Breaking News

အနုပညာရှင်တွေကို အတင်းအကျပ် ဖိအားပေးနေတဲ့ အာဏာသိမ်းစစ်တပ်၊ မိုးကုတ်မြို့ ရဲ့ ကံကြမ္မာ

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၆ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၂၅


အနုပညာရှင်တွေကို အတင်းအကျပ် ဖိအားပေးနေတဲ့ အာဏာသိမ်းစစ်တပ်၊ မိုးကုတ်မြို့ ရဲ့ ကံကြမ္မာ 

အာဏာသိမ်းစစ်တပ်ဟာ မကြာခင် ကျင်းပမယ့် ၄င်းတို့ရဲ့ ရွေးကောက်ပွဲ အတွက် ဝါဒဖြန့်တဲ့ ဇတ်လမ်းတွေ ထုတ်လုပ်ရာမှာ အနုပညာရှင်တွေ အားလုံးပူးပေါင်းပါဝင်ရမယ် မပါဝင်တဲ့သူကို အရေးယူမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ မကြာသေးတဲ့ သီတင်းပတ်တွေက သတင်းထွက်ပေါ်လာပြီးနောက် နာမည်ကြီးရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးကို ဖမ်းဆီးလိုက်တဲ့ သတင်းပေါ်ထွက်လာခဲ့ပါတယ်။ 

ရုပ်ရှင် သရုပ်ဆောင် ဖွေးဖွေးကို ၄င်းရုပ်ရှင်ရိုက်ကူးနေတဲ့ ခရီးစဥ်အတွင်း ပြင်ဦးလွင်မြို့မှာ နိုဝင်ဘာ ၆ ရက်နေ့က ဖမ်းဆီးသွားတာလို့  ညဘက်မှာ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဖမ်းဆီးပြီးနောက် ဥပဒေပုဒ်မတခုခု တပ်ပြီး တရားစွဲဆိုမှာလား ဖိအားပေးပြီး ရုပ်သံဇတ်လမ်းတွေမှာ ပါဝင်ဖို့ ဖိအားပေး သဘောတူစေပြီး ပြန်လွှတ်မှာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

မကြာသေးခင်က ပေါ်ထွက်လာတဲ့ သတင်းအချက်အလက်အချို့အရ အာဏာသိမ်းစစ်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင် နယ်ပယ်နဲ့ သက်ဆိုင်တဲ့ ညွှန်ချုပ်က ရွေးကောက်ပွဲ ဝါဒဖြန့် ဇတ်လမ်းတွေရိုက်ကူးရာမှာ နာမည်ကြီးအနုပညာရှင် အားလုံးပါဝင်ရမှာ ဖြစ်ပြီး မပါဝင်လိုတဲ့သူ၊ ငြင်းဆန်တဲ့သူတွေကို အရေးယူ သွားမယ်လို့ အောက်တိုဘာ ၃၀ ရက်နေ့က ရုပ်ရှင်လောကသားတွေနဲ့ တွေ့ဆုံစဥ် ပြောဆိုခဲ့တဲ့အကြောင်း သတင်းတွေမှာ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ 

ပြန်ကြားရေးဌာနက ညွှန်ချုပ်ဖြစ်သူက အဆိုပါတွေ့ဆုံပွဲမှာ ခြိမ်းခြောက် ပြောဆိုခဲ့တဲ့ အသုံးအနှုန်းအရ ဆို ၂၀၂၁ စစ်အာဏာသိမ်းခါစ လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးလွတ်ငြိမ်းခွင့်နဲ့ လွတ်လာတဲ့ နာမည်ကြီး သရုပ်ဆောင်အနုပညာရှင်တွေ ကို အဓိကရည်ညွှန်းလိုတဲ့ သဘောလို့လည်း သတင်းတွေမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ 

အနိမ့်ဆုံး ရွေးကောက်ပွဲ ကမ်ပိန်းစာသားတွေကို တယောက်ချင်းစီ ရွတ်ဆိုရိုက်ကူးပြီး ထုတ်လွှင့်ဖို့အတွက် အနုပညာရှင်တိုင်း မဖြစ်မနေ ပါဝင်ရမယ့်သဘောမျိုးလို့လည်း ဆိုပါတယ်။ 

ဖေါ်ပြပါ သတင်းတွေပေါ်ထွက်လာပြီးနောက် ရက်အနည်းငယ်အတွင်း ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေး ဖမ်းဆီးခံရတယ် ဆိုတဲ့ သတင်းပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မတိုင်ခင် ရုပ်ရှင်နယ်ပယ်ထဲက ဒါရိုက်တာတွေ နဲ့ သရုပ်ဆောင်အချို့လည်း မကြာခင်က ထုတ်လွှင့်ခဲ့တဲ့ ရွေးကောက်ပွဲဝါဒဖြန့် ဇတ်လမ်းတိုကို ဝေဖန်ကြတဲ့ ဆိုရှယ်မီဒီယာပို့စ်တွေကို Like ပေးတာ၊ သွယ်ဝိုက်ပြီး ဝေဖန်ရေးသားတဲ့ စာသားတချို့ကြောင့် ဆက်တိုက်ဆိုသလို ဖမ်းဆီးခံခဲ့ရပြီး ပြီးခဲ့တဲ့ ဇူလိုင်လကုန်က ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ နဲ့ အရေးယူခြင်း ခံထားကြရတာ ဖြစ်ပါတယ်။ 

ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး ဝါဒဖြန့်ရာမှာ ရုပ်ရှင် သရုပ်ဆောင် အနုပညာရှင်တွေကို ဖိအားပေးတာ ခြိမ်းခြောက်တာ ဖမ်းဆီးတာတွေက အာဏာသိမ်းစစ်တပ် အနေနဲ့ ၄င်းရဲ့ အာဏာကို အပြင်းထန်ဆုံး အသုံးချလိုက်တာ ဖြစ်ပြီး စည်းရုံးရေး နည်းနာ လုံးဝမပါတဲ့ အတင်းအကြပ် အမိန့်ပေးစေခိုင်းတဲ့ သဘော၊ ဖမ်းဆီးထောင်ကျ ခံမလား သို့မဟုတ် ဝါဒဖြန့် ရုပ်သံ၊ ဝါဒဖြန့်စာသားတွေကို ထုတ်လုပ်မလားဆိုတဲ့ ရွေးချယ်စရာ နည်းလမ်း ၂ ခု အနက် တခုကို မဖြစ်မနေ ရွေးချယ်ခိုင်းတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

အနုပညာနယ်ပယ်က သူတွေ အနေနဲ့ အာဏာသိမ်းစစ်တပ်ကို ၄င်းတို့ ဆန္ဒအရ ထောက်ခံသူ အချို့လည်း နကိုကတည်းက ရှိနှင့်ပြီး အများအပြားက ကြားနေတဲ့ ရပ်တည်ချက် သို့မဟုတ် စစ်အာဏာရှင်စနစ်ကို ထောက်ခံခြင်း မပြုတဲ့ ရပ်တည်ချက် ရှိကြတာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခါစ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့လို့ နာမည်ကြီး သရုပ်ဆောင်နဲ့ အဆိုတော်အများအပြား အဲဒီအချိန်က ဖမ်းဆီးခံခဲ့ကြရပြီး ထောင်ဒဏ်အပြစ်ပေးခံခဲ့ရကာ အချို့လည်း နှစ်ပေါက်တဲ့အထိ အကျဥ်းထောင်ထဲ နေခဲ့ကြရတာ ဖြစ်ပါတယ်။ ပြေတည်ဦး၊ အိန္ဒြာကျော်ဇင်၊ ပိုင်တံခွန်၊ ပိုပို အစရှိတဲ့ သူတွေ ဖမ်းဆီး ထောင်ချခံရပြီး ကာလတခုကြာမှ လွတ်ငြိမ်းခွင့်၊ ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ ပြန်လွတ်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ လတ်တလောလုပ်ရပ်ဟာ ၄င်းတို့အနေနဲ့ ရွေးကောက်ပွဲ အခင်းအကျင်းမှာ အနုပညာရှင်တွေကို ပစ်မှတ်ထား ခြိမ်းခြောက်ပြီး တယောက်ချင်း စိစစ်ကာ လက်နက်ချမလား အကျဥ်းကျခံမလား ဆိုတဲ့ အနေအထားထိ ရောက်အောင် လုပ်ဆောင်လိုက်တဲ့ လုပ်ရပ်တခုလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ ကြားနေတဲ့ ရပ်တည်ချက် ရှိသူတွေကိုပါ ရန်သူဖြစ်အောင် တွန်းပို့လိုက်တဲ့ လုပ်ဆောင်မှုတခုလို့ လည်း ဆိုနိုင်ပါလိမ့်မယ်။ 

စစ်တပ် အနေနဲ့ မြန်မာနိုင်ငံဒေသအချို့မှာ စစ်ရေးအရ ပြန်လည်ခေါင်းထောင်လာ နိုင်တဲ့အနေအထား စစ်ရှုံးတော့မလား ဆိုတဲ့ချောက်ကမ်းပါး အခြေအနေကနေ ပြန်ဦးလှည့်လာနိုင်တဲ့နောက် အနုပညာနယ်ပယ်ကသူတွေ အပေါ် အမိန့်အာဏာ အစွမ်းကုန်သုံး ဖိနှိပ်လိုက်တဲ့ လုပ်ရပ်တခုလည်း ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့ နောက်အကြောင်းအရာ တခုကတော့ TNLA တပ်တွေ ခုလမကုန်ခင်မှာ ဆုတ်ခွာပေးဖို့ သဘောတူထားတဲ့ မိုးကုတ် မိုးမိတ်မြို့ ကံကြမ္မာ၊ မြန်မာနိုင်ငံ အလယ်ပိုင်းက PDF တပ်ဖွဲ့တွေရဲ့ ဆုံးဖြတ်ရခက်ခဲတဲ့ အခြေအနေ၊ အဆိုပါ မြို့ ၂မြို့က မြို့ခံတွေအဖို့ မြို့သိမ်းတိုက်ပွဲထဲ နောက်တကျော့ ကျရောက်ပြီး အသက်ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရင်ဆိုင်ကြရဦးမလား ဆိုတဲ့ စိုးရိမ်မှု စသဖြင့် ရောယှက်နေတဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ 

နိုဝင်ဘာ ၆ ရက်နေ့ည မှာ မိုးကုတ်မြို့ခံတွေက သံပုံးတီးပြီး တရုတ်ရဲ့ ကြားဝင်စွက်ဖက်မှုကို ရှုတ်ချတာနဲ့ စစ်တပ် ပြန်ဝင်လာမှာကို မလိုလားကြောင်း ထုတ်ဖေါ်ကြတယ်လို့ မိုးကုတ်မြို့က PDF တပ်ဖွဲ့ ခေါင်းဆောင်တချို့က ဗီဒီယိုဖိုင်နဲ့ စာသားတွေ တင်ထားကြတာ ဖြစ်ပါတယ်။ 

မိုးကုတ်မြို့ခံတွေ အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း မခံစားချင်သလို စစ်တပ်က ပြန်ဝင်လာပြီး အုပ်ချုပ်မှာကိုလည်း မလိုလားကြပါဘူး။ သို့ပေမယ့် မြို့ခံတွေရဲ့ ဆန္ဒပြည့်ဝဖို့ မလွယ်ကူတဲ့ အခြေအနေမျိုးမှာ ရှိနေတာဖြစ်ပါတယ်။ TNLA ဆုတ်ခွာဖို့ ၂ ဖက် သဘောတူထားတဲ့ ရက်ကျော်လွန်တဲ့ အခါမှာ အာဏာသိမ်းစစ်တပ် အနေနဲ့ မြို့ကို ဝင်ရောက်ဖို့ ထိုးစစ်ဆင်မှာ မြေကြီး လက်ခတ်မလွဲအနေအထား ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးကာလနဲ့ မြို့ကို ထိန်းချုပ်ထားတဲ့ တနှစ်ကျော်ကာလမှာ TNLAတပ်ဖွဲ့နဲ့ ပူးပေါင်းလှုပ်ရှားခဲ့တဲ့ PDF တပ်ဖွဲ့တွေ အနေနဲ့ မြို့ကို ကာကွယ်ဖို့ ဆုံးဖြတ်ထား ကြပေမယ့် လက်နက်အင်အား၊ မဟာဗျူဟာ၊ စစ်ရေးအကူအညီ စတဲ့ လက်တွေ့ကျတဲ့ ကိစ္စရပ်တွေ နဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အခြေအနေတရပ်တော့ ရ မထားတဲ့ အနေအထားမျိုး ဖြစ်နိုင်ပါတယ်။ 

စစ်ကိုင်းတိုင်းထဲမှာ လှုပ်ရှားနေတဲ့ NUG ကွပ်ကဲမှုအောက်က မဟုတ်တဲ့ လက်နက်ကိုင် တပ်ဖွဲ့အချို့လည်း မိုးကုတ်ကို ပူးပေါင်းကာကွယ်မယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပေမယ့် ရှင်းရှင်းလင်းလင်းတော့ မရှိသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ မိုးမိတ် နဲ့ မိုးကုတ်မြို့ ၂ မြို့အနက် ပတ္တမြားတွင်းတွေ ရှိတဲ့ မိုးကုတ်မြို့ကို ကာကွယ်ဖို့ ပိုပြီးအာရုံစိုက်နေကြတာလည်း ဖြစ်ပါတယ်။ 

TNLA တပ်ဖွဲ့တွေ မိုးကုတ်နဲ့ မိုးမိတ်ကနေ ဆုတ်ခွာဖို့ သီတင်း ၂ ပတ်ကနေ ၃ ပတ်သာကျန်တော့တဲ့ အချိန်မှာ မိုးကုတ်မြို့ကို ခုခံကာကွယ်မယ်ဆိုခဲ့ရင် အမှန်တကယ်လိုအပ်နေတာက ပူးပေါင်းဆောင်ရွက်မှု စစ်ရေး မဟာဗျူဟာ အစီအစဥ်တရပ်၊ သဘောတူညီမှု တရပ်ဖြစ်ပါတယ်။ ခုခံကာကွယ်ဖို့ ပြင်ဆင်နေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား သို့မဟုတ် NUG ရဲ့ MOD နဲ့ အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ရှိထား မထားတော့ တိတိကျကျ မပြောနိုင်သေးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar