Breaking News

ပြည်တွင်းက အနုပညာရှင်အားလုံးကို ရွေးကောက်ပွဲအတွက် လှုံ့ဆော်ဝါဒဖြန့်ရာမှာ အသုံးချ

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၀ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၂၅


ပြည်တွင်းက အနုပညာရှင်အားလုံးကို ရွေးကောက်ပွဲအတွက် လှုံ့ဆော်ဝါဒဖြန့်ရာမှာ အသုံးချ

မြန်မာနိုင်ငံ ပြင်ပမှာ နေထိုင်ပြီး လောလောဆယ် မြန်မာနိုင်ငံထဲ ပြန်မသွားတဲ့ အနုပညာရှင်တွေအဖို့ အာဏာသိမ်းစစ်တပ်ရဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ဝါဒဖြန့်ကမ်ပိန်းမှာ မပါဝင်ဘဲ နေခွင့်ရှိပေမယ့် ပြည်တွင်းမှာ နေထိုင်ပြီး အနုပညာလုပ်ငန်း လုပ်ကိုင်နေကြတဲ့ အဆိုတော်၊ သရုပ်ဆောင် ဒါရိုက်တာတွေအဖို့ စစ်တပ်ရဲ့ ဖိအားကို တွန်းလှန်နိုင်ဖို့ ခက်ခဲမယ့် အနေအထား ရောက်နေကြတာ ဖြစ်ပါတယ်။ 

အချို့သော သရုပ်ဆောင်၊ အဆိုတော် နဲ့ ဒါရိုက်တာတွေကတော့ နဂိုကတည်းက စစ်တပ်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိနှင့်ပြီး စိတ်လိုလက်ရကို လုပ်ဆောင်ပေးနေကြတာ ဖြစ်လို့ ၄င်းတို့အတွက်က ပြဿနာမဟုတ်ပေမယ့် အနုပညာရှင် အများအပြားက ဒီလို ဝါဒဖြန့်ကမ်ပိန်းမှာ မပါဝင်လိုကြပါဘူး။ ၄င်းတို့အနက် အချို့က မိမိတို့ အသက်မွေးဝမ်းကျောင်း အလုပ်ကိုသာ လုပ်ကိုင်လိုပြီး နိုင်ငံရေးနဲ့ မဆက်စပ်လိုကြတဲ့ သဘောဖြစ်ပြီး အချို့ကတော့ အာဏာသိမ်းမှုကိုလည်း မထောက်ခံ၊ စစ်တပ်ကိုလည်း မလိုလားပေမယ့် အကြောင်းကြောင်းကြောင့် ပြည်တွင်းမှာနေထိုင်ပြီး ဒီအလုပ်၊ အသက်မွေးမှုကို မစွန့်လွှတ်နိုင်တာကြောင့် ဘေးကြပ်နံကြပ် အနေအထားမျိုး ရင်ဆိုင်ကြရတာ ဖြစ်ပါတယ်။ 

ပထမ အမျိုးအစားမှာ သရုပ်ဆောင် ခန့်စည်သူ၊ စိုးမြတ်သူဇာ တို့လို အာဏာရှိတဲ့ အစိုးရနဲ့ ပေါင်းသင်းမယ့် အနုပညာရှင်မျိုးတွေ ပါဝင်ပြီး တတိယအမျိုးအစားမှာတော့ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်၊ ပြေတည်ဦးတို့လို အနုပညာရှင်တွေ ပါဝင်တယ်လို့ ဆိုနိုင်ပါတယ်။ 

ခေတ်အဆက်ဆက် စစ်တပ်ဟာ ၄င်းတို့ရဲ့ ဝါဒဖြန့်ချိရေးအတွက် ရုပ်ရှင်ဇတ်လမ်းတွေ၊ စာစောင်တွေ ထုတ်လုပ်ဖြန့်ချိ ခဲ့ကြပြီး လွတ်လပ်ရေးရပြီးခါစ ခေတ်တွေကတည်းက မြဝတီ မဂ္ဂဇင်းဟာ စစ်တပ်ပိုင် မဂ္ဂဇင်းဖြစ်ပြီး နောက်ပိုင်း မဆလ ခေတ်အကုန် နဝတ ခေတ်တွေမှာတော့ ငွေတာရီတို့လို မဂ္ဂဇင်းတွေကိုပါ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးခါစ ပြည်တွင်းစစ်နောက်ခံ ဝတ္တုတွေကို ဗမာ့တပ်မတော်က စစ်အရာရှိဟောင်း စာရေးဆရာတွေ ရေးသားခဲ့ကြသလို အချို့သော ဝတ္တုတွေကို ရုပ်ရှင်အဖြစ်လည်း ထုတ်လုပ်ဖြန့်ချိခဲ့ကြတာတွေ့ရ ပါတယ်။ လွတ်လပ်ရေး ရပြီးခါစကာလ မြဝတီမဂ္ဂဇင်းကနေ နောက်ပိုင်း ရုပ်မြင်သံကြားခေတ် ရောက်လာတဲ့အခါ မြဝတီရုပ်သံကို ၁၉၉၅ ခုနှစ်မှာ စတင်ခဲ့သလို မြဝတီသတင်းစာ ကိုလည်း ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ 

ခေတ်အဆက်ဆက်မှာ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး နဲ့ အစိုးရဝါဒဖြန့်ချိရေးက ၇၀/ ၈၀ ရာနှုန်း ထပ်တူထပ်မျှဖြစ်ခဲ့တာပါ။ အခုလို စစ်တပ်အာဏာသိမ်းထားတဲ့ ကာလမှာ အဆိုပါ ဝါဒဖြန့် ချိရေး ၂ ခုရဲ့ အကြောင်းအရာ ၉၀ ရာနှုန်းနီးပါးက အတူတူပဲ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ခါစ ဆန္ဒပြမှုတွေမှာ အနုပညာရှင် အများအပြား စစ်အာဏသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသလို၊ CDM လှုပ်ရှားမှုအတွက် လှုံ့ဆော်ပေးခဲ့ကြတာတွေလည်း ရှိခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီက အနုပညာရှင်အများအပြားကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ဝရန်းထုတ်ကာ ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးမခံရအောင် နယ်စပ်ဒေသတွေကတဆင့် အိမ်နီးချင်းနိုင်ငံ တတိယနိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်သူတွေ၊ ဖမ်းဆီးခံရပြီး ထောင်ဒဏ် အပြစ်ပေးခံရသူတွေ အများအပြားရှိခဲ့ပါတယ်။ အကျဥ်းထောင်ထဲ နှစ်နဲ့ချီ နေထိုင်ခဲ့ကြရသူတွေလည်း ရှိခဲ့တာပါ။ တဖက်မှာလည်း စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့သူ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ မပါဝင်ခဲ့တဲ့ အနုပညာရှင်တွေကို သပိတ်မှောက်၊ လူမှုရေးပြစ်ဒဏ်ခတ်ဖို့ လှုံ့ဆော်မှုတွေလည်း ဆိုရှယ်မီဒီယာမှာ ကျယ်ပြန့်စွာ ဖြစ်ပေါ်ခဲ့တာပါ။ 

အာဏာသိမ်းပြီးနောက်ပိုင်း နှစ်တွေမှာ စစ်ကောင်စီက ကျင်းပတဲ့ သင်္ကြန်ပွဲတွေမှာ သွားရောက်ဖျော်ဖြေတဲ့ အနုပညာရှင်တွေကိုလည်း နွေဦးတော်လှန်ရေး ထောက်ခံသူလူထုတွေက သပိတ်မှောက်၊ လူမှုရေးပြစ်ဒဏ်ခတ်ဖို့ လှုံ့ဆော်ခဲ့ကြတာဖြစ်ပါတယ်။ 

နောက်ကာလတွေမှာတော့ အနုပညာရှင်တွေ အများစုက စစ်အစိုးရနဲ့ ခပ်ဝေးဝေး နေခဲ့ကြပြီး စစ်တပ်ထောက်ခံတဲ့ အနုပညာရှင်တွေကသာ စစ်ခေါင်းဆောင်ရဲ့ ပြည်ပခရီးစဥ် အသွားအပြန်တွေမှာ ပို့ဆောင်တာ ကြိုဆိုတာ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အခု လတ်တလောကာလမှာ နှစ်ကုန်မှာကျင်းပမယ့် ရွေးကောက်ပွဲ ဝါဒဖြန့်ကမ်ပိန်းမှာ အနုပညာရှင်တိုင်း ပါဝင်ကြရမယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကို အာဏာသိမ်းစစ်အစိုးရက ချမှတ်ထားပုံရပြီး ရွေးကောက်ပွဲကိုထောက်ခံ လှုံ့ဆော်တဲ့ ဇတ်လမ်းတို၊ တေးသီချင်း၊ နှိုးဆော်ချက် ဗီဒီယိုတို အစရှိတာတွေ ထုတ်လုပ်ပြီး လူထုကို ဖြန့်ချိဖို့ ဖိအားပေးလုပ်ဆောင် လာတာ တွေ့ရပါတယ်။ 

နွေဦးတော်လှန်ရေးအင်အားစု အထူးသဖြင့် ပြည်ပမှာ နေထိုင်ကြတဲ့ အနုပညာရှင်တွေနဲ့ တက်ကြွလှုပ်ရှားသူ အင်အားစုတွေက ရွေးကောက်ပွဲကို ထောက်ခံ လှုံ့ဆော်မှုမှာ ပါဝင်တဲ့ အနုပညာရှင်တွေကို သပိတ်မှောက်ကြဖို့ လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ နှိုးဆော်နေကြတာလည်း ဖြစ်ပါတယ်။ 

ပြည်တွင်းက အနုပညာရှင်တွေအနေနဲ့ ရွေးကောက်ပွဲ ထောက်ခံဝါဒဖြန့်ကမ်ပိန်းမှာ မပါဝင်ရင် ဖမ်းဆီးခံရနိုင်တဲ့ အနေအထားမျိုးထိ အာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်နေတဲ့ အခြေအနေမျိုးမှာ ပါဝင်ဖို့ ငြင်းဆန်ရဲမယ့်သူ ရှားပါးတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ အချို့သော အနုပညာရှင်၊ ရုပ်ရှင်သမားအချို့ ရွေးကောက်ပွဲ ဆန့်ကျင်မှု ပတ်သက်တဲ့ ဆိုရှယ်မီဒီယာပို့စ်ကို နှစ်သက်တာ ထောက်ခံတာ သင်္ကေတ ပြရုံနဲ့ အဖမ်းခံနေကြရတာကြောင့်လည်း အနုပညာရှင်တွေအကြား ကြောက်ရွံ့မှုက မြင့်တာလာနေတယ်လို့ ဆိုနိုင်ပါတယ်။ 

တဖက်မှာလည်း ရွေးကောက်ပွဲ ဝါဒဖြန့် ကမ်ပိန်းမှာ ပါဝင်သူ အားလုံးကို သပိတ်မှောက်ဖို့ လူမှုရေး ပြစ်ဒဏ်ခေတ်ဖို့ နွေဦးတော်လှန်ရေး အင်အားစုတွေ ဘက်က လှုံ့ဆော်မှုကြောင့် စစ်တပ်ကို မလိုလားပေမယ့် ဖမ်းခံရမယ့် အန္တရာယ်၊ အနုပညာ အသက်မွေးအလုပ်ကို စွန့်လွှတ်လိုက်ရမယ့် အန္တရာယ်တွေကြောင့် ပါဝင်ရသူတွေ အဖို့ ဘေးကြပ်နံကြပ် အနေအထားမျိုးလည်း ဖြစ်ပါလိမ့်မယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲ ဝါဒဖြန့်ကမ်ပိန်းရဲ့ အကျိုးဆက်က အနုပညာလောကကို ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်စေသလို အနုပညာရှင်တွေနဲ့ ပရိသတ်တွေအကြားလည်း နားလည်မှု ရှုပ်ထွေးစေတဲ့ အထိ သက်ရောက်မှုတွေ ဖြစ်စေပြီး ရန်ငါ ပြတ်စေတာလား စည်းရုံးရေး ပျက်စီးစေတာလား ဆိုတာ ရှင်းရှင်းလင်းလင်း ကောက်ချက်ချဖို့ ခက်ခဲတဲ့ အနေအထားဖြစ်လာစေတာ တွေ့နေရပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar