနယ်စပ်မျဥ်း သောင်းရင်းမြစ်ဖြတ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ဆီ ပြန့်ကြဲပြီး ထွက်ပြေးကြရာမှာ အချို့ကိုတော့ မြန်မာ အာဏာသိမ်း စစ်တပ်က ရာဂဏန်းနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့ သလို ထိုင်းနိုင်ငံဘက်က လည်း ထောင်နဲ့ချီတဲ့ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံ အသီးသီးကသူတွေ ပါဝင်ကြတာပါ။
အခုလို ထိုင်း-မြန်မာနယ်ခြားမျဥ်း တလျှောက်တခု မကတဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေတဲ့ နေရာတွေ ရှိနေကြတဲ့ အထဲက KK Park ကို ဘာကြောင့် ရွေးချယ်ပြီး စီးနင်း၊ မောင်းထုတ်ကာ ဖျက်ဆီးရှင်းလင်းရသလဲ ဆိုတဲ့ အချက်နဲ့ ပတ်သက်လို့တော့ အာဏာသိမ်းစစ်တပ် နဲ့ BGF တို့သာ သိရှိနိုင်မှာ ဖြစ်ပါတယ်။ BGF က ထိန်းချုပ်ထားပြီး ဆက်လက်လည်ပတ်နေတယ်လို့ ယူဆရတဲ့ ရွှေကုက္ကိုလ်မြို့ ၊ DKBA က ထိန်းချုပ်ထားတဲ့ ကျောက်ခက် ဒေသ၊ DKBA က ပဲ ထိန်းချုပ်ထားတဲ့ ဘုရားသုံးဆူနယ်မြေက ကျားဖြန့်လုပ်ငန်းတွေက ဆက်လက်လည်ပတ်နေဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ ပြီးခဲ့တဲ့ လပိုင်းတွေက မြဝတီ-ကော့ကရိတ် အာရှလမ်းကို ပြန်လည် ထိန်းချုပ်ပြီးနောက်မှာ မြဝတီမြို့ရဲ့ တောင်ဘက် လေးကေ့ကော် မြို့သစ်၊ လက်ခတ်တောင် စတဲ့ ထိုင်းမြန်မာနယ်စပ်ဒေသတွေဆီ ဆက်လက်ထိုးစစ်ဆင်ခဲ့တဲ့နောက် KNU/KNLA အဖွဲ့က လွန်ခဲ့တဲ့ ၅ နှစ်ကျော်ဝန်းကျင်က ငှားရမ်းပေးခဲ့တယ်ဆိုတဲ့ KK Park ကို ကျားဖြန့်နှိမ်နှင်းဖို့ ပစ်မှတ်တခုအဖြစ် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်က KK Park ကို နှိမ်နှင်းရှင်းလင်းခြင်းကြောင့် ကျားဖြန့်လုပ်ငန်းနဲ့ပတ်သက်တဲ့ နိုင်ငံတကာ အာရုံစိုက်မှုထဲကို KNU အဖွဲ့ကိုပါ ဆွဲထည့်လိုက်တဲ့ သဘောလည်း သက်ရောက်တာလည်း ဖြစ်ပါတယ်။ KK Park နယ်မြေဟာ မြေငှားရမ်းခဲ့တာ ဖြစ်ပေမယ့် လက်ရှိ KK Park ကို လုံခြုံရေးအကာအကွယ်ပေးထားတာက BGF ဖြစ်တာကြောင့် အာဏာသိမ်းစစ်တပ် အနေနဲ့ BGF နဲ့ ညှိနှိုင်းကာ အခုလို လုပ်ဆောင်ခဲ့တဲ့ သဘောလို့ ယူဆရပါတယ်။
BGF အနေနဲ့ လည်း ယခုနှစ်ဆန်းကတည်းက ကျားဖြန့်ရာဇဝတ်မှုတွေကို အကာအကွယ်ပေးထားတဲ့ ကိစ္စတွေ အတွက် ထိုင်းနိုင်ငံက ဖိအားပေးမှုတွေ နိုင်ငံတကာအစိုးရအချို့က ပိတ်ဆို့မှုစာရင်းသွင်းတာတွေ ခံထားရတာကြောင့် ဒီဖိအားတွေကို လျှော့ချဖို့ တစုံတခု နည်းလမ်းရှာဖွေနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ကျားဖြန့် ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာရတဲ့ သူတွေက တရုတ်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု နဲ့ ဥရောပနိုင်ငံ နဲ့ အာရှနိုင်ငံအချို့တို့ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ ၄င်းတို့ရဲ့ နိုင်ငံသားတွေ ဦးစီးဦးဆောင် လုပ်ကြတဲ့ ကျားဖြန့် လိမ်လည်မှု နဲ့ နှိပ်စက်ညှင်းပန်းစေခိုင်းကြတဲ့ ခေတ်သစ်ကျေးကျွန် လုပ်ငန်းတွေကို နိုင်ငံ ဂုဏ်သိက္ခာ ဆယ်ဖို့ နှိမ်နှင်းစေလိုတာ ဖြစ်ပါတယ်။
အင်တာနက် အွန်လိုင်း နဲ့ ဆိုရှယ်မီဒီယာတွေ ခေတ်မစားခင် ကာလတွေက ရာဇဝတ်ဂိုဏ်းတွေက နိုင်ငံဖြတ်ကျော် လူမှောင်ခို လုပ်ငန်း မူးယစ်ဆေးဝါး ကုန်ကူးတဲ့ လုပ်ငန်းတွေနဲ့ အရှေ့အာရှ၊ ဥရောပ နဲ့ အမေရိကတိုက်တွေအထိ ဒုစရိုက်လုပ်ငန်း ကွန်ရက်တွေ ဖြန့်ကျက်ခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုဝန်းကျင် ကာလတွေမှာတော့ ယခင်က ဘဏ်အကောင့်တွေ၊ ဘဏ်ကတ်တွေကို ထိုးဖောက်ဝင်ရောက်ပြီး ခိုးယူတာတွေထက် ဆိုရှယ်မီဒီယာ ပလက်ဖောင်း၊ အွန်လိုင်း ပေါ်က အရောင်းအဝယ်ဝက်ဆိုက် အတုတွေဖန်တီး လိမ်လည်တာ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအတုတွေဖန်တီး လိမ်လည်မှုတွေက ခေတ်သစ် အွန်လိုင်းရာဇဝတ်မှုလုပ်ငန်း အဖြစ်နဲ့ ပေါ်ထွက်လာပြီး လိမ်လည်ခံရတဲ့ပမာဏ က တနှစ်ထက်တနှစ် သိသိသာသာ မြင့်တက်လာပြီး ဒေါ်လာဘီလျံပေါင်းများစွာကနေ ထရီလျံပမာဏ ထိရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီလိုကျားဖြန့် ရာဇဝတ်ဂိုဏ်းတွေက တရားဥပဒေ စိုးမိုးမှုလျော့လျဲပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေ သို့မဟုတ် အစိုးရ တွေကိုယ်တိုင် ငွေကြေး ဝေစုရယူပြီး အကာအကွယ်ရယူနိုင်တဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အခြေစိုက်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ရှမ်းအရှေ့ နဲ့ ကရင်ပြည်နယ် မွန်ပြည်နယ် နဲ့ ထိစပ်နေတဲ့ မြန်မာ-ထိုင်းနယ်စပ် တို့မှာ အဓိက အခြေစိုက်ကြပါတယ်။ ဝင်ထွက်ဖို့ လွယ်ကူတာ၊ အင်တာနက် လျှပ်စစ်မီး ဘဏ်စနစ် နောက်ခံ အဆောက်အအုံတွေ ရှိတဲ့နေရာနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ အများအပြားရှိတဲ့နေရာတွေ ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုလည်း မရှိတဲ့အခြေအနေက ဒီလုပ်ငန်း လျင်မြန်စွာကြီးထွား ကျယ်ပြန့်လာစေတဲ့ အကြောင်းရင်းခံတွေ ဖြစ်နေခဲ့တာပါ။
အချို့သော ပူးပေါင်းကြံစည်မှု သီအိုရီတွေကတော့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေရဲ့ တချို့ခေါင်းဆောင် တွေကို တရုတ်နိုင်ငံက လျှို့ဝှက် သတင်းအချက်အလက် စုဆောင်းရယူပေးဖို့ သူလျှို အဖြစ်နဲ့ အသုံးချခဲ့ပြီး ၄င်းတို့ ကြီးထွားလာချိန် အနေအထားတခုမှာ ပြန်လည် နှိမ်နှင်းဖို့ လုပ်ဆောင်လာတယ်ဆိုတဲ့ ဇတ်ကြောင်းတွေနဲ့ ပြောဆိုကြတာတွေလည်း တွေ့ရတာ ဖြစ်ပါတယ်။ အာဏာရှင် အစိုးရတွေ၊ စစ်ဘုရင်တွေ အနေနဲ့ စစ်ပွဲတွေ ဆင်နွှဲဖို့ အာဏာကို ခိုင်မာအောင် တည်ဆောက်ဖို့ ဆန့်ကျင်သူတွေရဲ့ ခြေလှမ်း သတင်းအချက်အလက်တွေ သိရှိနိုင်ဖို့ အတွက်ဆို ဘယ်လို ရာဇဝတ်ဂိုဏ်း၊ လက်နက်ကိုင် အဖွဲ့နဲ့ မဆို အပေးအယူလုပ်ဖို့ ဝန်မလေးတာက ၄င်းတို့ရဲ့ လုပ်ထုံးလုပ်နည်း သဘာဝ တရပ်လည်း ဖြစ်တယ်လို့ ဆိုရင် မမှားပါဘူး။
အခု KK Park ကို ဖျက်ဆီးတာဟာ ပရွက်အုံတခုကို ဖျက်ဆီးလိုက်သလိုသာ ဖြစ်ပြီး ပရွက်အုံက ပရွက်ဆိတ်တွေကတော့ အခြားသော တည်မှီနေထိုင်နိုင်မယ့် နေရာ အဆောက်အအုံတွေကို ရှာဖွေပြီး စုဝေးတည်ဆောက်ကြဦးမှာ အသေအချာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar