ဖလော်ဒါဟန် - လရောင်အောက်က မီးကျွမ်းနေသည့် ကျွန်းငုတ်တိုင်ကြီးများ
ဖလော်ဒါဟန် - လရောင်အောက်က မီးကျွမ်းနေသည့် ကျွန်းငုတ်တိုင်ကြီးများ
မိုးမခ ၊ နိုဝင်ဘာ ၂၇ ၊ ၂၀၂၅
ကျွန်မ အခါအခွင့်သင့်တိုင်း မိမိ နားခိုဖူးခဲ့တဲ့ မြင်ခြံမြို့နယ်က တလုတ်ရွာအကြောင်းလေးကို နားစွင့်နေတတ်တယ်။
မကြာမကြာလည်း မှတ်တမ်းအဖြစ် စာရေးခြင်းဖြင့် မှတ်တမ်းရေးတတ်ပါတယ်။
တနေ့ကတော့ မိမိဘဝကို ပြန်လည်တည်ဆောက်ခြင်းမှာ ကဏ္ဍတခုအဖြစ် စတင်သင့်တယ် ထင်လို့ အိမ်မှာ အများအကျိုးအတွက် အကျိုးရှိနိုင်မယ့် ဈေးရောင်းခြင်းလုပ်ငန်းလေးလုပ်ဖို့ စတင်မိပါတယ်။
အထူးသဖြင့် ကျွန်မ နေထိုင်ရာရွာလေးက မြို့ကြီးပြကြီးနဲ့ နီးပါသော်လည်း အသိပညာဗဟုသုတ အလွန်အင်မတန်မှ အားနည်းသည့် ရွာလေးပါ။
တအိမ် တယောက်တောင် ဘွဲ့ရသူမရှိသည့် အနေအထားပါ။
အခုလို ပညာရေးစနစ်မှာ မပြောပါနဲ့။ ယခင်အချိန်အနေအထားမှာတောင် ပညာရေးက ဖွံ့ဖြိုးတိုးတက်ခြင်းမရှိသည့် ရပ်ရွာပါ။
ကျွန်မ အဖေတို့ခေတ်ကဆို ၁၀ တန်း ညကျောင်းကို မြို့ပေါ်ထိ တက်ပညာသင်ခဲ့ကြတာပါ။
ရွာမှာဆို ထိုခေတ်ထိုအခါက အဖေတို့လို ပညာအရည်အချင်းရှိသူ စာဖတ်သူ ဆိုတာ ရှားပါတယ်။
ဒီလိုအနေအထားမှာ ကျွန်မအနေနဲ့ ရပ်ရွာရဲ့ပညာရေး ကျန်းမာရေး ဆိုသည်တွေကို မိမိတတ်စွမ်းသည့်ဘက်ကနေ ဈေးရောင်းသည် ဆိုသည့် အနုပညာနဲ့ စတင်လိုပါတယ်။
အထက်က ကျွန်မ ပြောခဲ့စကားလေးကို ဆက်ရရင်တော့ တလုတ်ရွာက အငြိမ်းစားဆရာမကြီးနဲ့ကျွန်မနဲ့ ရင်းနှီးတော့ ဆေးဝါးနဲ့ပတ်သက်ပြီ သူမနဲ့ ဆက်သွယ်ရပါတယ်။
သူမကလည်း အခုတော့ စစ်ရှောင်ရင်း မိသားစုဘဝရှေ့ရေးကို ဖြေရှင်းနေကြရတဲ့ အနေအထားပါ။
ဘာပဲဖြစ်ဖြစ် ဒုက္ခမျိုးစုံကြား တယောက်ကို တယောက် စာနာနားလည်ပေးဖို့ဆိုတာ စီးပွားရေးဆိုသည်ထက် ခွန်အားသတ္တိတွေ မျှဝေဖို့လည်း လိုပါတယ်။
ဒါနဲ့ကျွန်မ ရင်နှီးပြီးသားလည်းဖြစ်သလို ကျွန်မ အကျွမ်တဝင်းရှိသည့် အိမ်တွင်းသုံး ဆေးပညာနဲ့ပတ်သက်ပြီး ရောင်းနိုင်ဖို့ အငြိမ်းစားဆရာမကြီးနဲ့ ဖုန်းဆက် အကူအညီတောင်းပါတယ်။
တဖက်မှလည်း တလုတ်ရွာလေး အကြောင်း တစေ့တစောင်း မေးမိပါတယ်။
အသက်အရွယ်ရလာတဲ့ ဆရာမကြီးက မိမိရဲ့ဇာတိရွာလေးမဟုတ်ပေမဲ့ ရွာကို အတော်သံယောဇဉ်ကြီးရှာပါတယ်။
အခုဆို ရွာကြီးက မီးလောင်ကျွမ်းသွားတဲ့ တိုင်ငုတ်တွေနဲ့ အသက်မဲ့ရွာကြီး ဖြစ်နေသလို ရွာကိုသွားနိုင်တဲ့ လမ်းတလျှောက်မှာလည်း ကန္တာရဆူးပင်တွေနဲ့ လမ်းတောင် မမြင်ရတော့ဘူးဆိုတာမျိုး ဝမ်းနည်းစရာ စိတ်မကောင်စရာသတင်းပါပဲ။
ပျက်စီးမှုများစွာမှ ရွာသားများရဲ့ ဘဝတွေက ယခင်အချိန် စုစုစည်းစည်းနဲ့ တလုတ်မြို့ဟောင်းဆိုတဲ့ရာဇဝင် တည်ရှိရာ ရွာကြီးကို တောကြီးသဖွယ် ဖုံးလွမ်းသွားခဲ့ရပါပြီ။
ဒါထက် ပြန့်ကြဲနေတဲ့ တလုတ်မြို့သူမြို့သားများရဲ့ ဘဝက ရွာကြီးကို အဝေးကနေ လှမ်းမျှော်ကြည့်ရုံမှတပါး ဘာမှမတတ်နိုင်သည့်အနေအထားပါ။
မြေမြှုပ်မိုင်းများဖြင့် ရွာကြီးရဲ့ ဘဝကို ခြိမ်းခြောက်ထားသလို ပြည်သူများရဲ့ ဘဝကိုလည်း ပြန်လည်ဦးမော့ခွင့်မရအောင် ချိုးနှိမ်းထားကြတာ အာဏာရှင်နဲ့ မြန်မာစစ်တပ်ရဲ့ အနိုင်ကျင့်မှုတွေပါပဲ။
ကျွန်မတို့ နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ လူနေမှုအဆင့်အတန်းနဲ့ လူ့တန်ဖိုး ဆိုသည်မှာ မြို့နေလူတန်းစားများမှာသာ ရှိနေတာ မဟုတ်ပါဘူး။
အခုလို ရပ်ရွာအစုံ ဒေသအစုံမှာ ရှိနေကြပါတယ်။
မီးရောင်စုံမရှိပေမဲ့ လရောင်အောက်မှာ ကျေးလက်ဒေသနေ လူထုရဲ့ ဘဝတွေက ပိုပြီး ပင်ပန်းခဲ့ကြပါတယ်။
တလရ မှာသာမက မိမိတို့ဘဝရပ်တည်ရေးမှာလည်း စိတ်ခွန်အားအပြည့်နဲ့ ယနေ့အချိန်အထိ ဒုက္ခရောင်စုံကို ခုခံရင်ဆိုင်နေကြရဆဲ ဆိုသည်ကို မျှဝေရင်း လရောင်အောက်က မီးကျွမ်းနေသည့် ကျွန်းငုတ်တိုင်တွေက သခင်ပြန်အလာကို စောင့်မျှော်နေကြဆဲပါ။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar