မောင်ဘဦး - ပုဂံရာဇဝင် ဓားထမ်း တုတ်ထမ်း၊ သတိ ပေးစမ်းပါရစေ
မောင်ဘဦး - ပုဂံရာဇဝင် ဓားထမ်း တုတ်ထမ်း၊ သတိ ပေးစမ်းပါရစေ
မိုးမခ ၊ နိုဝင်ဘာ ၈ ၊ ၂၀၂၅
"အသွားအပြန် တစ်ခေါက် (ဟီးဟီးဟီး)၊ တလ ကျော်ကြာတယ် ဆရာ။ (အီး..ဟီးဟီးဟီး... )"
အသက် ၃၀ နှစ်၊ အမျိုးသားလူနာ။ ခေါင်းကိုက်၊ ပျို့လိုက် အန်လိုက်နှင့် ချမ်းတုန်ဖျားတာ ၅ ရက်၊ တပတ်ရှိပြီတဲ့။ ဝေဒနာ ပြောပြနေရင်း ချမ်းတုန်လာ၍ တွဲခေါ်လာသူ ၂ ယောက်လုံးက ဖိထားကြသည်။ ဆီးလမ်းကြောင်းပိုးဝင်ဖျား၊ အေဗွီအိုင်(တုပ်ကွေး)ဖျား၊ ငှက်ဖျား၊ အကုန်ချမ်းတုန်၍ ဖျားသည်။ လူနာရာဇဝင် ယူလိုက်တော့... မုံရွာနဲ့ ဟုမ္မလင်း-ခန္တီး၊ ဟောင်ဘား-ဖားကန့် ကားသမား ... ပါတဲ့။ ကားတခေါက် အသွားအပြန် တလကျော် ကြာပါသတဲ့။
အက်ဗ်ဒိုမင်နယ် - ပါပေးရှင်း-ပါကပ်ရှင်း၊ (ဝမ်းဗိုက်ကို လက်ဖြင့်ဖိ၍-လက်ဖြင့်ခေါက်၍ စမ်းသပ်ခြင်း)တွင် စပလီနိုမိဂါလီ(ဘေလုံးကြီးခြင်း)ကို တွေ့ရသည်။ 'ဟစ်စထြီ တိတ်ကင်း' နှင့် 'ကလင်နိကယ်ဖိုင်းနင်း'ကတော့ ရောဂါအမည်ကိ ဖော်ပြနေပေပြီ။ ပို၍ သေချာအောင်၊ လက်ထဲမှာလည်း အာဒီတီ-တက်စ်ကစ် အဆင်သင့်ရှိနေ၍၊ သွေးဖောက်ပြီး စစ်ကြည့်လိုက်သည်။ ဆေးထိုးပေးဖို့ပြင်ဆင်ရင်း အဖြေကို လှမ်းကြည့်လိုက်တော့၊ အနီရောင် ၂ ခြစ် ...။ ကွန်ထရိုးမှာ တစ်ခြစ်၊ ပလပ်စမိုဒီယမ်-အက်ဖ်တိုက်မှာ တစ်ခြစ်။ "ဒီအိပ်စ်-အစ်ဇ် - မလေးဒီးယား-အက်ဖ်တိုက်..."။ အာတီဖင်၊ ပရိုင်မာကွီး ဆေးပြားများကို အဆင်သင့် ထုတ်ထားလိုက်သည်။
ဒစ်ဖရင်ရှယ်-ဒိုင်ယာဂနိုဆစ် ခေါ် ရောဂါစစ်ဆေးရှာဖွေရေးတွင် လူနာရာဇဝင်က အဓိကကျသည်။ လူနာရာဇဝင်၊ ရောဂါရာဇဝင်၊ ဆေးကုသမှုရာဇဝင်၊ ရာဇဝင်အမှန်အကန်ကို သိရခြင်းက အသက်တချောင်း ကယ်တင်နိုင်ဖို့ အလွန်အရေးပါလှသည်။
ညနေပိုင်း ဆေးခန်းပိတ်ချိန်မှာတော့ လူနာရာဇဝင်ယူခြင်းနှင့်ဆက်စပ်၍ အောက်ပါအတိုင်း အတွေးလေးများ ဝင်ရောက်၍ လာပါလေသတည်း။
လူနာနှင့်တကွ လူနာရှင်တို့အနေဖြင့် ရာဇဝင်အမှန်ကိုဖျောက်၊ အမှားတွေချည်း လျှောက်ပြောလျှင်တော့ ငါးပါးသာမက သံဃာစင်ပါ မှောက်ရသည်။ ဆရာဝန်ကျင့်ဝတ်တွင် အဆိုပါလူနာရာဇဝင်ကို လျှို့ဝှက်ပေးရသည်။ ဒါက ကမ္ဘာသုံး 'အက်သစ်' ခေါ် ဆရာဝန်တယောက်၏ ကိုယ်ကျင့်သိက္ခာ။
အာဏာသိမ်း-မအလခေတ်၊ မအလဘောမ ဆရာဝန်တွေ၏ ကိုယ်ကျင့်သိက္ခာ-အက်သစ် ကျတော့၊ စရဖ လာစစ်လျှင် လူနာရာဇဝင် တင်ပြရပါသည် လေ။ မအလ၏ လူနာရာဇဝင်မှာ ရောဂါရှာဖွေမှုကို အထောက်အကူပြုရန် မဟုတ်...။ လူနာ အသက်ကို ကယ်တင်ရန် မဟုတ်... ။ ၎င်းတို့၏အာဏာကို မထိပါး မနှောက်ယှက်စေဖို့သာ အဓိကဖြစ်သည်။ ၎င်းတို့နှင့် ဆန့်ကျင်သူမှန်သမျှ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ဖို့သာ ဖြစ်သည်။ လူနာ၏ မိဘမောင်ဘွား သမီးသား၊ ဘယ်ပါတီ ဝင်သည်ကအစ ရာဇဝင် ယူသည်။ ပြီးလျှင် အရေးပေါ်ပေါ် မပေါ်ပေါ်၊ မီးဖွားဆဲဖြစ်နေနေ မနေနေ၊ ရောဂါဝေဒနာ ခံစား၊ လူသားချင်းဆိုင်ရာ ထောက်ထားညှာတာ၊ ဘာညာကွိကွ၊ စာနာပြဖို့ လုံးဝ မရှိ။ ဖမ်းဆီးမည်။ နှိပ်စက်စစ်ဆေးမည်။ လူနာရာဇဝင် မတင်ပြလို့ကတော့ အဲဒီ ပိုလီကလင်နစ်-ဆေးခန်းကြီး ချိတ်ပိတ်ပြီးသား။ အဲဒီ ဆရာဝန်ဆရာဝန်မ 'ဆမ' သိမ်းပစ်ပါမည်။ အကြောက်တရားနှင့် အုပ်ချုပ်ကြသည့် အာဏာရှင်တွေကိုး ။
'ရာဇဝင်၊ သမိုင်း' ဆိုသည်မှာ လူသားတို့၏ အတိတ်ကာလကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ မြန်မာ့သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက 'မအ အောင် သမိုင်းသင်ရတယ်'ဟူ၍ ပြောခဲ့သည်။ ‘ခေတ်’ဟူသော ဝေါဟာရမှာ နယ်ပယ်အပိုင်းအခြား၊ တစ်စုံတစ်ခုသော အဖြစ်အပျက်၊ အခြေအနေအရ သတ်မှတ်သည့် ကာလအပိုင်းအခြားကို ခေါ်ဆိုသည်ဟု မြန်မာအဘိဓာန်က ဖွင့်ပြသည်။
သိရသလောက် မြန်မာသမိုင်းသည်ကား၊ တကောင်းခေတ်၊ ပုဂံခေတ်၊ မြင်စိုင်း, ပင်းယ, အင်းဝ, ကုန်းဘောင်ခေတ် စသည်ဖြင့် သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်...။ ၎င်းနောက်...၊ ဗြိတိသျှကိုလိုနီခေတ် နှင့် နယ်ချဲ့တော်လှန်ရေးခေတ် ... ။ ၎င်းနောက်...၊ ဖက်ဆစ်ဂျပန်ခေတ် နှင့် ဖက်ဆစ်တော်လှန်ရေးခေတ် ...။ ပြီးမှ...၊ လွတ်လပ်ရေးခေတ် နှင့် ခေတ္တခဏလေး ပါလီမန်ဒီမိုကရေစီခေတ်... ။ 'ဒီမို'လေးမှ နှစ်အနည်းငယ်သာ ရှိသေး... ၊ ၆၂ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး စစ်အာဏာရှင်ခေတ်ဆိုးကြီးထဲသို့ ရောက်ရှိသွားတော့သည်။ နေဝင်း၊ စန်းယု၊ စောမောင်၊ ဒေါက်တာမောင်မောင်၊ သန်းရွှေ၊ သိန်းစိန်... ရာစုနှစ်ထက်ဝက်ကျော် စစ်အာဏာရှင်အဆက်ဆက် လက်အောက်သို့ ကျရောက်ခဲ့ရသည် .. ။ ပြီးတော့မှ မိုးပေါ်ကျစစ်အာဏာရှင် အစိတ်သားနှင့် 'ဒီ-မမို့တမို' ခေတ်... ။ ဒါကလည်း ၅ နှစ်မျှသာ... ။ ၎င်းနောက် 'မအလ-မအိုးလေ'က စစ်အာဏာပြန်သိမ်းလိုက်တော့ စစ်အာဏာရှင်ခေတ်သို့ ပြန်ရောက်... ။
စာရင်းချုပ်သော် မြန်မာသမိုင်းသည်ကား၊ သက်ဦးဆံပိုင်ပဒေသရာဇ်ခေတ်နှင့် စစ်အာဏာရှင်ခေတ်တို့ကသာ ရာစုနှစ်ထမ်းများစွာ ဖြစ်ခဲ့ရပြီး၊ ပါလီမန်ဒီမိုကရေစီစနစ်နှင့် စစ်တမတ်သားပါ ဒီမိုကရေစီစနစ်လေး ၂ ခုသည်ကား၊ ကြားထဲတွင် ဝင်းခနဲ၊ လက်ခနဲ လျှပ်ပြက်ပြသည်ဆိုရုံမျှသာ ကြာမြင့်ရပါချေ၏။
တဖန်၊ သက်ဦးဆံပိုင် ပဒေသရာဇ်နှင့် စစ်အာဏာရှင်တို့ဆိုသည်ကား၊ ထူးပြီး မခြားလှ။
"...တောင်စွယ်နေကွယ်လျှင်၊ အနောက်စမုခ်က ထုတ်၍ ဓါးခုတ် သတ်စေ..."၊ သို့မဟုတ်
"...တောင်စမုခ်က...ထောင်ထုပ် ချီးမြှင့်စေ..." နှင့်၊
"စစ်ကြောရေး၌ စစ်မေးပြီး၊ ကလီစာထုတ်ရောင်းရန်"၊
(ထိပ်တန်းလျှို့ဝှက်) သို့တည်းမဟုတ်၊
"လျှပ်စစ်ကား တင်သွင်းခွင့်ကို တဦးတည်းကိုယ်စားလှယ်အဖြစ် အပ်နှင်းလိုက်သည်"၊
(သွင်းကုန်ထုတ်ကုန်လိုင်စင်ပါမစ်)
ဤမျှသာ ခြားနားပေသတည်း။
ပဒေသရာဇ်နိုင်ငံငယ်များက၊ အင်အားကြီးပဒေသရာဇ်နိုင်ငံကြီးများ သို့၎င်း၊ စစ်အာဏာရှင် နိုင်ငံငယ်များက၊ အင်အားကြီးစစ်အာဏာရှင်နိုင်ငံကြီးများ သို့၎င်း၊ ဘုန်းတော်ဘွဲ့တွေ အလွန်အကျူးချီးမြှောက်... ၊ မိမိပိုင် နယ်မြေထွက် သယံဇာတတွေ ဆက်သ၍လည်း သစ္စာတော်ခံ...၊
"သမီးကညာ ဆက်သပါ၏ ဘုရား..."၊
"ရွှေဖဝါးတော်ရှေ့မှောက် ငါးသလောက်ပေါင်းလေး ဆက်သပါ၏ ဘုရား... "၊
"ဟောဒါ...၊ ကျေးတော်မျိုးကျွန်တော်မျိုးကြီး ကိုယ်တိုင် လက်မှတ်တခြမ်းထိုးပြီးသား၊ နိုင်ငံကို ပေါင်နှံသည့်စာချုပ်ပါ ဘုရား...၊ နိုင်ငံကို ရောင်းချသည့်စာချုပ်ပါ ဘုရား ...၊ မြို့ကို ပေါင်နှံ၊ ရောင်းချသည့် စာချုပ်ပါဘုရား..." စသော မှတ်တမ်းတွေသာ များရတော့သည်။ 'ပုဂံရာဇဝင် - တုတ်ထမ်း ဓားထမ်း' ဟူသည်ကား ရာဇဝင် ခိုင်ခိုင်မာမာ ခြေခြေမြစ်မြစ် မရှိသည့် သဘောတရား... ။
ဒီတော့ အနှီခေတ်ကာလတွေအတွင်း၊ ဒီမိုကရေစီနည်းကျကျ မှတ်တမ်းမှတ်ရာ၊ သမိုင်းကြောင်းအမှန် ရဖို့ဆိုသည်မှာ ဗလာနတ္ထိ။ မသေချာ မရေရာ၊ မင်းလိုလိုက် မင်းကြိုက်ဖား... ။ ယုံတမ်းစကားလိုလို၊ ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို...။ ရှူးပျံကြီးတွေ၊ ဝက်ပျံကြီးတွေ... ၊ ကြွက်မင်းတွေ ပူးမင်းတွေ...။ ဒါတွေသာ သမိုင်းစကားဖြစ်ရတော့သည်။ သမိုင်းမှန် မရှိနှိုင်တော့ပြီ...။
သမိုင်းအမှန် မရရှိသည်နှင့်အမျှ၊ အထက်က လူနာရောဂါရှာသလို သံဃာစင်ပါ မှောက်ရပါချေမည်... ။
- - -
'ခေတ်သမိုင်း' ဆိုသည်ကား၊ ထိုခေတ် ထိုကာလနေ ပြည်သူလူထုအပေါင်းတို့၏ မှတ်တမ်းပင် ဖြစ်သည်။ ယနေ့ခေတ်သမိုင်းကား မောင်ဘဦး အပါအဝင် ယနေ့ပြည်သူလူထုအပေါင်းတို့၏ မှတ်တမ်း ဖြစ်သည်။ သည့်အတွက်ကြောင့်လည်း 'ကိုယ့်သမိုင်းကိုယ် ရေးထိုးကြရသည်' ဟု ဆိုကြပါကုန်၏။
ယနေ့ခေတ်ကို မင်းအောင်လှိုင် စစ်အာဏာရှင်ခေတ်ဟု ဆိုရငြား၊ 'ခေတ်သမိုင်း' တွင်မှာတော့ မခံမရပ်နိုင်လွန်းလှ၍ စစ်အာဏာရှင်ကို တော်လှန်နေကြသော လူထုတော်လှန်ရေးကြီးသည်လည်း သမိုင်းအဖြစ် ပါရှိနေပြန်သည်။ သည်တော့၊ စစ်အာဏာရှင်တို့က ထုတ်ပြန်သော သမိုင်းလိမ်-မှတ်တမ်းများနှင့်၊ တော်လှန်ပြည်သူအပေါင်း၏ သမိုင်းမှန်-မှတ်တမ်းများ ဟူ၍လည်း ဖြစ်ပေါ်လျှက် ရှိနေသည်သာ ဖြစ်ပါ၏။
စစ်အာဏာရှင်တို့က "..ဆေးရုံ,စာသင်ကျောင်းများကို ဗုံးမကြဲပါ၊ ပြည်သူလူထု နေအိမ်များ မီးမရှိူ့ပါ၊ " ဟု လိမ်လည်ထုတ်ပြန် သမိုင်းရေး၏။
တော်လှန်ပြည်သူတို့က "..ဆေးရုံ,စာသင်ကျောင်းများ ဗုံးကြဲခံရ၏၊ ပြည်သူလူထု နေအိမ်များ မီးရှိူ့ခံရ၏ " ဟု အမှန်အတိုင်း သတင်းထုတ်ပြန် သမိုင်းရေး၏။
ဤနေရာ၌ ပြောစရာ ရှိ၏။ စစ်အာဏာရှင်ကား လက်တဆုပ်စာ လူတစ်စုမျှသာ...။ တော်လှန်ပြည်သူများကား မြောက်များလှစွာ။ သို့ပင်ဖြစ်ငြား၊ 'ကြားနေ'ဟူသော အင်အားသာရာ၊ အင်အားကြီးရာ၊ နိုင်ရာဖက်သို့ ဖက်တွယ်မည့်သူတွေကလည်း ရှိနေပြန်ပါ၏။ သူတို့သည်ကား စစ်အာဏာရှင်ဖက် နှင့် တော်လှန်ရေးဖက်၊ ဝင်လိုက် ထွက်လိုက် ရှိနေကြ၏။ အခု စာကလေးကြော်၊ တော်ကြာ ဆီထမင်း၊ ပြောင်းလဲခြင်းကလည်း မြန်လှ၏။
အဆိုပါ ခြံစည်းရိုး ခွထိုင်၊ သာမည့်ဘက် ယိုင်သူတွေသည်ကား စစ်တပ်ထဲတွင် လည်းကောင်း၊ စစ်တပ်ပြင်ပတွင် လည်းကောင်း၊ ဝန်နန်းထဲတွင် လည်းကောင်း၊ ဝန်မနန်းထဲတွင် လည်းကောင်း၊ တော်လှန်ရေးဘက်တွင် လည်းကောင်း၊ အသီးသီး အသကအသက ရှိကြလေကုန်၏။ စစ်အာဏာရှင်ဘက်တွင်လည်း ရှိ၏၊ တော်လှန်ပြည်သူဘက်တွင်လည်း ရှိ၏။
သတိပြုစရာ တခုသည်ကား၊ ယခု'ပွဲ'သည် စစ်အာဏာရှင်စစ်တပ်နှင့် ပြည်သူတို့ကြားတွင် ဖြစ်ရသည့် 'ပွဲ'...။ အာဏာရှင်ရှင် မရှင်ရှင်၊ စစ်တပ်တပ် မတပ်တပ်၊ ပြည်သူမှ ပေါက်ဖွားလာကြသူချည်း... ။ စီဒီအမ်ဝင်ဝင် မဝင်ဝင်၊ ဝန်နန်းနန်း မနန်းနန်း၊ ရာထူးကြီးကြီး မကြီးကြီး၊ ရာထူးရှိရှိ မရှိရှိ၊ အချိန်တန်လျှင် ပြည်သူ့တို့၏ အိမ်ကြိုအိမ်ကြားသို့ ဝပ်တွားခယ ပြန်လာကြရမည့်သူတွေချည်း...။
ယနေ့ တော်လှန်ရေးကြီးသည်ကား၊ စစ်အာဏာရှင်စနစ်ကို အမြစ်မပြတ်မချင်း ဖြတ်ကြတော့မည့် 'ပွဲ'ဖြစ်သည်မို့ သတိပေးပါ၏။ မှတ်ထားကြပါလေ။ အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီး၊ မုဒိမ်းကျင့်၊ သတ်ဖြတ်၊ ကိုယ်ခန္ဓာ အပိုင်းပိုင်းဖြတ်၊ ကျေးရွာတွေ မြို့တွေကို မီးရှို့ ဖျက်ဆီး၊ ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အဦတွေကို ဗုံးကြဲဖျက်ဆီး... ။ ပြည်သူတို့၏ နာကြည်းချက် ခံစားချက်တို့သည်ကား သားစဉ်မြေးဆက်၊... 'အက်ဖ် ဝမ်း...အက်ဖ်တူး...အက်ဖ် သရီး...'၊ အနိုင်မရမချင်း ပြီးစီးလိမ့်မည် မဟုတ်။
ပြည်သူ့ဘက်က အနိုင်ရချိန်တွင် ခေါင်းဆောင် စစ်အာဏာရှင် တဦးစ၊ နှစ်ဦးစသာ ဝင်းခြံဝယ်ထားပြီးဖြစ်သည့် နိုင်ငံရပ်ခြားသို့ တိမ်းရှောင်ထွက်ပြေးနိုင်ကြငြား၊ နောက်ပါးက ဘောမတွေ ငဖားတွေ ကပ်ပါးတွေ...။ သင်တို့တတွေ... ဘယ်ဆီဘယ်ဝယ်သို့များ ပြေးဝင်ခိုလှုံချေမည် ကြံစည်ထားကြပါသနည်း... ။
တချိန် တခါ အာဏာရှိန်ပြင်းစဉ်က၊ ဖိမ့်ဖိမ့်တုန်ခဲ့ရသည့် 'ချိုကုပ်ဖင်တွန့်' (ဗက-ခည)လို 'ပါကင်ဇိုနစ်ဇင်' ခေါ် အိပ်ရာဖင်ကပ် အိုနာရောဂါစွဲကပ် လေဖြတ်ချိန်၊ ပင်စင်ယူရချိန်တို့တွင် နားခိုရမည့်နေရာက ပြည်သူရင်ခွင်... ။ ဒါလေးကိုတော့ မြင်စေချင်ပါ၏။ မေတ္တာဖြင့် အထူးသတိပေးပါ၏...။
မိုးလုံးပြည့် မုသာဝါဒ၊ မဟုတ်မတရားတွေ ကြေညာထုတ်ပြန်၊ မဟုတ်တမ်းတရား ပေါ်လစီဇာတ်ကားတွေ ရိုက်ကူးထုတ်လုပ်၊ သရုပ်ဆောင်ခဲ့ကြပြီးမှ ပြည်သူလူထု ရင်ခွင်ကြားသို့ 'ဘွာတေးဘွားတေး' ခေါင်းလေးလျှိုး၍ ဝင်လာ မကွေးကြပါကုန်လင့်။ ထပ်မံ၍ အထူးတလည် သတိပေးပါရစေ... ။
ထိုသို့သာ ဖြစ်ခဲ့ပါလျှင်၊ ဦးပုည စာချိုးအတိုင်း -
"...ကယ်မပါ၊ ကြည့်ရှုပါ၊ မွဲသွေ့သွေ့မျက်နှာနှင့်၊ ကိုယ်ချမ်းသရကြောင်း၊ ငဲ့ငေါင်းစုတ်ပဲ့ နုံ့နဲ့သည့်စကားများကို၊ မှားမေ့၍ ဆိုမိပါလျှင်...၊ (ပြည်သူအပေါင်းကလည်း ထိုသည့်သူမျိုးကို) လျာတိုအောင် ရိတ်ကြပါလိမ့်မည်၊ ရိတ်ဖို့ အသင့် စောင့်နေကြပါတော့သည်" ... လေ။
ပွဲကြည့်ပရိဿတ် မောင်ဘဦးတို့ အနေဖြင့်လည်း ...
"ကျွန်ုပ်ကတော့၊ မေတ္တာတွေ တလှေကြီး၊ မေတ္တာတုံး ကြီးကြီးဖြင့် ယခုကဲ့သို့ သတိပေးပြီးလေပြီ...။ လိုက်နာလေမည် မမည်ကား၊ ၎င်းတို့ ဝန်တာ...။ ပြည်သူအပေါင်း၏ ကမ္ဘာမကြေ ရီဗင့်ခ်ျ လက်စားချေခြင်း၊ ဘွိုင်းကောက်- အန်န်- ဆိုရှယ်ပန်းနစ်ရှမင့် (သပိတ်မှောက် လူထုအပြစ်ဒဏ်ခတ်ခြင်း၊ https://ift.tt/TayYCBr)ကို မြင်တွေ့ရခဲ့ပါလျှင်လည်း 'သဗ္ဗေသတ္တာ ကမ္မသကာ - ထိုသူပြုခဲ့သည့်ကံ ထိုသူသာ ခံရပေသည်လေ" ဟူ၍သာ... ။
- သုခိတာ ဟောထ၊ တော်လှန်ပြည်သူအပေါင်း၊ ချမ်းသာကြပါစေ။
- စစ်အာဏာရှင်စနစ် အမြန်ကျရှုံးပါစေ။
မောင်ဘဦး
(၈၇၊ မုန်းဆန်း ၁၀)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar