မောင်လူမွှေး - လမ်းမှန်အတိုင်း ပြေးကြသူတွေ
မောင်လူမွှေး - လမ်းမှန်အတိုင်း ပြေးကြသူတွေ
မိုးမခ၊ နိုဝင်ဘာ ၉ ၊ ၂၀၂၅
"ဒီနေရာလေးမှာ တသက်လုံးပဲ နေချင်နေရစေတော့။ နောက်ထပ် တစ်နေရာကိုတော့ မပြေးချင်တော့ဘူး" လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးရဲ့ ပြောစကားက မောင်လူမွှေး ရင်ကို ထိခိုက်စေတယ်။ အဲဒီအမျိုးသမီးနေတဲ့ စစ်ရှောင်စခန်းဟာ သက်ကယ်တဲလေးတွေနဲ့ နေကြရတယ်။ အဆင်သင့် ခူးစားစရာ ကန်စွန်းခင်းနဲ့ ချဥ်ပေါင်ခင်းလေးလည်း ရှိတယ်။ ဆီနဲ့ ဆန်ကတော့ "ကံ" ကိုပဲ အားကိုးကြရမယ်။ အလှူရှင် ရှိတဲ့အခါ ဆန်အိတ်ကလေး နည်းနည်းဖောင်းမယ်။ ဆီကလေး နည်းနည်းရွှဲမယ်။ ဒီလိုဘဝနဲ့တင် တသက်လုံး နေချင်နေရပါစေတော့။ ထပ်မပြေးချင်တော့ဘူးတဲ့။
သူတို့ဟာ စစ်အာဏာသိမ်းပြီးနောက် ပျူစောထီးတွေရဲ့ အနိုင်ကျင့်မှုကြောင့် အကြိမ်ကြိမ် ပြေးခဲ့ကြရတယ်။ ပြေးလိုက်။ ရွာကို ပြန်ကပ်လိုက်။ ရှိတဲ့ လယ်ယာလေး လုပ်လိုက်နဲ့။ နောက်ဆုံး ရွာသူရွာသား ခုနစ်ယောက်ကို သတ်ဖြတ်၊ ရွာကို မီးရှို့ဖျက်ဆီးခံရပြီးနောက်ပိုင်းမှာတော့ ရွာကို အပြီးတိုင် စွန့်ခွာခဲ့ကြရတယ်။ ရွာကို စွန့်ခွာခဲ့ကြခါစက ဟိုတစ်စု၊ ဒီတစ်စုနဲ့ ပြန့်ကျဲစစ်ရှောင်ဘဝ။ ခုလို စုစုစည်းစည်းနဲ့ စခန်းကလေးအဖြစ် တည်ထောင်နေကြတာ နှစ်နှစ်ရှိပြီဖြစ်တယ်။ သူတို့ ထပ်မပြေးချင်တော့ဘူးတဲ့။
တကယ်တော့ မောင်လူမွှေး အပါအဝင် ဘယ်သူမှ ကိုယ် နေတဲ့နေရာကနေ မပြေးချင်ကြပါဘူး။ ဒါပေမဲ့ စစ်တပ် စစ်ကြောင်းလာရင်တော့ မောင်လူမွှေးရော၊ မပြေးချင်တော့ဘူးလို့ ညည်းတဲ့ အမျိုးသမီးရော အားလုံးဟာ မလွဲမသွေ ပြေးကြရမှာဖြစ်တယ်။ ပြည်သူတွေကလည်း စစ်ကြောင်းနဲ့တိုးရင် ဘာဖြစ်မယ် ဆိုတာ သိတာရော၊ သူတို့နဲ့ လုံးဝ၊ လုံးဝ မထိတွေ့ မဆက်ဆံလိုတာရောကြောင့် ပြေးကြတယ်။
အခုနောက်ပိုင်း ဖက်ဆစ်စစ်တပ်က စစ်ကြောင်းထိုးတာမှာ သူတို့ ဘီလူးခေါင်းကို မင်းသားခေါင်းစွပ်ပြီး ပြည်သူတွေနဲ့ ဆက်ဆံဖို့ ကြိုးစားလာတာကို သတိထားမိတယ်။ သူတို့စစ်ကြောင်းမှာ တွေ့တဲ့ ပြည်သူအချို့ကို ကျန်းမာရေး စစ်ဆေးပေးတာမျိုး၊ လမ်းစရိတ်ပေးတာမျိုး လုပ်လာတဲ့ သတင်းတွေကိုလည်း ကြားရပါတယ်။ ဒါပေမဲ့ လူမသိသူမသိ သူတို့စစ်ကြောင်းနဲ့ တိုးရင်တော့ ပစ်သတ်တာကို ခံကြရဆဲ ဖြစ်တယ်။ နေအိမ်တွေကို မီးရှို့ဖျက်ဆီးဆဲပဲ ဖြစ်တယ်။ သူတို့ ဘယ်လောက်ပဲ မင်းသား မျက်နှာဖုံးနဲ့ ပြုံးပြ ဆက်ဆံဆက်ဆံ ပြည်သူတွေဟာ သကာဖုံးထားတဲ့ အဆိပ်ကို မမျိုကြပါဘူး။
ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ကလေး တစ်မြို့နယ်လုံးကို စစ်ကြောင်းထိုးတော့ သိန်းချီတဲ့ ပြည်သူတွေဟာ ဘေးလွတ်ရာ ပြေးကြတာကို သတင်းတွေထဲမှာ ဖတ်ရတယ်။ စစ်တပ်ရှိနေသေးရင် သူတို့ဟာ ရွာထဲကို ပြန်မဝင်ကြဘူး။ ပြည်သူတွေ ရွာထဲကိုပြန်ဝင်ရင် စစ်တပ်က လက်ခံမယ်။ ပြည်သူကို ခိုင်းချင်တာခိုင်းပြီး အကာအကွယ်ယူမယ်။ နောက်ဆက်တွဲဆိုးကျိူးတွေကိုသိကြတယ်။ တော်လှန်ရေးအင်အားစုဘက်ရှိတဲ့ နေရာမှာပဲ ခက်ခက်ခဲခဲနေကြတဲ့ ပြည်သူတွေဟာ တာဝန်ကျေပွန်လှတယ်။
ဖက်ဆစ်စစ်တပ်နဲ့ မပတ်သက်ချင်လို့၊ ဖက်ဆစ်စစ်တပ်လက်အောက်မှာ မနေချင်လို့ ပြေးလာကြတဲ့ ပြည်သူတွေ၊ ရှောင်တိမ်းလာကြတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် ကူညီဖေးမကြဖို့က တော်လှန်ရေးဘက်တော်သား အားလုံးရဲ့တာဝန်ဖြစ်ပါတယ်။ ဒီတာဝန်ကို စွမ်းဆောင်နိုင်သူတွေက မညည်းမညူ ထမ်းဆောင်ကြဖို့ လိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဟာ လက်နက်အင်အားချင်း ဘယ်လိုမှ မမျှတဲ့ ဒီအကြမ်းဖက်စစ်တပ်ကို ပြည်သူက ပေးတဲ့ သတ္တိနဲ့ တိုက်ခိုက်လာကြတာ အနေအထားတစ်ခုထိ ရောက်ခဲ့ပြီ။ စစ်တပ်က ဘယ်လောက်ပဲ နာလန်ပြန်ထူဦးတော့ ဘယ်နှကြိမ် ထူနိုင်မှာလဲ။ ပြည်သူတွေ လမ်းမှန်ကို ပြေးနေ၍ စစ်တပ်ဟာ ကျရှုံးရမှာ သေချာတယ်။ ဒါကြောင့် လမ်းမှန်အတိုင်း ပြေးကြတဲ့ ပြည်သူတွေကို ပြည်သူအချင်းချင်းက တတ်နိုင်သမျှ ဝိုင်းဝန်းကူညီကြပါလို့ မောင်လူမွှေး တိုက်တွန်းလိုက်ပါရစေ။ လမ်းမှန်ကို ပြေးကြသူတွေများလို့ ပန်းတိုင်ကို သေချာပေါက် ရောက်မယ်လို့လည်း မောင်လူမွှေး ယုံကြည်လျက်ပါခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar