သီအိုဇော် - မိုးကုတ်မြို့နှင့်အတူ
သီအိုဇော် - မိုးကုတ်မြို့နှင့်အတူ
မိုးမခ ၊ နိုဝင်ဘာ ၇ ၊ ၂၀၂၅
‘မိန်းကွတ်’တဲ့
ရှမ်းဘာသာစကားနဲ့ ‘မိန်း’ဆိုတာက မြို့
ကောက်ကွေ့နေတဲ့မြို့လေးပေါ့
ချမ်းအေးလွန်းလှလို့
‘မိန်းကတ်’လို့လည်း ခေါ်ခဲ့ကြ
မြေအသွင်အပြင်
ဒယ်အိုးနဲ့လည်း ခပ်ဆင်ဆင်မို့
‘မိန်းကု(ပ)’လို့လည်း နာမည်တွင်ခဲ့
ဒီဘက်ကာလများမှာတော့
‘မိုးကုတ်’ ‘မိုးကုတ်’ဆိုပြီး အားလုံးက သိထားကြတဲ့မြို့။
နာမည်တွေ စုံသလို
လူမျိုးလည်းစုံ
ဘာသာလည်းစုံ
သိန်းဂဏန်း နည်းနည်းလေး နေထိုင်ပေမယ့်
အခုကျ နှလုံးသား သန်းပေါင်းများစွာ
ဝန်းရံပေးတာခံရတဲ့မြို့။
ရာဇဝင်ထဲကလို
ပြည်တန်တဲ့
အနီရောင်တောက်တောက်
ပတ္တမြားငမောက်
နောက်ထပ်ထွက်မလာလည်း
ပြည်တန်သားကောင်းရတနာများရဲ့
နီစွေးရဲရင့်တဲ့ သတ္တိသွေးတွေနဲ့
မြို့သမိုင်းအသစ်
ဂုဏ်ယူစွာ ရေးပစ်လိုက်မယ့်မြို့။
အသက်နဲ့ရင်းပြီး တည်ဆောက်မယ့်
မြို့လေးရဲ့ ခံတပ်အတွက်
ဝိုင်းကြဝန်းကြ ရုန်းထကြ
တာဝန်တရပ်အနေနဲ့
ကင်မ်ပိန်းတွေမှာ အားစိုက်ပါဝင်ကြ
တိုက်ပွဲတခုဟာ စစ်ပွဲတပွဲကို
အဆုံးအဖြတ်မပေးနိုင်လည်း
မိုးကုတ်ရဲ့ အတိုးအဆုတ်တွေဟာ
စိတ်ဓာတ်ရေချိန်အတွက် သိပ်ကိုအရေးကြီးနေလေရဲ့။
တနှစ်ပတ်လုံး အေးမြစွတ်စိုတဲ့
နှစ်၈၀၀ကျော် မြို့ကလေးရေ
ဟိုးဝေးဝေးကနေ
စိုးထိတ်စွာမျှော်ငေး
အေးစက်စက်လက်ဖဝါး
တိုးတိတ်တိတ် သက်ပြင်းလေးတွေနဲ့
ကောင်းသတင်းများ ငံ့လင့်ရင်း
ဆုတောင်းနားစွင့်နေကြသူတွေ
မြန်မာပြည်တနံတလျား
ကမ္ဘာမြေအနှံ့အပြားမှာ ရှိနေတယ်ဆိုတာကိုတော့
ယုံကြည်ပေးထားလိုက်ပါ မြို့လေးရေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar