ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခြေနန်းတော်
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခြေနန်းတော်
မိုးမခ ၊ ဒီဇင်ဘာ ၇ ၊ ၂၀၂၅
လပခတိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်က ဈေးထဲမှာ ဒေါက်တာတေဇာဆန်း လှမ်းသွားသမျှ ခြေလှမ်းတိုင်းကို ဘယ်သူမှ ဖြတ်နင်းလို့မရအောင် ရာဇမတ်ကာပြီး ထိန်းသိမ်းဖို့ စည်ပင်ကို အမိန့်ပေးတော့ မန်းစည်ပင်လဲ မဆီမဆိုင် ဆိုင်ခန်းတွေ ချိုင်ရတော့တာပ။
ခု တိုင်းမှူးက ဒေါက်တာတေဇာဆန်း လှမ်းခဲ့သမျှ ခြေရာတွေ လာလာနမ်းသတဲ့။ အမူးအမော်လဲပျောက် အကြောက်အရွံ့လဲ လျော့ဆိုကိုး။ စစ်ရေးရှုံးလိုက် အပေါ်ကဟောက်လိုက်၊ ကြောက်လိုက်တာဆိုပြီး ရောက်ရောက်လာ ခြေရာတွေ လိုက်လိုက်နမ်းတော့တာ။ အကြောက်တရားလေးစင် သတ္တိလေး နည်းနည်းဝင်လိုဝင်ငြား ဒေါက်တေဓာတ် ယူတာဆိုကဘဲ။
ကေတုမတီလေတပ်စခန်းဌာနချုပ်ကကောင်လဲ ဒရုန်းနဲ့အုံးခံရတော့ ဒေါက်တေခြေရာလာယူပြန်သတဲ့။ သူတို့ဆို မအလကို တုန်နေအောင်ကြောက်ရတာကိုး။ ခု ဒရုန်းချခံရတဲ့ကိစ္စ ဖိထောင်းခံရမှာကြောက်လို့ ရှုတည်တည် ပြန်ကြည့်ရဲလိုကြည့်ရဲငြား သတ္တိပွားဖို့ ခြေရာလာယူရှာတာပေါ့လေ။
မောတောင် ပါသွားတဲ့ ကမ်းရိုးတန်းတိုင်းမှူးလဲ မကြောက်ခြေရာ လာရှူမှာတဲ့။ သူရို့ခမျာ တသက်လုံးမော့မကြည့်ရဲ ဆိုဆဲသမျှခံ ပြန်ပြောဖို့ဝေး သွေးပျက်လုမတတ်ကြောက် ဒူးထောက်ခစား ပါးနားရိုက်လဲ ငိုက်စိုက်ငုံ့တိတ် ဖင်ပိတ်ကန်လဲ လှန်မကြည့်ဝံ့ တွန့်ဆုတ်ကြောက်ရွံ့ သဘောက်ငဆွံ့ကောင်တွေမဟုတ်လား။
နမခတိုင်းမှူးကတော့ နမ်းရုံရှူရုံတောင်မဟုတ်၊ အဖေ့ခြေရာလိုမျိုး ကိုတေ့ခြေရာဆိုပြီး ကိုးကွယ်ဖို့ထိလုပ်မယ်ပြောကာ ပုံစံယူပြန်သွားပြီ။ အင်းလေ သူ့ခမျာ အရင်တိုင်းမှူးပြုတ်သွားတာ အလတ်ကြီးရှိသေးတာ မဟုတ်လား။ မအလက စာကလေးအမွေးနုတ်သလို တဖြုတ်ထဲဖြုတ်နေတာဆိုတော့ တုပ်တုပ်မှမလှုပ်ဝံ့။ ဘယ်ဘုရား တလို့မှ ကြောက်စိတ်မပြေတော့ ဒေါက်တေခြေရာ လာ မ-ရတော့တာပလေ။ ဒေါက်တေတို့ကျ မအလကို ဘာ့လို့ မကြောက်လို့ မကြောက်မှန်း မသိ၊ ရှိတယ်လို့ကိုမအောက်မေ့။ မအလကိုယ်တိုင်ကိုက ဒေါက်တာတေဇာဆန်း ဆန္ဒပြသံကြားရင် ငှက်ဖျားတက်သလို တုန်တက်လာတာဆိုဘဲ။ အင်း မအလတောင် သန်းရွှေ မကြောက်၊ ဆန်းတေ ကြောက်ဆိုတော့ ကိုးကွယ်မယ်ဆို ကိုးကွယ်ပြီပေါ့လေ။
စစ်သားတွေအားလုံးလည်း ဒါပဲ စဉ်းစားနေကြတာတဲ့။ သူတို့ကျ မကြောက်တတ်လို့ စစ်သားလုပ်တယ်ပြောပြီး ဘာ့လို့များ အဲ့ဂလောက် ကြောက်ကြပါလိမ့်၊ အရပ်သားတွေကကျ ဘာ့လို့များ သူတို့စစ်ခေါင်းဆောင်တွေကို တစက်ကလေးမှ မကြောက်ကြပါလိမ့်နော်ဆိုပြီး စဉ်းစားနေကြတာတဲ့။ စဉ်းစားလည်း အဖြေမရ၊ အချင်းချင်းမေးလည်း အဖြေမလာဆိုတော့ ခြေရာသာ သွားယူကြစို့ဆိုပြီး သူ့ထက်ငါဦး ခြေရာထူးကြီးလာလာယူကြ ရှူကြ နမ်းကြ၊ တချို့တိုင်းမှူး တပ်မမှူးများဆို လက်ျာရစ်ပတ် သပြေခက်တွေ တဖျပ်ဖျပ်နဲ့ နတ်ပူးသလိုတုန်လာ ခုန်လာတဲ့အထိ ဓာတ်ချူ၊ အတုန်အခုန်ရပ်သွားကာမှ ကြောက်စိတ်ကွာပြီဆိုပြီး ဓာတ်ယူပြန်ကြတာ။ တချို့ကတော့ အိမ်ရောက်မှ ဒေါက်တေခြေရာကို အခန်းသတ်သတ်ထား၊ လက်သီးမြှောက် အာခေါင်ခြစ်အော် ကြွေးကြော်နေတဲ့ ဒေါက်တေပုံဗီနိုင်းကြီး ခန်းလုံးပြည့်ချိပ်ထားပြီး လူကြီးနဲ့ သွားတွေ့ရမယ်ဆိုတိုင်း ဖုန်းအားသွင်းသလြိ အားဝင်ဝင်သွင်းသတဲ့။ လုပ်ရှာမှာပေါ့လေ၊ အလကားနေရင်း ဖင်ကြောစိမ့်အောင် ကြောက်နေကြရတာကိုး။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ အကြောက်တရားမှ လွတ်မြောက်ရေးဆိုတာ ခံစားတတ်လာကြပြီ မဟုတ်လား။
၃၃ တပ်မမှူးကောင်ဆို ဖင်ဘူးတောင်းထောင် ရှိခိုးသတဲ့။ သူ့ကျ ကျားနာတိုင်းမှူးပါ ကြောက်ရတာကိုး။ ဟိုကောင်က ဘယ်မှာ ဘာ့လို့ ရှုံးရှုံး သူ့ချည်းပုံချတာလေ။ အဲတော့ ပြန်ခံပြောဖို့၊ နင်လည်း သောက်သုံးမကျလို့ စစ်ကြောင်းတွေ ဂန့်တာ ငါတင်မဟုတ်ဆိုပြီး ပြန်အုပ်ရဲဖို့ လိုပြီမဟုတ်လား။ ဗျူဟာတွေ ချူချာတယ်ဆိုပြီး အတီးမခံရဖို့ ဗျူဟာမှူးတွေလည်း အရူးအမူးလာနေကြပြီတဲ့။ သူတို့ချည်း လှိမ့်ပိမ့်အထောင်းခံနေရ၊ ရာထူးချခံနေရတာလေ။ AA ဆော်နေတဲ့နေရာမှန်သမျှ စစ်တပ်အမှုန့်ချေခံရတိုင်း သူတို့လဲ အကျေထောင်းခံရ၊ တောင်းပန်ရ၊ မိန်းမတွေက တိုင်းမှူးကတော်တွေဆီ လက်ဆောင်ပဏ္ဏာဆက် လက်အုပ်ချီရ၊ အထက်အရာရှိမြင်တိုင်း အမြှီးနှန့်ရနဲ့ ဟိုကောင် ဖင်ယားပြီး အာဏာသိမ်းသမျှဒဏ် အောက်လက်ငယ်သားချည်း ဆီမဆွတ်ပဲ ခံနေရတာ ဆက် မခံစားနိုင်တော့ဘူးလေ။
ပုသိမ်တိုင်းမှူးလည်း လှေတတန် ကားတတန်နဲ့ မန်းရောက်လာ၊ မြစ်ကြီးနားတိုင်းမှူးလည်း သစ်ဖောင်နဲ့ မြစ်ဧရာတကြော မျှောဆင်းလာ၊ တောင်ပေါ်တိုင်းတွေလည်း ကဆုန်ဆိုင်းလာ၊ မန်းတိုင်းမှူးရဲ့ "မကြောက်ယတြာ ဓာတ်တေဇာ" နည်းက ဖဘတခွင် ပြဲပြဲစင်၊ တစ်တော့တလွှား တဖွားဖွားဖြစ်သွားပြီး မအလအောက် ဒူးထောက်ရတဲ့ကောင်မှန်သမျှ၊ နောက်ဆုံး စိုးဝင်းကစ မနှေးအမြန် အပြေးသန်ကြတော့ရာ ရာထူးနိမ့် ကြောက်ရသူတွေမှာ မကြောက်ယတြာအတွက် ကြောက်ပြီး နောက်ဆုတ်ပေးနေကြရ အလှည့်မကျနိုင်ဖြစ်နေကြချိန်။
ဈေးချိုတခွင်မှာ ကစထမှူး တိုင်းမှူး တပ်မမှူး ဗျူဟာမှူးကစ မှူးပါသူမှန်သမျှ ကိုယ်ရံတော်တပ်တွေနဲ့ ကြိတ်ကြိတ်တိုး၊ ကတော်တွေကလဲ ရံရွှေတော်တသိုက်နဲ့ ဇရက်သိုက် ကြွက်နှိုက်သလိုညံပွက် လျှံတက်၊ အဲသမှာ ခံခက်နေတာက သရေကြိုးမိသားစု။ မကြာခင် တပ်မတော်တခုလုံး တေဇာဆန်းဓာတ်ဝင်ပြီး ဖြတ်ကင်မှာ ကြောက်လာကြပြီလေ။ ဖြတ်ကင်ရုံမက လျှပ်စစ်ထိုင်ခုံမှာပါ အတင်ခံရနိုင်ကိန်းဆိုတော့ တဖိန်းဖိန်း တရှိန်းရှိန်းနဲ့ တွေးလေ ကြောက်လေ ကြောက်မပြေ၊ အရေခွံတွေပါ ကြွရွလာသလို ဖြစ်လာကြလို့ မိသားစုခေါင်းချင်းဆိုင်ကြရပြီ။ ခြေရာရှူပြီးတာနဲ့ တချို့ဆို မာန်တက် ပြန်ပက်တာတွေ လုပ်လာပြီလို့ ကျော်စွာလင်းဆီကလည်း သတင်းတက်လာပြီ။ သူတို့နဲ့စီးပွားဖြစ်နေတဲ့ကောင်တွေကလဲ ခြေရာနမ်းပြီးသူတွေက ငွေရှာစမ်း၊ မင်းတို့ ငွေရှာစမ်း၊ မင်းတို့ရှာထားသမျှ ဒို့သိမ်းမှာလို့ ကြိမ်းလာကြတယ်ဆိုပြီး အောင်ပြည့်စုံဆီ ဖုန်းဆက်လာပြီဆိုတော့ ငပုမင်းအောင်လှိုင်လဲ လအုတင်းအောင်ကိုင်လို့
" ငါကိုယ်တော်ပုတ် အမိန့်တော်ထုတ်သည်၊ ဒေါက်တာတေဇာဆန်း ခြေရာအစစ်မှန်သမျှ ပုံမပျက် ငါကိုယ်တော့်လက်ရောက် မနက်ဖန်မနက်နောက်ဆုံးထားဆက်သရမည်၊ ငါကိုယ်တော်ဝတ်ပြုဖို့ ခြေနန်းတော်အဆောင် တပါတည်း ဆောက်လုပ်ပေးရမည်၊ အမိန့်တော်" ဆိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ အမိန့်အော်ထုတ်လိုက်လေသတည်း။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar