Breaking News

TNLA နဲ့ အပစ်ရပ်ပြီးနောက် မန္တလေးတိုင်းထဲက နယ်မြေတချို့ MDY PDF လက်လွတ်ဆုံးရှုံး

မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၈ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၂၅


TNLA နဲ့ အပစ်ရပ်ပြီးနောက် မန္တလေးတိုင်းထဲက နယ်မြေတချို့ MDY PDF လက်လွတ်ဆုံးရှုံး 

အောက်တိုဘာ ၂၇-၂၈ ရက်နေ့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေရဲ့ ရလဒ်အဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ် ၃ ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ TNLA ဟာ အာဏာသိမ်းစစ်တပ်နဲ့ အပစ်ရပ်စဲဖို့ ၂ နှစ်အတွင်း ဒုတိယအကြိမ် သဘောတူခဲ့ပါတယ်။ 

အခုလို TNLA နဲ့ စစ်တပ်အကြား ဒုတိယအကြိမ် အပစ်ရပ် သဘောတူညီမှုမှာ နှစ်ဖက်တပ်တွေ ရောက်ရှိတဲ့ နေရာမှာ နေပြီး အပစ်အခတ်ရပ်စဲရမယ်ဆိုတဲ့ သဘောတူညီမှု အပြင် မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကနေ TNLA တပ်တွေ ဆုတ်ခွာပေးရမယ် ဆိုတဲ့ သဘောတူညီမှုလည်း ပါဝင်တာ ဖြစ်ပါတယ်။ 

ယမန်နှစ် ဇူလိုင် သြဂုတ်လတွေအထိ ရှမ်းမြောက်ဒေသရဲ့ နယ်မြေ၊ မြို့တွေ အများအပြား မြောက်ပိုင်းညီနောင် မဟာမိတ်လက်နက်ကိုင် ၃ ဖွဲ့က တခုပြီးတခု သိမ်းယူခဲ့ပြီး TNLA နဲ့ ပူးပေါင်းတပ်တွေက နောင်ချို အလွန် တောင်းခမ်းဒေမှာ စစ်တပ်ရဲ့ ခံစစ်စခန်းနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြသလို MDY PDF အဖွဲ့က မန္တလေးမြို့နဲ့ နီးကပ်နေတဲ့ ပုသိမ်ကြီးမြို့နယ်ထဲက တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်တဲ့ အယ်လ်ဖာ ဘိလပ်မြေစက်ရုံတွေအထိ သိမ်းယူခဲ့သလို အခုရက်ပိုင်းအတွင်း စစ်တပ်က ပြန်လည်တိုက်ခိုက်သိမ်းယူသွားတဲ့ ဆည်တော်ကြီးဒေသလည်း သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

TNLA အနေနဲ့ တောင်းခမ်းခံစစ်မှာ ထိုးစစ်ရှေ့တိုးမှု တန့်သွားခဲ့ရပြီးနောက် လနဲ့ချီကြာတဲ့ ရင်ဆိုင်တိုက်ခိုက်မှုတွေနောက် တောင်ခမ်းကို လက်လွှတ်ကာ နောင်ချိုမြို့က ခုခံခဲ့ပြီးနောက် နောင်ချိုမြို့က နေ ဆုတ်ခွာခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဆက်တိုက်ဆိုသလို ကျောက်မဲ၊ သီပေါမြို့တွေလည်း ဆက်ပြီး လက်လွှတ်ခဲ့ရတဲ့နောက်မှာ အပစ်ရပ် သဘောတူညီမှု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

မန္တလေးတိုင်း နဲ့ ရှမ်းမြောက်နယ်စပ်မှာ အခြေစိုက်ပြီး စစ်ဆင်ရေးတွေမှာ TNLA နဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့သလို ၄င်းတို့ဘာသာ စစ်ဆင်တိုက်ခိုက်ခဲ့တဲ့ MDY PDF အနေနဲ့ ခုနေအခါမှာ အာဏသိမ်းစစ်တပ်ကို ၄င်းတို့ တဖွဲ့ထည်းခုခံတိုက်ခိုက်ရမယ့် အနေအထထား ဖြစ်လာခဲ့တဲ့ သဘောလို့ ဆိုနိုင်ပါတယ်။ 

MDY PDF တပ်ဖွဲ့တွေ အနေနဲ့ အခုအခါမှာ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူး စတဲ့ဒေသတွေမှာ စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေကြရသလို မကြာမီရက်ပိုင်းတွေအတွင်း TNLA ဆုတ်ခွာသွားမယ့် မိုးကုတ်မြို့လိုမျိုးကို ခုခံကာကွယ်ဖို့ ရည်မှန်းချက်လည်း ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ မိုးကုတ်မြို့ဟာ မြန်မာအစိုးရအုပ်ချုပ်ရေး သတ်မှတ်ချက်တွေအရ မန္တလေးတိုင်းထဲ ပါဝင်နေပေမယ့် ရှမ်းမြောက်ရဲ့ ရေမြေနဲ့ ဆက်စပ်နေတဲ့ ဒေသဖြစ်ပြီး မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျဥ်း တို့ကနေ အရှေ့မြောက်ဘက် ယွန်းယွန်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ မိုးမိတ်မြို့က မိုးကုတ်မြို့ထက် မြောက်ဘက်ပိုကျပြီး ရှမ်းမြောက်ထဲ ရောက်ရှိနေတဲ့ အနေအထားဖြစ်ပါတယ်။ 

MDY PDF အဖွဲ့အနေနဲ့ သပိတ်ကျဥ်း၊ မတ္တရာ၊ စဥ့်ကူး၊ မန္တလေး-မြစ်ကြီးနား ကားလမ်းတွေကို အဓိကထား ကာကွယ်မှာလား သို့မဟုတ် ကျောက်မျက်သယံဇာတ ထွက်ရှိတဲ့ မိုးကုတ်လိုမြို့ကို ခုခံကာကွယ်မယ့် စစ်ဆင်ရေးမှာ ပါဝင်မလား ဆိုတာ ရှင်းရှင်းလင်းလင်းတော့ မသိရှိနိုင်သေးပါဘူး။ 

အခုလို MDY PDF တွေ ထိန်းချုပ်ထားတဲ့ ဆည်တော်ကြီးရှိတဲ့ နေရာတဝိုက်ကို အာဏာသိမ်းစစ်တပ်က ပြန်လည် သိမ်းယူနိုင်ခြင်းက ဘယ်လို အကြောင်းခံတွေကြောင့်လဲ၊ စစ်တပ် အနေနဲ့ TNLA နဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ မလိုတော့တဲ့ အချက်ကြောင့် ဒီအင်အားတွေကို အခြားသော နေရာတွေမှာ အားဖြည့် ထိုးစစ်ဆင်နိုင်ခြင်း ကြောင့်လားဆိုတဲ့ ယူဆချက်တွေ လည်းရှိကောင်း ရှိနိုင်ပါတယ်။ 

MDY PDF  အနေနဲ့ မိုးကုတ်မြို့ကို ခုခံကာကွယ်ရေးက လူအများအမြင်အရ၊ စိတ်ဓါတ်ရေးရာ အရ ထင်သာမြင်သာဖြစ်တဲ့ အကြောင်းအရာတခု ဖြစ်ပေမယ့် မိုးကုတ်မြို့လို မန္တလေးတိုင်းရဲ့ အရှေ့မြောက်စွန်း ဒေသကို အာရုံစိုက် ကာကွယ်နေချိန်မှာ ၄င်းတို့ရဲ့ ပင်မဒေသလို့ ဆိုနိုင်မယ့် မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျဥ်းတို့က စခန်းတွေ နယ်မြေတွေကို စစ်တပ်အနေနဲ့ ထိုးစစ်ဆင် သိမ်းယူတာမျိုးတွေလည်း ဖြစ်နိုင်ချေ ရှိနေတာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပူးပေါင်း PDF တပ်တွေ မြို့အများအပြား သိမ်းယူလာနိုင်ခဲ့ပြီး ယခု နှစ်ဆန်းက စလို့ အပစ်ရပ်သဘောတူညီမှု၊ လက်နက်ခဲယမ်း အထောက်အပံ့ လမ်းကြောင်းတွေကို ဖြတ်တောက် တားဆီးခံရမှုနဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့ လေကြောင်း မဟာဗျူဟာ အပြောင်းအလဲတွေက စစ်ရေး ချိန်ခွင်လျှာကို ပြောင်းလဲစေခဲ့တာ တွေ့ရပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့တွေ သိမ်းနိုင်သမျှ သိမ်းယူကာ မဟာဗျူဟာကားလမ်းတွေကို ဖြတ်တောက်တာ ထိန်းချုပ်တာတွေ လုပ်ဆောင်နိုင်ခဲ့ကြပြီး ပျောက်ကြားစစ်ကနေ နေရာယူစစ် အနေအထားမျိုးကို ပြောင်းလဲ စဥ်းစားကာ ကာကွယ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် အကုန်ထိ အာဏာသိမ်းစစ်တပ်ဟာ ၄င်းရဲ့ စစ်အင်အားပြုန်းတီးမှု၊ တိုင်းစစ်ဌာနချုပ်တွေ လက်လွှတ်ဆုံးရှုံးမှုနဲ့ အတူ ဗိုလ်မှူးချုပ် အဆင့်ရှိတဲ့ စကခမှူးတွေ အထိ သုံ့ပန်းအဖြစ် ကျရောက်တာ တိုက်ပွဲမှာ သေဆုံးတဲ့ အဖြစ်တွေကြုံခဲ့ရတဲ့ အရှုံးတွေ ဆက်တိုက်ကြုံခဲ့ရာကနေ ၂၀၂၅ ခုနှစ် အစပိုင်းမှာ အဆိုပါ အခြေအနေတွေကို တန့်သွားစေဖို့ နည်းအမျိုးမျိုးနဲ့ ကျားကန်ခဲ့တာတွေ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ သံတမန်ရေး ၊ လက်နက်နည်းပညာ ဝယ်ယူရရှိမှု၊ တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးစေမှု နဲ့ အတူ စစ်မျက်နှာအသီးသီးမှာ တပြိုင်နက်ထဲ စစ်ရေးရှုံးနိမ့်မှု ကြုံနေရတဲ့ အခြေအနေကနေ လွတ်မြောက်ဖို့ အသက်ရှူခွင့် ရဖို့ ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ လူအင်အားပြုန်းတီးမှုကို စစ်မှုမထမ်းမနေရ ဥပဒေ အသက်သွင်းပြီး ဖြေရှင်းခဲ့သလို တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေ မြို့တွေကို နေ့စဥ် လေကြောင်း တိုက်ခိုက်မှုတွေ နဲ့ မဲတင်းပြီး တဖက် အင်အားစုတွေကို စိတ်ဓါတ်ရေးအရရော ရုပ်ဝတ္တုပိုင်းဆိုင်ရာ အရပါ ဖိအားပေးခဲ့တာ တွေ့ရပါတယ်။ 

အထက်ပါ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းမှုတွေကနေ မြောက်ပိုင်း ညီနောင် ၃ ဖွဲ့ အနက် ၂ ဖွဲ့က အပစ်ရပ်သဘောတူခဲ့တဲ့ အနေအထားရောက်ကာ ရှမ်းမြောက်က မြို့၊ မဟာဗျူဟာ လမ်းမအစိတ်အပိုင်းတချို့ကို ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို အနေအထားမျိုးမှာ အာဏာသိမ်းစစ်တပ်ရဲ့ နယ်မြေပြန်လည် ရယူဖို့ရည်ရွယ်တဲ့ထိုးစစ်ကို ဘယ်လိုခုခံမလဲ ဆိုတာကို MDY PDF အနေနဲ့ မဟာဗျူဟာကျကျ စဥ်းစားဆုံးဖြတ်ရမယ့် အချိန်၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခုချမှရမယ့် နေရာကို ရောက်ရှိနေတယ်လို့ အပြင်ပန်းအနေအထားအရ တွေ့မြင်နေရတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar