Breaking News

နွေဦးတော်လှန်ရေးကို သမင်လည်ပြန်ကြည့်ခြင်း

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၁ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၅


နွေဦးတော်လှန်ရေးကို သမင်လည်ပြန်ကြည့်ခြင်း 

နွေဦးတော်လှန်ရေး ရဲ့ ပထမလှိုင်း ပြီးဆုံးသွားပြီဟု နိုင်ငံရေး အကဲဖြတ်သူတယောက်ရဲ့ သုံးသပ်ချက်ကို လူမှုကွန်ရက်မီဒီယာ ဖေ့စ်ဘွတ်တနေရာတွေ ဖတ်မိလိုက်သည်။ နွေဦးတော်လှန်ရေးသည် အများနဲ့ သက်ဆိုင်သည့် သတ်မှတ်ချက် နားလည်ဖွင့်ဆိုချက် တခုဖြစ်ပြီး ပါတီတခု အဖွဲ့အစည်းတခုက သတ်မှတ်ခြင်း ဖွင့်ဆိုခြင်း မဟုတ်ပါ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြတဲ့ အမြင်ရှိသူ၊ ရပ်တည်ချကရှိသူ၊ ယုံကြည်ချက်ရှိသူတွေက ယေဘုယျအားဖြင့် နားလည်ဖွင့်ဆို သတ်မှတ်ထားကြသည့် စကားလုံးတလုံး၊ သတ်မှတ်ဖွင့်ဆိုမှု တခုဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး ၅ နှစ်နီးပါး ရောက်ရှိလာချိန်မှာ အဆိုပါ အကဲဖြတ်သူက ပထမလှိုင်း ပြီးသွားပြီဟု အကဲဖြတ် ကောက်ချက်ချခြင်းမှာ ဘယ်အချက်တွေကြောင့် ဘယ်လက္ခဏာတွေကြောင့် ကောက်ချက်ချသည်ကို သေချာစွာ မသိသော်လည်း သူ၏ အဆိုကို အခြေခံကာ ၅ နှစ်တာ ကာလကို ပြန်လည်ငဲ့ကြည့်သင့်သလို ရှေ့လာမယ့် မဝေးတဲ့ အနာဂတ်ကိုလည်း မှန်းမျှော်ကြည့် သင့်တယ်လို့ တွေးမိပါတယ်။ 

၅ နှစ်ကာလအတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရလည်း ပေါ်ထွက်လာခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF လည်း ပေါ်ထွက်လာခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရအပြင် အချို့သော ပြည်နယ်နဲ့ တိုင်းအလိုက် ကြားကာလအုပ်ချုပ်ရေးအစိုးရတွေလည်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ကရင်နီပြည်မှာ Interim Executive Council၊ ချင်းပြည်မှာ ချင်းပြည်ကောင်စီ Chinland Council ၊ မွန်ပြည်နယ်မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကောင်စီ အစရှိတဲ့ အဖွဲ့အစည်းတွေ ပေါ်ထွက်လာခဲ့ကြတာ တွေ့ရပါတယ်။ တအာင်းပလောင်၊ ကရင်နီနဲ့ ချင်းပြည်တို့ကတော့ ကြားကာလ အုပ်ချုပ်ရေးကောင်စီအဖြစ်နဲ့ ပေါ်ထွက်လာတာမျိုးဖြစ်ပြီး မွန်၊ ပအိုဝ်းဒေသတွေမှာကတော့ ပြည့်ပြည့်ဝဝ ဆိုလို့ မရတဲ့အနေအထားဖြစ်ပါတယ်။  

အဆိုပါ ပြည်နယ်ဖက်ဒရယ်ကောင်စီ၊ ကြားကာလအုပ်ချုပ်ရေးကောင်စီတွေနဲ့ ပြည်ထောင်စု အမျိုးသားညီညွတ်ရေးအစိုးရတို့အကြား အပြန်အလှန် တာဝန်ခံမှု ချိတ်ဆက်မှုက ဘယ်လို ရှိသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးဘဲ တသမတ်တည်း၊ တပုံစံတည်း ရှိမနေဟု ဆိုလျှင် မှားမည်မထင်ပါ။ 

ဒီပြည်နယ်တွေအပြင် ကျန်ပြည်နယ်တွေမှာ စစ်အာဏာ မသိမ်းမီကတည်းက ရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ၄င်းတို့ရဲ့ အုပ်ချုပ်မှုစနစ်နဲ့ အုပ်ချုပ်နေကြတာလည်း ရှိနေကြတာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် KNU/KNLA ရဲ့ အုပ်ချုပ်ရေးပုံစံနဲ့ ကရင်ပြည်နယ် ပဲခူးတိုင်းအရှေ့၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်က နယ်မြေအချို့တို့မှာ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ KIO/KIA က ကချင်ပြည်နယ်က နယ်မြေတွေနဲ့ ရှမ်းမြောက်ဒေသအချို့တို့မှာ KIA အုပ်ချုပ်ရေးပုံစံနဲ့ အရင်အတိုင်း ဆက်လက် အုပ်ချုပ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ ရက္ခိုင့်တပ်တော်နဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်တို့က ၄င်းတို့အုပ်ချုပ်ရေးပုံစံနဲ့ အုပ်ချုပ်နေတာ တွေ့ရပါတယ်။ 

ဒါတွေက အုပ်ချုပ်ရေးပုံစံ အဆင့်ဆင့်လည်း မဟုတ်၊ စင်ပြိုင်လည်း မဟုတ်ဟု ဆိုရမယ့် အနေအထားဖြစ်ကာ အများစုကတော့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်ဟု ဆိုလျှင်တော့ ဆိုနိုင်မယ် ထင်ပါတယ်။ 

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ တိုင်းရင်းသားနယ်မြေတွေ ဖယ်ပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ နေပြည်တော်ကောင်စီနယ်မြေ ပဲခူးတိုင်းအနောက်ပိုင်း ဧရာဝတီတိုင်း၊ ရန်ကုန်တို့မှာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က လက်နက်ကိုင်အဖွဲ့တွေလည်း ရှိသကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ မရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေတာပါ။ 

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထည့်မတွက်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမိန့်ပေးမှု ကွပ်ကဲမှုအောက်မှာ တပ်ရင်းပေါင်း ၃၀၀ ကျော်ရှိတယ်လို့လည်း အချို့သော ထုတ်ပြန်ချက်နဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ အဆိုပါ တပ်ရင်းတွေ စာရင်းထဲ မဟုတ်တဲ့ သီးခြား ဖွဲ့စည်းထားတဲ့ တပ်ရင်းတွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေ ဒေသအမည် မဟုတ်ဘဲ အမျိုးမျိုးသော အမည်တွေနဲ့ အဖွဲ့ တွေလည်း အများအပြားရှိနေကြတာ ဖြစ်ပါတယ်။ 

ဒီလို ပြန့်ကျဲနေတဲ့ လက်နက်ကိုင်အဖွဲ့ အများအပြားကို ဘယ်လိုအချက်ပေါ် အခြေခံပြီး စုစည်းမလဲ ဆိုတဲ့ မေးခွန်းလည်း လွန်ခဲ့တဲ့ ၄ နှစ်ဝန်းကျင်ကတည်းက ပေါ်ထွက်ခဲ့ပေမယ့် အခုချိန်ထိ ကျေနပ်တဲ့ အဖြေမရရှိသေးဘူးလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး အယူဝါဒအပေါ် အခြေခံပြီး စုစည်းကြမလား၊ ရန်ပုံငွေ၊ လက်နက်ခဲယမ်း ထောက်ပံ့မှုအပေါ်မှာ မူတည်စုစည်းကြမလား သို့မဟုတ် အင်အားကြီးတဲ့အဖွဲ့တွေက သေးငယ်တဲ့အဖွဲ့တွေကို အင်အားသုံးပြီး ဖိအားပေး ပူးပေါင်းအောင် လုပ်ကြမလား၊ သို့မဟုတ် တိုက်ပွဲတိုက်ကြတဲ့အခါမှာသာ ပူးပေါင်းတိုက်ခိုက်ကြတာမျိုးနဲ့ ရှေ့ဆက်သွားကြမလား ဆိုတဲ့မေးခွန်း ရှိနေပေမယ့် အဖြေတော့ မရှိသေးပါဘူး။ 

အာဏာသိမ်းစစ်တပ်ကို မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တပြိုင်နက် ထိုးစစ်ဆင်ခဲ့ကြတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမပိုင်း ၂၀၂၃ အောက်တိုဘာမှ ၂၀၂၄ ဇန်နဝါရီထိ တဖြတ်ကာလမှာ နယ်မြေတွေ မြို့တွေ အများအပြား သိမ်းပိုက်နိုင်ခဲ့သလို အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်မှူးချုပ်တွေကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တဲ့အထိ အောင်မြင်မှုတွေ ရှိခဲ့ပြီး ၂၀၂၄ ဇူလိုင်က ပြန်စတဲ့ စစ်ဆင်ရေး ဒုတိယပိုင်းမှာလည်း မြို့တွေ အများအပြား ထပ်မံသိမ်းယူကာ စစ်တိုင်းဌာနချုပ်တွေ ကိုပါ သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်ကာလအတွင်းမှာပဲ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်က PDF တပ်တွေကလည်း မြို့အချို့ နယ်မြေအချို့ သိမ်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်၊ ကရင်ပြည်နယ် ကချင်ပြည်နယ် ရှမ်းမြောက်၊ ရခိုင်၊ ချင်း၊ စစ်ကိုင်းအထက်ပိုင်း မကွေးတိုင်းတို့မှာ တော်လှန်ရေး အင်အားစုတွေဘက်က နယ်မြေတွေ အများအပြား သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒီကာလဟာ လက်နက်ကိုင် တိုက်ပွဲရဲ့ အောင်ပွဲအမြင့်ဆုံးကာလလို့ ဆိုရမှာ ဖြစ်ပြီး အဲဒီလို အောင်မြင်မှုအမြင့်ဆုံးရောက်ခဲ့တဲ့ကာလအလွန် လအနည်းငယ်အကြာ  ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှာတော့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ခဲ့သလို တော်လှန်ရေး အင်အားစုတွေဘက်က သိမ်းယူထိန်းချုပ်ထားတဲ့ နယ်မြေအချို့ ပြန်လည်လက်လွှတ်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ ယခုနှစ် နှစ်လယ်ဝန်းကျင်က စခဲ့တဲ့ စစ်ရေးချိန်ခွင်လျှာ အပြောင်းအလဲက ခုနှစ်ကုန်ဆုံးခါနီး နိုဝင်ဘာလအထိ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ 

တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေရဲ့ စစ်ရေး အသာစီးရမှုဟာ ၂၀၂၄ နှစ်လယ်မှာ အမြင့်ဆုံးကနေ တန့်ပြီး တဖြည်းဖြည်း ကျဆင်းနေတဲ့ သဘောကြောင့် ဒီအချက်တွေကြောင့် နွေဦးတော်လှန်ရေး ပထမလှိုင်းက ပြီးဆုံးသွားပြီဆိုတဲ့ သဘောမျိုး ကောက်ချက်ချတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

အဲဒီီလို ဆိုခဲ့ရင် ပထမလှိုင်းပြီးရင် ဒုတိယလှိုင်းက ဘယ်တော့ ရောက်လာမှာလဲ ဘယ်လို ရောက်လာမှာလဲ ဆိုတဲ့ မေးခွန်းလည်း မေးစရာ ရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား နိုင်ငံရေးအရ စုစည်းနိုင်မှ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စုစည်းမှု ဖြစ်လာမလား၊ အကျိုးစီးပွားချင်း ပဋိပက္ခ၊ ဆန့်ကျင်ဘက်ဖြစ်တာမျိုး မရှိမှ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မှာလား၊ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သက်ရောက်မှု၊ သြဇာဖိအားကို ဘယ်လို စီမံကိုင်တွယ်ကြမလဲ စတဲ့ မေးခွန်းတွေ ကို ဖြေနိုင် အတားအဆီးတွေကို ဖယ်ရှား ကျော်ဖြတ်နိုင်မှ ဒုတိယလှိုင်းကို စတင်နိုင်မယ့် သဘောလို့ ဆိုရင် မှားမယ် မထင်ပါ။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းအကြား နယ်မြေပိုင်ဆိုင်ခွင့်၊ ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှု ထိန်းချုပ်ခွင့်တွေနဲပတ်သက်လို့ အငြင်းအခုံဖြစ်လာခဲ့ရင်၊ ပွတ်တိုက်မှုဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲ၊ တိုင်းရင်းသား လက်နက်ကိုင် လူမျိုးတခုနဲ့ တခုအကြား အမျိုးသားရေးဝါဒ အချင်းချင်း အားပြိုင်မှု ပဋိပက္ခဖြစ်မှု ထိပ်တိုက်ရင်ဆိုင်မှုတွေ မပေါ်ပေါက်အောင် ဘယ်နိုင်ငံရေး အယူအဆနဲ့ ဘုံတူညီချက်တွေကို အခြေခံ ဖြေရှင်းကြမလဲ ဆိုတာလည်း ဖြေဆိုရ ခက်ခဲတဲ့ မေးခွန်းတွေ ရှိနေတာ ဖြစ်ပါတယ်။ ဆယ်စုနှစ် ၈ ခု ရှိနေပြီဖြစ်တဲ့ ပြည်တွင်းစစ်ရဲ့ အရင်းခံအကြောင်းတရားဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ဘယ်လမ်းစကနေ စုစည်းကြမှာလဲ၊ ပြည်တွင်းစစ်ဆင်နွှဲရင်း အမျိုးသားရေးဝါဒနဲ့ စစ်ဘုရင်ဝါဒ အငွေ့အသက်တွေ တဖြည်းဖြည်း လွှမ်းမိုးလာကြတာကိုလည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မယ်။ 

နွေဦးတော်လှန်ရေးမှာ အဆိုပါ ရေရှည် အကြောင်းရင်းခံနဲ့ ပြဿနာ၊ ရေတိုအကြောင်းအချက်နဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လမ်းစရှိပြီး အဲဒီလမ်းစပေါ်ကိုလည်း စတင်လျှောက်လှမ်းနိုင်ကြရပါလိမ့်မယ်။ အဲဒီလို မဟုတ်ခဲ့ရင်တော့ ရေတိုပြဿနာ ဖြေရှင်းရင်း ရေရှည်ပြဿနာ အသစ်တွေ ထပ်မံမွေးဖွားသလို ဖြစ်မယ့်အရေးလည်း သတိပြုသင့်ကြပြီ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar