Breaking News

အွန်လိုင်းငွေလိမ်စင်တာ နှိမ်နှင်းရေး အထူးအဖွဲ့နဲ့ အောက်လွှတ်တော် ကြားနာပွဲရဲ့ မြန်မာစစ်တပ်အပေါ် သက်ရောက်နိုင်မှု

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၀ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၅



အွန်လိုင်းငွေလိမ်စင်တာ နှိမ်နှင်းရေး အထူးအဖွဲ့နဲ့ အောက်လွှတ်တော် ကြားနာပွဲရဲ့  မြန်မာစစ်တပ်အပေါ် သက်ရောက်နိုင်မှု 

မကြာသေးခင် သီတင်းပတ်တွေတုန်းက အမေရိကန် ပြည်ထောင်စုနဲ့ ယူကေတို့က ကမ္ဘောဒီးယား နိုင်ငံမှာနေထိုင် ပြီး Prince Group စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ မူရင်းတရုတ်နိုင်ငံသား ဖြစ်သူ ချန်းကျိနဲ့ ၄င်းရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ခဲ့ပါတယ်။ အဆိုပါ ချန်းကျိ အနေနဲ့ ခရစ်ပ်တိုငွေကြေး လိမ်လည်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပြီး ဒေါ်လာ ၁၄ ဘီလျံတန်ဖိုးရှိတဲ့ Bitcoin ငွေကြေးတွေကို သိမ်းယူခဲ့ပါတယ်။ 

နောက် သီတင်းပတ် အနည်းငယ်အကြာမှာ အမေရိကန် ပြည်ထောင်စုက ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ DKBA လက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင် ၄ ဦးကို ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်ဆက်နွယ်မှုအတွက် ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့ပါတယ်။ 

အဲဒီနောက်မှာ Scam Center Strike Force (SCSF) ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က အရှေ့တောင်အာရှ အခြေစိုက်ပြီး အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နှင်းရေး အတွက် တရားရေးဌာန၊ အက်ဖ်ဘီအိုင်၊ ကိုလံဘီယာခရိုင် ဥပဒေရေးရာဌာန၊ အမေရိကန် လျှို့ဝှက်ထောက်လှမ်းမှု ဌာန U.S Secret Service ၊ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်က OFAC လို့ ခေါ်တဲ့ နိုင်ငံရပ်ခြား ပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အသီးသီးက ကိုယ်စားလှယ်တွေနဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ သဘောဖြစ်ပါတယ်။ 

အဲဒီအဖြစ်အပျက်တွေနောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ အောက်က အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီခွဲနဲ့ တောင်အာရှ ရေးရာ ကော်မတီခွဲက မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ကြားနာမှုတခု လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကြားနာမှု ခေါင်းစဥ်က “ထွက်ပေါက်မရှိတဲ့ မဟာဗျူဟာ- မြန်မာနိုင်ငံ၏ အဆုံးမသတ်နိုင်သည့် အကြပ်အတည်း နဲ့ အမေရိကန်၏ အကန့်အသတ်နဲ့ ရွေးချယ်မှုများ” ဖြစ်ပါတယ်။ 

အဆိုပါ အဖြစ်အပျက်တွေ တခုပြီးတခု ယခင်လ နဲ့ ယခုလတွေအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ SCSF အထူးအဖွဲ့ကို ဖွဲ့စည်း လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီလုပ်ရပ်မှာ ထုတ်ဖေါ်ပြောဆိုထားတဲ့ ရည်ရွယ်ချက်တွေသာမက ဖုံးကွယ်နေတဲ့ ရည်ရွယ်ချက် နက်နဲသော၊ လျှို့ဝှက်သော hidden agenda ရှိနိုင်တယ် ဆိုတဲ့ အသုံးအနှုန်းနဲ့ မှတ်ချက်ပေးထားတာကလည်း အာဏာသိမ်းစစ်တပ် အနေနဲ့ အမေရိကန် ခြေလှမ်းကို အလေးအနက်ထား စောင့်ကြည့်နေတဲ့ အနေအထားရှိတာကို တွေ့ရပါတယ်။ 

တရုတ်နိုင်ငံသားနဲ့ ကမ္ဘောဒီးယားနိုင်ငံသားခံယူထားသူ ချန်းကျိ ကို ပိတ်ဆို့အရေးယူမှုက မြန်မာ့အရေးနဲ့ တိုက်ရိုက် မသက်ဆိုင်ပေမယ့် ထိုင်း-မြန်မာ နယ်စပ်က အွန်လိုင်းငွေလိမ်စင်တာတွေနဲ့ အကြောင်းအရာဆက်နွယ်နေတဲ့ ခရစ်ပ်တို ငွေကြေးလိမ်လည်မှုကို စတင်အရေးယူခြင်းက မြန်မာအာဏာသိမ်းစစ်တပ်အတွက် အရေးမကြီးသလို DKBA ခေါင်းဆောင် ၄ ဦးကို အရေးယူပိတ်ဆို့တာလည်း ၄င်းတို့အတွက် ကြီးမားတဲ့ သက်ရောက်မှု မရှိလောက်ဘူးလို့ ယူဆစရာ ဖြစ်ပါလိမ့်မယ်။ 

SCSF အထူးအဖွဲ့ ဖွဲ့စည်းတဲ့ အပေါ်မှာတော့ အမေရိကန်က အွန်လိုင်းငွေလိမ်စင်တာ အရေးပေါ် အကြောင်းပြုပြီး မြန်မာ့အရေးမှာ ပါဝင်ပတ်သက်လာနိုင်သလားဆိုတဲ့ သံသယ ၊ ယူဆချက်တခု ရှိလာနေတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ အဲဒီအဖြစ်အပျက်နဲ့ ရှေ့ဆင့်နောက်ဆင့်မှာပဲ အောက်လွှတ်တော် ကော်မတီရဲ့ ကြားနာမှု ပေါ်ထွက်လာတာ ဖြစ်လို့ အမေရိကန် အစိုးရရဲ့ မြန်မာနဲ့ ပတ်သက်တဲ့ ပေါ်လစီ အပြောင်းအလဲထိ ဦးတည်နိုင်သလားဆိုတဲ့ မှန်းဆချက်တွေ ပေါ်ထွက်လာစေနိုင်တာ ဖြစ်ပါတယ်။ 

လွှတ်တော် ကော်မတီ ကြားနာမှုတိုင်းကတော့ အစိုးရရဲ့ မူဝါဒ အပြောင်းအလဲ လက်တွေ့လုပ်ဆောင်မှု အကောင်အထည်ဖေါ်မှုထိ ဖြစ်ပေါ်လာလိမ့်မယ်လို့ တထစ်ချမပြောနိုင်ပါဘူး။ ယခင် သမ္မတလက်ထက် ဥပဒေအဖြစ် အတည်ပြုလက်မှတ်ရေးထိုးခဲ့တဲ့ Burma Act လို အရာမျိုးတောင် လက်တွေ့မှာ အကောင်အထည်မဖေါ် နိုင်ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့တာ ဖြစ်ပါတယ်။ 

အွန်လိုင်းငွေလိမ်စင်တာ ကိစ္စကြောင့် အမေရိကန် နိုင်ငံသားတွေ အနေနဲ့ ငွေကြေးနစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် အစိုးရအနေနဲ့ လုပ်ဆောင်နိုင်တဲ့ အရာမှန်သမျှ လုပ်ဆောင်မယ်ဆိုတာ သံသယ ရှိစရာမလိုပေမယ့် အရှေ့တောင်အာရှ ရဲ့ ပထဝီနိုင်ငံရေး၊ တရုတ်နိုင်ငံနဲ့ အားပြိုင်မှု စတာတွေက အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒအခြေခံတွေ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ စစ်ရာဇဝတ်မှုတွေ၊ စစ်တပ်အာဏာရှင် ဖြုတ်ချရေးဆိုတဲ့ အရာတွေအထိ ရည်ရွယ်မယ်လို့ ကောက်ချက်မချနိုင်သေးပါဘူး။ 

လက်ရှိ အမေရိကန် နိုင်ငံရေးအခြေအနေကိုယ်၌က သမ္မတဖြစ်သူက သူ့စိတ်ကူးရှိရာကို ပုံဖေါ်နေတာမျိုးဖြစ်ပြီး ပါတီတွင်း လွှတ်တော်တွင်းမှာ သမ္မတကို ကောင်းကောင်း သြဇာလွှမ်းမိုးနိုင်တဲ့ အုပ်စု၊ အင်အားစုတွေ ရှိမနေကြပါဘူး။ ကျန်းမာရေးကြောင့် အနားယူသွားတဲ့ မြန်မာ့အရေး စိတ်ဝင်စားသူ အထက်လွှတ်တော် မစ်ချ်မက်ကောနယ်လ်လို ပုဂ္ဂိုလ်တွေ မရှိတော့တဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ ဒီအချက်တွေက အောက်လွှတ်တော် ကြားနာပွဲရဲ့ ရလဒ်ဖြစ်ပေါ်လာနိုင်ချေတွေကို ထင်ဟပ်နေတဲ့ သဘောလည်း ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန် တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုမှာ မြန်မာ၊ ထိုင်းနိုင်ငံတွေကို  မြေပြင်သဖွယ် ဖြစ်လာနိုင်ချေ နည်းပါးနေသေးတဲ့ သဘောလို့ ဆိုနိုင်မယ် ထင်ပါတယ်။ တရုတ်နဲ့ အမေရိကန် ရင်ဆိုင်နေကြတဲ့ နေရာ အနာဂတ်မှာ ရင်ဆိုင်အားပြိုင်ကြမယ့်နေရာတွေက ထိုင်း-မြန်မာ နယ်စပ်က အွန်လိုင်းငွေလိမ်မှုတွေ လူကုန်ကူးမှု၊ ကျေးကျွန်အဖြစ် စေခိုင်းခံရမှုတွေထက် တောင်တရုတ်ပင်လယ်၊ ထိုင်ဝမ်တို့က အဆများစွာ ပိုအရေးပါတဲ့ အားပြိုင်မှုတွေ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဖြစ်တဲ့ ထိုင်းနိုင်ငံအနေနဲ့ အရင့်အရင် ဆယ်စုနှစ်တွေကလို အမေရိကန်နဲ့ ရင်းနှီးတဲ့ စစ်ရေး၊ စီးပွားရေး မဟာမိတ်နိုင်ငံဆိုတာထက် ခုလက်ရှိကာလမှာ တရုတ်နိုင်ငံနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိနေပြီး ငွေလိမ်စင်တာတွေ အရေးနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ မကြာသေးခင်က ၂ နှစ်ကျော် ၃ နှစ်နီးပါး ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရထိုက် ကုမ္ပဏီလုပ်ငန်းစုပိုင်ရှင် ငွေလိမ်လုပ်ငန်းတွေရဲ့ ဦးဆောင်သူ ကျဲကျိကျန်း ကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ 

အွန်လိုင်းငွေလိမ်စင်တာတွေ ကို အကြောင်းပြုပြီး အမေရိကန်က မြန်မာ့အရေး ဝင်ရောက်စွက်ဖက် နိုင်ချေ ကို သုညအဖြစ်တော့ မသတ်မှတ်နိုင်ပေမယ့် ဖြစ်နိုင်ချေ မြင့်မြင့်မားမား ရှိနေတာမျိုးလည်း မဟုတ်ဘူးလို့ ဆိုရင် မှားမယ် မထင်ပါဘူး။ အာဏာသိမ်းစစ်တပ် အနေနဲ့တော့ ၄င်းတို့ရဲ့ ကံကြမ္မာကို ကြီးမားတဲ့ သက်ရောက်မှုရှိစေနိုင်တဲ့ ဖြစ်စဥ်တွေကို အနီးကပ်စောင့်ကြည့် အကဲဖြတ်နေလိမ့်မှာ သံသယတော့ ဖြစ်စရာမလိုတဲ့အနေအထားဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar