ခေါင်းကြီး - များလွန်းနေပြီ
ခေါင်းကြီး - များလွန်းနေပြီ
မိုးမခ ၊ နိုဝင်ဘာ ၈ ၊ ၂၀၂၅
*(၁၉၄၈) ခုနှစ်...
"တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်"ဆိုတဲ့ စကားနဲ့အညီ...
မြန်မာပြည် လွတ်လပ်ရေးနဲ့အတူ ဖြစ်ပွားလာခဲ့တဲ့...
နိုင်ငံရေး လူမျိုးစုရေး ပဋိပက္ခမြောက်မြားစွာဟာ...
လက်ရှိအချိန် စိန်ရတုအလွန်ကာလ ရောက်လာတဲ့အထိ...
ဘယ်လိုမှ အဖြေမှန်ထွက်အောင် မဖြေရှင်းနိုင်ခဲ့ဘဲ...
နှစ်အရှည်ကြာဆုံး ပြည်တွင်းစစ်အဖြစ်...
ကမ္ဘာပေါ်မှာ တစ်ခုတည်း ကျန်ရစ်နေခဲ့ရတာ...
အလွန်ဝမ်းနည်းစရာ ကောင်းလှတာမို့...
ငါတို့အတွက်တော့ သိပ်ကိုများလွန်းနေပါပြီ...။
*(၁၉၆၂) ခုနှစ်မှာ...
"မြွေပူရာကင်းမှောင့်"လို့ ဆိုရမဲ့ ဖြစ်စဉ်ပမာ...
စတင်ပေါက်ဖွားလာခဲ့တဲ့ စစ်အာဏာရှင်စနစ်နဲ့အတူ...
စစ်အာဏာရူးတွေရဲ့ မတရား ဖိနှိပ်အုပ်ချုပ်မှုအောက်က...
စစ်ကျွန်သပေါက်ဘဝကို ကံမကောင်းစွာ ကျရောက်ခဲ့ရပြီး...
နှစ်ပေါင်း (၆၀) ကျော် ကြာညောင်းလာတဲ့အထိ...
ပညာရေး ကျန်းမာရေး စီးပွားရေး အရေးပေါင်းများစွာ...
ထောင်းထောင်းကျေအောင် တစ်စစီ ပျက်စီးသွားခဲ့ရတဲ့...
ငရဲပြည်လောက်နီးနီး ငါတို့တိုင်းပြည်ကြီးကို တွေ့မြင်နေရတာ...
အလွန်ရင်နာစရာ ကောင်းလှတာမို့...
ငါတို့အတွက်တော့ သိပ်ကို များလွန်းနေပါပြီ...။
*လွတ်လပ်မှု တန်းတူညီမျှမှု တရားမျှတမှုတွေကို စံထား...
ဗြဟ္မစိုရ်တရားတွေ ထွန်းကားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းနဲ့...
အေးချမ်းပြီး သာယာလှပတဲ့ နိုင်ငံကြီး ဖြစ်ပေါ်လာဖို့အတွက်...
ကောက်ကျစ် ယုတ်မာလွန်းတဲ့ ပြည်ဖျက် ဖက်ဆစ်မိစ္ဆာတွေကို...
မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်း တော်လှန်လာခဲ့ကြပေမဲ့...
လမ်းတစ်ဝက်မှာပဲ အကြိမ်ကြိမ်အခါခါ အရှုံးတွေဆက်...
ဘယ်လိုနည်းနဲ့မျှ ရုန်းမထွက်နိုင်ကြသေးတာက...
အလွန်ခံပြင်းစရာ ကောင်းလှတာမို့...
ငါတို့အတွက်တော့ သိပ်ကိုများလွန်းနေပါပြီ...။
*တော်လှန်ရေးကာလ ခေတ်အဆက်ဆက်မှာ...
ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခံခဲ့ရတဲ့..
တောင်တန်း ပြည်မ အပြစ်မဲ့ပြည်သူတွေ...
ပက်ပက်စက်စက် အကြမ်းဖက်ဖျက်ဆီးခံခဲ့ရတဲ့...
အိမ်၊ ကျောင်း၊ ဆေးရုံ ဘာသာရေးအဆောက်အအုံတွေ...
သဲသဲမဲမဲ ဗုံးကြဲတိုက်ခိုက် မီးလောင်တိုက်သွင်းခံခဲ့ရတဲ့...
တိုင်းပြည်အနှံ့အပြားက မြို့ပြကျေးရွာဒေသတွေ...
ဆိုးဆိုးဝါးဝါး အတင်းအဓမ္မ အညွန့်ချိုး ခြေမွှခံခဲ့ရတဲ့...
လူငယ်လူကြီးတွေရဲ့ အနာဂတ်ဘဝတွေ...
အမှန်တကယ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့ရတာ...
အလွန်ကြေကွဲစရာ ကောင်းလှတာမို့...
ငါတို့အတွက်တော့ သိပ်ကိုများလွန်းနေပါပြီ...။
*အိမ်နီးချင်း အာစီယံကအစ ကုလသမဂ္ဂအဆုံး...
အမျိုးစုံသော တာဝန်ရှိကမ္ဘာ့အဖွဲ့အစည်း အားလုံးရဲ့...
မပြီးနိုင်မစီးနိုင် လက်တွေ့မကျတဲ့ ဟန်ပြစိုးရိမ်ပူပန်မှုတွေ...
ဝေဖန်လေကန်ရုံပဲ တတ်နိုင်ပြီး မျက်နှာလွှဲခဲပစ် လုပ်ခဲ့ကြတဲ့...
ဒီမိုကရေစီစံပြ ကမ္ဘာ့ဘိုးအေနိုင်ငံကြီးတွေ...
မသူတော်အချင်းချင်း လက်ချင်းယှက်ပေါင်းဖက်...
"ယိုသူမရှက် မြင်သူရှက်စရာ" ဖက်ဆစ်အာဏာရှင်နိုင်ငံကြီးတွေ...
စူပါပါဝါ အင်အားချင်းပြိုင်ဆိုင် နိုင်သူစားကြစတမ်း...
ကြီးနိုင်ငယ်ညှဉ်း တောရိုင်းအတွင်းက ဥပဒေထုံးတမ်းတွေနဲ့...
တစ်စခန်းထ ခေါင်းထောင်လာနေတဲ့ ကမ္ဘာ့အခြေအနေတွေကလည်း...
အလွန်စိတ်လေစရာ ကောင်းလှတာမို့...
ငါတို့အတွက်တော့ သိပ်ကိုများလွန်းနေပါပြီ...။
*ဒါပေမဲ့...
ဘာတွေဘယ်လိုပဲ ဖြစ်နေပါစေ...
"ငါတို့မှာငါတို့ပဲရှိတယ်"ဆိုတာက အမှန်တရားစစ်စစ်ပဲမို့...
မတရားမှု အဆိုးအညစ်တွေကို ငုံ့မခံဘဲ တုန့်ပြန်တောင်းဆိုနေတဲ့...
ခေတ်ပြောင်းစနစ်ပြောင်း ဒီတော်လှန်ရေးခရီးကြမ်းတလျှောက်လုံးမှာ...
အလုံးစုံ ကုန်ဆုံးရင်းနှီးခဲ့ရတဲ့ အဖိုးတန်အချိန်ကာလတွေ...
အဆမတန် စွန့်စားပေးဆပ်ခဲ့ရတဲ့ အသက်ခန္ဓာနဲ့ဘဝတွေ...
အလဟဿ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ပြည်သူ့အိုးအိမ်စည်းစိမ်တွေ...
အစရှိတဲ့ ဒီမိုး ဒီလေ ဒီရေတွေနဲ့ ငါတို့အမိမြေရဲ့...
ဘယ်လိုမှ အငြိုးမပြေနိုင်သေးတဲ့ ကံကြမ္မာဆိုး ကျိန်စာတွေဟာ...
အခုအချိန်ထိသာဆိုရင် များလွန်းမက များလှနေပြီဖြစ်လို့...။
*ဒီခေတ်ကာလ စနစ်ဆိုး အဖြစ်သနစ်ဆိုးတွေကို...
နောင်လာမဲ့ "ဂျန်အယ်လ်ဖာ" မျိုးဆက်သစ်တွေဆီသို့...
ဘယ်လိုနည်းနဲ့မျှ ဘိုးဘွားအမွေအနှစ်အဖြစ် ပေးခဲ့လို့ မဖြစ်ဘဲ...
ဒီနေ့ ငါတို့ခေတ်မှာပဲ မဖြစ် ဖြစ်အောင် အဆုံးသတ်ဖို့အတွက်...
ငါတို့ရဲ့ အန္တိမရည်မှန်းချက်အစစ် ဖြစ်တဲ့...
ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ နိုင်ငံတော်သစ် ပန်းတိုင်အရောက်...
မယိမ်းမယိုင် သန္နိဋ္ဌာန်ချ ချီတက်လျှောက်လှမ်းနေကြဆဲ...
ဧကန်မုချ ဒီနောက်ဆုံးအချီ နောက်ဆုံးတိုက်ပွဲကြီးမှာ...
အားနည်းချက် လိုအပ်ချက်တွေမှန်သမျှ အချိန်မီ ပြင်ဆင်ကြလျက်...
ငါတို့မျိုးဆက် ညီနောင်သွေးချင်း တိုင်းရင်းသားတွေအားလုံး...
ပြတ်ပြတ်သားသားဆုံးဖြတ် ရင်ချင်းအပ် ကျောချင်းကပ်ပြီး...
အချင်းချင်း တစ်သားတည်း စည်းလုံးညီညွတ်မှုစွမ်းပကားနဲ့...
ဘယ်လိုအတားအဆီး အခက်အခဲကိုမျှ ထီမထင်ဘဲ...
ပီပီပြင်ပြင် ဇွဲနပဲ အားမာန် အပြည့်သုံးလို့...
အပြင်းထန်ဆုံး ရုန်းကန်တိုက်ပွဲဝင်လိုက်ကြဦးစို့...။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar