နိုင်ငံရေးပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးအကျဥ်းကျ၊ ဝရမ်းထုတ်ခံထားသူများ လွတ်ငြိမ်းခွင့် ကြေညာ
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၆ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၇ ၊ ၂၀၂၅
နိုင်ငံရေးပုဒ်မ ၅၀၅-က နဲ့ ဖမ်းဆီးအကျဥ်းကျ၊ ဝရမ်းထုတ်ခံထားသူများ လွတ်ငြိမ်းခွင့် ကြေညာ
စစ်အာဏာသိမ်းပြီးနောက် ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၅၀၅-က (နကို ရှိပြီး ပုဒ်မ ၅၀၅ (က) နဲ့ မတူပဲ သီးခြားပုဒ်မတခု ဖြစ်တဲ့) နဲ့ ဖမ်းဝရမ်း ထုတ်ခံထားရသူ၊ အမှုဖွင့်ခံထားရသူ၊ ရုံးတင်စစ်ဆေးခံနေရသူ ၅၅၈၀ ဦးကို အမှုပိတ်သိမ်းပြီး လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်းနဲ့ အဆိုပါ ပုဒ်မနဲ့ပဲ အကျဥ်းထောင်ထဲ ကျခံနေရသူ ၇၂၆ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပြုပြီး အဆိုပါ ပုဒ်မအပြင်အခြားသော ပုဒ်မတွေနဲ့ပါ တွဲလျှက်ပြစ်ဒဏ်ချ ခံထားရသူ ၂၃၀၀ ကျော် ကိုလည်း ပုဒ်မ ၅၀၅-က နဲ့ ချမှတ်ခံရတဲ့ ပြစ်ဒဏ်ကို လျှော့ပေါ့ လွတ်ငြိမ်းခွင့်ပြုလိုက်တယ် လို့ နိုဝင်ဘာ ၂၆ ရက်နေ့ ည ၈ နာရီသတင်းမှာ အာဏာသိမ်းစစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ရာဇသတ်ကြီး ဥပဒထဲ နကို ရှိရင်းစွဲ ပုဒ်မ ၅၀၅ နဲ့ ၅၀၆ အကြား ၅၀၅-က လို့ အမည်တပ်ထားတဲ့ ပုဒ်မအသစ်ကို ဖွင့်ဆိုချက်သစ်နဲ့ ပြဋ္ဌာန်းခဲ့ပြီး အဆိုပါ ပုဒ်မ ၅၀၅-က ကို အစိုးရနဲ့ စစ်တပ်ကို အကြည်ညိုပျက်စေတာ၊ ဝန်ထမ်းတွေကို CDM လုပ်ဖို့ သိမ်းသွင်းပြောဆို စည်းရုံးတာတွေ၊ အများပြည်သူကို ဖြစ်စေ သီးခြားလူစုကို ဖြစ်စေ ထိတ်လန့်စေလျင် လူမျိုးအချင်းချင်း ဖြစ်စေ လူမျိုးစုအချင်းချင်း ဖြစ်စေ တစ်ဘက်နဲ့ တစ်ဘက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်လျှင် ပြစ်မှုမြောက်ကြောင်း အသစ်ပြဌာန်းတဲ့ ပုဒ်မ ၅၀၅-က မှာ ဖွင့်ဆိုထားသလို၊ ကြောက်ရွံ့ထိတ်လန့်စေခြင်း၊ ကောလဟလ ဖြန့်ချိခြင်းနဲ့ သတင်းမှားဖြန့်ဝေခြင်း နဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေ ဆိုတဲ့ ပြစ်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်တွေပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
၂၀၂၁ ဖေဖေါ်ဝါရီလ ဒုတိယပတ်မှာ ကြေညာခဲ့တဲ့ ဒီပုဒ်မကို နကိုရှိရင်းစွဲပုဒ်မ ၅၀၅ ထက် ပြစ်ဒဏ်ပိုမို တိုးမြှင့်ပြီး ရဲအရေးပိုင်တဲ့ ဥပဒေပုဒ်မ ဖြစ်အောင်လည်း အာဏာသိမ်းစစ်တပ်က စီမံခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ၂ ပတ်အကြာမှာ ထုတ်ပြန်တဲ့ ဒီပုဒ်မမှာ ဝန်ထမ်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို တာဝန်ထမ်းဆောင်နေစဥ် ၄င်းတို့ စိတ်ခွန်အား၊ ကျင့်ဝတ်စည်းကမ်း၊ ကျန်းမာရေး(သို့) ဆောင်ရွက်မှုကို ဟန့်တားနှောင့်ယှက်ရန် (သို့) ၄င်းတို့ရဲ့ဆောင်ရွက်မှုကို မုန်းတီးလာစေရန် (သို့) သစ္စာဖောက်ဖျက်ရန် စိတ်ဓါတ်ယိမ်းယိုင်ပျက်ပြားစေလျှင် ရာဇဝတ် (ပြစ်မှု) မြောက်ကြောင်း ထည့်သွင်းဖွင့်ဆိုထားတာပါ။
ဒီလို ဖွင့်ဆိုထားခြင်းကို ကြည့်ခြင်းအားဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဟာ စစ်အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်း ဖြစ်ပွားလာတဲ့ အခြေအနေတွေကို တုံ့ပြန်ဖို့ CDM လှုပ်ရှားမှုကို တန်ပြန်ခြိမ်းခြောက်ဖို့ ဒီလှုပ်ရှားမှုကို ထောက်ခံလှုံ့ဆော်သူ စည်းရုံးသူတွေ ကို အရေးယူနိုင်ဖို့ အဓိပ္ပါယ်ဖွင့်ဆို ပြဌာန်းလိုက်တာ လို့ အသေအချာ ပြောနိုင်ပါတယ်။
ဒီဥပဒေကို ရေလဲသုံးပြီး ဖမ်းဝရမ်းထုတ်ခဲ့တာ ၅၅၈၀ ရှိပြီး ဖမ်းဆီးခံ၊ အပြစ်ပေးခံရသူကတော့ အနည်းဆုံး ၃ ထောင်ကနေ ၅၀၀၀ လောက်အထိ ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒီပုဒ်မတခုထည်းနဲ့ အပြစ်ပေးခံထားရသူ ၇၂၆ ဦးကို လွတ်ငြိမ်းခွင့်ပြုတယ် ဆိုတာကြောင့် လတ်တလော လွတ်လွတ်ကျွတ်ကျွတ် လွတ်သူက ၇၀၀ ကျော်၊ အခြားပုဒ်မတွေနဲ့ပါ ပြဏ်ဒဏ်ချခံထားရသူတွေ ၂၃၀၀ ကျော်ကတော့ စုစုပေါင်း ချခံထားရတဲ့ ပြစ်ဒဏ်နဲ့ ၅၀၅-က နဲ့ ချခံရတဲ့ ပြစ်ဒဏ် တွေထဲက ၅၀၅-က အတွက် ပြစ်ဒဏ်ကို နုတ်ပြီး ကျခံစေရမယ့် သဘောလို့ ယူဆရပါတယ်။
နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်း AAPP ကတော့ နိုင်ငံရေးပုဒ်မနဲ့အကျဥ်းထောင်တွေထဲ ၂ သောင်းကျော်ရှိနေသေးတယ်လို့ ကြေညာထားပါတယ်။ ဒီကိန်းဂဏန်းက ဘယ်လောက်ထိ တိကျသလဲတော့ မသိနိုင်ပေမယ့် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပေါ် အခြေခံပြီး ဖမ်းဆီးခံရသူ ၃ သောင်းကျော်ရှိပြီး အဲဒီအထဲက အများစုက ပုဒ်မ ၅၀၅-က လို အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မလိုမျိုး နဲ့ ဖမ်းဆီး ပြစ်ဒဏ်ပေးခံရသူတွေ ဖြစ်ပါတယ်။ သောင်းဂဏန်းနဲ့ ချီတဲ့ အကျဥ်းကျနေသူတွေ အားလုံးကို ကျတဲ့ ပြစ်ဒဏ်ကာလနဲ့ လွတ်မြောက်ခြင်း၊ ပြစ်မှုထပ်တိုးခြင်းတွေကို အတည်ပြုဖို့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ တိကျတဲ့ မှတ်တမ်းတင်မှု ရဖို့ မလွယ်ကူတာ အမှန်ပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အခု ပုဒ်မ ၅၀၅-က လွတ်ငြိမ်း ကြေညာခြင်းက အဓိက စေ့ဆော်မှုက ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ မကြာသေးခင် ရက်ပိုင်းက အမေရိကန် ပြည်ထောင်စုရောက် မြန်မာတွေကို နေခွင့်ပြုထားတဲ့ ယာယီနေထိုင်ခွင့် TPS ဆိုတဲ့ ဗီဇာ အမျိုးအစား သက်တမ်းမတိုးပေးတော့ပဲ ရပ်ဆိုင်းလိုက်ခြင်းကြောင့်လား ဆိုတဲ့ ချိတ်ဆက်ကောက်ချက်ချတာတွေလည်း ရှိနေပေမယ့် အမေရိကန်ပြည်ထောင်စုက TPS ဗီဇာ ရပ်ဆိုင်းခြင်းက တိုက်ဆိုင်မှု တခုသာ ဖြစ်နိုင်ပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ ကမ္ဘာက အယုံအကြည်နည်းနေကြတဲ့ မကြာခင် ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု အနည်းငယ်ရလာစေဖို့ အခုလို နိုင်ငံရေးအကျဥ်းသားအရေအတွက် အချို့ကို လွှတ်ပေးပြီး နိုင်ငံတကာ အာရုံစိုက်မှု၊ ထောက်ခံမှု ရလာဖို့ ကြိုးစားတယ်လို့ ဆိုရင် ပိုပြီး နီးစပ်ပါလိမ့်မယ်။
၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကာလတုန်းကတော့ နအဖ အစိုးရဟာ နိင်ငံရေးအကျဥ်းသားတွေကို ရွေးကောက်ပွဲ မတိုင်ခင် လွှတ်ပေးတာမျိုး မရှိခဲ့ပဲ ရွေးကောက်ပွဲ အပြီးရက်ပိုင်းအကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို သက်တမ်းတိုးနေတဲ့ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများကာကွယ်ရေးဥပဒေ ပုဒ်မရဲ့ သက်တမ်းကာလ တခု ပြည့်ချိန် နိုဝင်ဘာ ၁၃ မှာ လွှတ်ပေးခဲ့ပါတယ်။ နိုင်ငံရေး အကျဥ်းသားအများအပြားကတော့ ၂၀၁၀ ရွေးကောက်ပွဲကနေ အာဏာရလာတဲ့ ဦးသိန်းစိန် အစိုးရ အဖွဲ့ဖွဲ့ပြီး နောက် ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်တွေကျမှ လွတ်မြောက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခု လာမယ့်ရွေးကောက်ပွဲကိုတော့ ၂၀၁၀ ခုနှစ်အခြေအနေ နဲ့ နှိုင်းယှဥ်လို့ မရမှန်း အားလုံး သိရှိပြီးဖြစ်ပါတယ်။ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မတိုင်ခင်မှာ သို့မဟုတ် ရွေးကောက်ပွဲပြီးမှာ လွှတ်ပေးဖို့ မျှော်လင့်ချက် နည်းပါးနေဆဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အချိန်တန်ပြီလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သတင်းမီဒီယာအသင်းတခုမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူသိရှင်ကြားမှတ်ချက်ပေးခဲ့ပါတယ်။ ပုံမှန်အားဖြင့် ထိုင်းနိုင်ငံ အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ မြန်မာ့ပြည်တွင်းရေးနဲ့ ပတ်သက်လို့ လူသိရှင်ကြား မှတ်ချက်ပြုတာ လုပ်လေ့မရှိပေမယ့် မကြာခင် အထွေထွေရွေးကောက်ပွဲ ကျင်းပရမယ့် ထိုင်းနိုင်ငံ အစိုးရ အဖွဲ့ဝင်တယောက်က အခုလို မှတ်ချက်ပေး ပြောဆိုခြင်းက အနည်းငယ် ထူးခြားတဲ့ ပြောဆိုမှု ဖြစ်ပါတယ်။
မြန်မာနိုင်ငံအကျဥ်းထောင်တွေ အထဲမှာ လက်နက်ကိုင် လှုပ်ရှားမှု၊ မြို့ပြပြောက်ကျား လှုပ်ရှားမှုတွေ နဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူ သောင်းဂဏန်း၊ နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခံထားရသူ ထောင်နဲ့ချီရှိပြီး၊ သေဒဏ် တသက်တကျွန်းပြစ်ဒဏ်ချမှတ်ခံထားရသူ ရာဂဏန်းကနေ ထောင်ဂဏန်းအထိ ရှိနေသေးတာ ဖြစ်ပါတယ်။
အခု လွတ်မြောက်လာသူ ရာဂဏန်းကနေ ထောင်ဂဏန်းဝန်းကျင်အတွက် ဝမ်းမြောက်ဝမ်းသာစရာကောင်းတာ အမှန် ဖြစ်ပေမယ့် အကျဥ်းထောင်တွင်း ကျန်ရှိနေသေးတဲ့ သောင်းဂဏန်းမျှရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေး၊ အကျဥ်းကျနေစဥ် စိတ်ခွန်အား၊ ရုပ်ဝတ္ထုအကူအညီ၊ ၄င်းတို့ရဲ့ မိသားစုတွေကို စိတ်ဓာတ်ရေးအရ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ အားပေးကူညီကြဖို့ကလည်း ပိုပြီးအရေးကြီးတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar