မောင်လူမွှေး - တောထဲ တောင်ထဲကို ရေဒီယိုအသံတွေ ပြန်လာစေချင်တယ်
မောင်လူမွှေး - တောထဲ တောင်ထဲကို ရေဒီယိုအသံတွေ ပြန်လာစေချင်တယ်
မိုးမခ ၊ နိုဝင်ဘာ ၉ ၊ ၂၀၂၅
ရေဒီယိုကို မောင်လူမွှေး ငယ်ငယ်က နားထောင်လို့ရတဲ့အရာလို့ မထင်ခဲ့ပါဘူး။ "ရှဲရှဲမြည်တဲ့အရာ" လို့ပဲ မှတ်ခဲ့ပါတယ်။ မောင်လူမွှေးတို့ရွာမှာရှိတဲ့ တစ်လုံးတည်းသော ရေဒီယိုက အသံကောင်းကောင်းထွက်တဲ့ ရေဒီယို မဟုတ်ခဲ့လို့ဖြစ်မှာပါ။ ခုခေတ်ရေဒီယိုတွေကတော့ အသံတွေကောင်းနေပါပြီ။ ခေတ်တွေ ဘယ်လိုပြောင်းပြီး ခေတ်မီပစ္စည်းတွေ ဘယ်လောက်သုံးကြသုံးကြ ရေဒီယိုနားထောင်တဲ့အလေ့ကတော့ ပျောက်ပျက်မသွားသေးတာကို တွေ့ရပါတယ်။ အထူးသဖြင့် တောက ကျေးရွာတွေ ၊ တောထဲ တောင်ထဲ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေဟာ ရေဒီယိုကို နားထောင်တဲ့ အလေ့ရှိကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် မောင်လူမွှေး တစ်ယောက် ရေဒီယိုနဲ့ ပတ်သက်ခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်မှာ မောင်လူမွှေးရေးတဲ့ အက်ဆေးတွေကို Radio NUG ကနေ အသံလွှင့်ပါတယ်။ မောင်လူမွှေးမှာ ရေဒီယိုမရှိတဲ့အတွက် ရေဒီယိုကနေ တိုက်ရိုက်နားမထောင်ရဘဲ လိုင်းပေါ်ကနေပဲ နားထောင်ရပါတယ်။ မောင်လူမွှေးနဲ့ ကပ်ရပ်နေတဲ့အိမ်က ဦးလေးကြီးတစ်ယောက်ကတော့ သူ့ရဲ့ ရေဒီယိုလေးနဲ့ Radio NUG ရဲ့ ညပိုင်းအစီအစဥ်တွေကို နားထောင်လေ့ရှိတာကို သတိထားမိခဲ့ပါတယ်။
မိုးဦးရာသီတုန်းက မောင်လူမွှေးတစ်ယောက် ဘောလုံးတွေ၊ ခြင်းလုံးတွေ ဝယ်ပြီး စစ်ရှောင်ကျောင်းကိုသွားခဲ့တယ်။ စစ်ရှောင်ကျောင်းကို ရောက်တော့ ကျောင်းအနီးမှာ ကလေးတွေကန်ဖို့ ဘော်လုံးကွင်းကို ဂိုးတိုင်တွေပါ အဆင်သင့်နဲ့ ပြောင်ရှင်းနေတာတွေ့ရတယ်။ " တနေ့ညတုန်းက ကလေးတွေအတွက် အားကစားလုပ်ပေးသင့်ကြောင်း ရေဒီယိုကနေ ဆရာ့စာကို နားထောင်ရတယ်။ ဒါကြောင့် ဟ.. ရေဒီယိုကတောင်လာနေပြီနော်။ လုပ်ကြစို့ဆိုပြီး ဝိုင်းလုပ်လိုက်ကြတာ" လို့ စစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။ အင်တာနက်မရှိတဲ့ သူတို့ စစ်ရှောင်စခန်းလေးအတွက်တော့ Radio ဟာ ကမ္ဘာကြီးရဲ့အသံကို ကြားရတဲ့ တစ်ခုတည်းသောပစ္စည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံရဲ့ တော်လှန်ရေးသတင်းတွေကို ကြားရတဲ့ အားကိုးရာလည်း ဖြစ်ပါတယ်။
တောတိုက်က စစ်ရှောင်ပြည်သူတွေ မောင်လူမွှေးကို ဖုန်းဆက်ပြီး ပြောကြတဲ့အဖြစ်အပျက်ကလေးကိုလည်း အမှတ်ရနေပါတယ်။ သူတို့တောတိုက်က စစ်ရှောင်ပြည်သူတွေရဲ့ဘဝကို Radio NUG ကနေ နားထောင်လိုက်ရလို့ "သူတို့ဘဝတွေကို အလေးထားသူတွေရှိသေးတယ်" ဆိုတဲ့ ဝမ်းသာတဲ့ခံစားချက်နဲ့ ဖုန်းဆက်ပြီး ဖုန်းထဲကနေ ဝိုင်းပြီး ဝမ်းသာကြောင်းပြောကြတာပါ။ နားထောင်ပြီး မျက်ရည်တောင် ကျကြရတယ်လို့ ဆိုတယ်။
တကယ်တော့ သူတို့ဆီကို ရောက်လာတဲ့ တောကျောင်းဆရာရဲ့ စာတွေ Radio NUG ကနေ အသံလွှင့်တယ်ဆိုတာ အများစုက မသိကြပါဘူး။ နားထောင်ပြီးလို့ အကြောင်းအရာ၊အဖြစ်အပျက်တွေ တူနေလို့ မောင်လူမွှေး ရေးတာဆိုတာကို သိကြတာ ဖြစ်ပါတယ်။ တောတောင်ထဲက စစ်ရှောင်ပြည်သူတွေဟာ သတင်းတွေသိရဖို့အတွက် ရေဒီယိုကို အားကိုးနေရတာ သေချာပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကပဲ NUG Radio လေလှိုင်းအသံလွှင့်မှုတွေ ရပ်နားတော့မယ်ဆိုတာတွေ့ရတော့ စစ်ရှောင်ပြည်သူတွေ၊ တောထဲတောင်ထဲနေရတဲ့ ပြည်သူတွေ၊ ကျေးရွာကလေးက ပြည်သူတွေအတွက် မောင်လူမွှေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အင်တာနက်လိုင်းရတဲ့နေရာတွေမှာ သတင်းဌာနပေါင်းများစွာကို ကြည့်လို့ရပေမယ့် တောသူတောင်သားတွေကတော့ ရေဒီယိုကိုပဲ အားကိုးနေကြရပါတယ်။ Radio NUG လေလှိုင်းထုတ်လွှင့်မှုအစီအစဥ်ရပ်သွားတာဟာ သန်းချီတဲ့ ပြည်သူတွေအတွက် သတင်းနဲ့ အနုပညာ ပြတ်လပ်သွားတာပဲ ဖြစ်ပါတယ်။
အခုလကစပြီး NUG Radio Page ကိုလည်း ဘဏ္ဏာရေး အခြေအနေအရ ရပ်နားတော့မယ်ဆိုတာ သိရတယ်။ ဒါပေမယ့် Radio NUG နေရာကနေ မိုးမခ မီဒီယာက အစီအစဥ်တွေ လွှင့်ပေးမယ်ဆိုတာသိရလို့ Radio NUG ဟာ အသက်ဆက်ချင်တဲ့အချိန် အလွယ်တကူပြန်ဆက်လို့ ရနိုင်မယ်လို့ မျှော်လင့်မိပါတယ်။
မောင်လူမွှေးအနေနဲ့တော့ Radio NUG လေလှိုင်းလွှင့်တဲ့ ကုန်ကျစရိတ်တွေ၊ နည်းပညာတွေကို နားလည်ဖို့ လက်လှမ်းမမီပါ။ ဒါပေမဲ့ Radio NUG လေလှိုင်းကလွှင့်တဲ့ အစီအစဥ်တွေကိုတော့ ပြန်လာစေချင်တယ်။ တာဝန်ရှိသူတွေ ကြိုးစားလုပ်ဆောင်ပြီး စွမ်းနိုင်သူတွေကလည်း ဝန်းရံစေချင်တယ်။ တောသူတောင်သားတွေ၊ စစ်ရှောင်ပြည်သူတွေရဲ့ အသိပြတင်းကို ဖွင့်တဲ့၊ စိတ်ခွန်အားပေးတဲ့ အစီအစဥ်တွေအတွက် ဝိုင်းဝန်းလှူဒါန်းကြစေချင်တယ်။
စစ်ရှောင်တောတိုက် ချောင်းကလေးဘေးက မိသားစုတစ်တစုဟာ ကိုယ့်ဦးဆောင်အစိုးရရဲ့ ရေဒီယိုအသံလွှင့်ချက်တွေကို မျှော်နေကြမယ်။ ချောက်ကြားထဲက စစ်ရှောင်မိသားစုလေးကလည်း တိုက်ပွဲသတင်းတွေကို သိချင်ကြတယ်။ တောင်ခြေရင်း တောတိုက် စစ်ရှောင်တဲကလေးက အမျိုးသမီးတွေကလည်း တော်လှန်ဂီတကို နားထောင်ချင်နေကြပါတယ်။ ကိုယ့်ရဲ့ စစ်ရှောင်ပြည်သူတွေ၊ တောထဲ တောင်ထဲက ပြည်သူတွေအတွက် အလေးထားကြရင် Radio NUG ရဲ့ လေလှိုင်းအသံထုတ်လွှင့်မှုအစီအစဥ်တွေ တောတောင်ထဲ ရောက်အောင် ပြန်လည်ကြိုးစားသင့်ကြပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar