ပြည်တွင်းစစ်နဲ့ မြန်မာ့စီးပွားရေး၊ ဒုက္ခတွေကြားထဲက မြန်မာနိုင်ငံ လူထုရဲ့ ဘဝ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၆ မြင်ကွင်း
ဒီဇင်ဘာ ၇၊ ၂၀၂၅
ပြည်တွင်းစစ်နဲ့ မြန်မာ့စီးပွားရေး၊ ဒုက္ခတွေကြားထဲက မြန်မာနိုင်ငံ လူထုရဲ့ ဘဝ
မြန်မာနိုင်ငံစီးပွားရေး အခြေအနေ လူနေမှုစရိတ်၊ ဆင်းရဲမှု၊ ငတ်မွတ်မှု စတဲ့ အကြောင်းအရာတွေက နိုင်ငံရေး အဖြစ်အပျက်တွေလောက် လူစိတ်ဝင်စားမှုမရှိကြပါဘူး။ စစ်ပွဲ အောင်နိုင်မှု၊ ရှုံးနိမ့်မှု၊ နယ်မြေသိမ်းပိုက်နိုင်မှု၊ လက်လွှတ်ဆုံးရှုံးမှုသတင်းတွေက ပိုမိုစိတ်ဝင်စားလေ့ရှိတာ တွေ့ကြရပါတယ်။ တိုက်ပွဲတွေမှာ လူ့အသက်ဆုံးရှုံးမှုတွေ ရေတွက်ဖော်ပြတာတွေ၊ ရန်သူဘက်ရဲ့ သေဆုံးမှုတွေကို ခန့်မှန်းဖေါ်ပြတာတွေ၊ နှစ်ဖက်တိုက်ပွဲတွေကြား ထိုးစစ်၊ လေကြောင်း တိုက်ခိုက်မှုတွေအကြား အသက်ဆုံးရှုံးကြရတဲ့ လူ့အသက်တွေ ရေတွက်ဖော်ပြကြတဲ့ သတင်းတွေက နေ့စဥ်သတင်းစာမျက်နှာတွေရဲ့ ထိပ်ဆုံးနေရာတွေမှာ နေရာယူထားကြတာ တွေ့ရပါတယ်။
အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာရမှု သတင်းတွေက လူတွေရဲ့ စိတ်ခံစားမှုကို ဆွဲဆောင်နိုင်သလိုပဲ စစ်ရေးအောင်မြင်မှု၊ ရှုံးနိမ့်မှု သတင်းတွေကလည်း လူတွေရဲ့ စိတ်ခံစားမှုတွေကို နှိုးဆွနိုင်ကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ဒီလို ဖြစ်ရပ်တွေနဲ့ တပြိုင်နက်တည်းမှာပဲ ပြည်တွင်းစစ်ပွဲအခြေအနေတွေအောက်မှာ ငွေကြေး ရှာဖွေနေကြတဲ့ အစွမ်းကုန် သယံဇာတ ထုတ်ယူတာ၊ လူသုံးကုန်၊ စားသောက်ကုန် သယ်ဆောင်မှု၊ ဖြတ်သန်းသွားလာမှုတွေအပေါ် အခွန်ကောက်ခံတာတွေ စတဲ့ ဖြစ်စဥ်တွေကလည် ဖြစ်ပွားနေတာ ဖြစ်ပြီး ဒီလိုဖြစ်စဥ်တွေ ဖြစ်ရပ်တွေဟာ ပုံမှန်အခြေအနေမျိုးမှာ တွေ့ရမယ့် အရာမျိုးတွေ မဟုတ်ဘဲ ခုလို ပြည်တွင်းစစ်ကာလအတွင်း ဥပဒေ၊ စည်းမျဥ်းစည်းကမ်း စတာတွေ အားလုံး ပစ်ပယ်ထားလို့ရတဲ့ အခြေအနေမျိုးမှာသာ တွေ့မြင်နိုင်ကြတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။
ဒီလို သယံဇာတ အလွန်အကျွံထုတ်ယူမှုတွေ၊ စည်းမျဥ်းသတ်မှတ်ချက် မရှိတဲ့ အခွန်အကောက် ကောက်ခံမှုတွေက တိုက်ပွဲတွေကို ဆက်လက်ရင်ဆိုင် တိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့ ငွေကြေးရရှိဖို့ လုပ်ဆောင်ကြရတာ ဖြစ်ပြီး ဒီလိုကာလမှာတော့ ဘယ်အဖွဲ့အစည်း ဘယ်ပုဂ္ဂိုလ်ကမှ ဥပဒေနဲ့ ညီဖို့ ကြိုးကြောင်းဆီလျော်ဖို့ အနာဂတ် အကျိုးဆက်တွေကို ထည့်သွင်းစဥ်းစားပြီးချင့်ချင့်ချိန်ချိန် လုပ်ဆောင်ဖို့ ထိန်းကြောင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေက လက်နက်ကိုင်ထားတဲ့ အဖွဲ့အသီးသီးက စစ်ပွဲအတွက်၊ စစ်ပွဲမှာ ပါဝင်နေတဲ့အဖွဲ့အစည်းတွေ လက်နက်ကိုင်သူတွေ အတွက် ငွေကြေးရှာဖွေနေကြတဲ့ ဖြစ်စဥ်တွေ ဖြစ်ပါတယ်။
ဒါတွေက စစ်ပွဲတွေအတွက် ရန်ပုံငွေရှာဖွေကြတဲ့ ဖြစ်စဥ်၊ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။ ပြည်သူလူထု အနေနဲ့တော့ စစ်ပွဲတွေရဲ့ လက်နက်ဘေးအန္တရာယ်က လွတ်မြောက်ဖို့ ကြိုးစား တိမ်းရှောင်နေထိုင်ရင်း တဖက်မှာ အသက်ရှင်သန်ဖို့ စားရေး၊ အမိုးအကာနဲ့ နေထိုင်နိုင်ရေး၊ နာဖျားမကျန်းဖြစ်ခဲ့ရင် ကျန်းမာရေးကုသမှု ခံယူနိုင်ဖို့ စတဲ့ အခြေအနေတွေ ရယူနိုင်အောင် အသည်းအသန် ကြိုးစားနေကြရတာ ဖြစ်ပါတယ်။
အဲလို ကြိုးစားနေသည့်တိုင် နေရေး၊ ကျန်းမာရေး မဆိုထားဘဲ စားသောက်ဖို့ ရိက္ခာပင် မလုံလောက်တဲ့ အခြေအနေ ရင်ဆိုင်ကြုံတွေ့နေရသူ သိန်း၊ သန်းနဲ့ချီ ရှိနေကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်းကောက်ယူမှုတွေအရ နေအိမ်မှ ထွက်ပြေးတိမ်းရှောင်သူ ၄ သန်းနီးပါး ရှိကာ လူဦးရေရဲ့ ၅၀ ရာနှုန်းကျော်ဟာ ဆင်းရဲမွဲတေမှုမျဥ်းရဲ့ အောက်မှာ ရှိနေကြတယ်လို့ ယမန်နှစ်က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေက ဖေါ်ပြထားပါတယ်။ ၂၀၁၇ ခုနှစ်ကနဲ့ နှိုင်းယှဥ်ရင် ဆင်းရဲမွဲတေမှု မျဥ်းအောက်ရောက်ရှိသူ ၂ ဆ တိုးလာတဲ့ သဘောလို့လည်း ဆိုထားပါတယ်။ အခုလို ဆင်းရဲမွဲတေမှု မျဥ်းအောက်ကို ၂ ဆတိုးလာတဲ့ အဓိက အကြောင်းရင်းက စစ်ပွဲတွေ ဖြစ်ပွားလာပြီး စိုက်ပျိုးထုတ်လုပ်မှု၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကုန်သွယ်မှုတွေအပေါ် ထိခိုက်ကာ ကုန်သွယ်ရောင်းဝယ်မှုတွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး စစ်ပွဲတွေအတွက် အဓမ္မ စစ်သားစုဆောင်းမှုတွေ နဲ့ နိုင်ငံထဲက အလုပ်လုပ်နိုင်တဲ့ လူငယ်လူလတ်ပိုင်းတွေ အိမ်နီးချင်းနိုင်ငံနဲ့ ပြည်ပကို ထွက်ခွာကုန်ကြတဲ့ အချက်တွေကလည်း စီးပွားရေးကို ထိခိုက်စေတဲ့ အကြောင်းအချက်တွေ ဖြစ်ပါတယ်။
ဆင်းရဲမှု အဆိုးဆုံးရင်ဆိုင်နေကြရတဲ့ ပြည်နယ်/ တိုင်းတွေလို့ဆိုရင် ရခိုင်၊ ချင်းပြည်နယ်တို့က ထိပ်ဆုံးမှာ ရှိနေမယ့်သဘော ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာ AA နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေပြန်လည်ဖြစ်ပွားလာပြီးနောက် ကုန်စည်တင်ပို့မှု ပိတ်ဆို့ခံရတဲ့ ရခိုင်ပြည်နယ်ဟာ ဆင်းရဲမှုဒဏ်ကို အဆိုးဆုံးခံစားနေရတဲ့ ဒေသတခု ဖြစ်လာခဲ့ပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ နေထိုင်နေကြတဲ့သူတွေ အနေနဲ့ ရိက္ခာ၊ လူသုံးကုန်ပစ္စည်းတွေကို ကန့်သတ်ဝယ်ယူရတဲ့ အနေအထားဖြစ်ပြီး တမြို့နဲ့ တမြို့ စိုက်ပျိုးထုတ်ကုန်တွေလည်း သယ်ယူရောင်းချခြင်း မလုပ်နိုင်တဲ့ အနေအထားကြောင့် ဝင်ငွေက အနိမ့်ဆုံး ဖြစ်နေချိန် ကုန်ပစ္စည်းဈေးနှုန်းက အမြင့်ဆုံးနဲ့ ဝယ်ယူသုံးစွဲနေကြရတဲ့ အခြေအနေ ဖြစ်သလို AA ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်တဲ့ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း စတဲ့ ဒေသတွေမှာလည်း အိန္ဒိယနိုင်ငံဘက်က တင်သွင်းလာတဲ့ စားသောက်ကုန်၊ လူသုံးကုန်တွေကို ဝယ်ယူသုံးစွဲနေရတာကြောင့် မြင့်မားတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အချို့သော ဒေသတွေမှာ တောင်းရမ်းစားသောက်နေရတဲ့ အနေအထားထိ ရောက်ရှိလာနေပြီး အသက်ရှင်သန်ရေးအတွက် ခက်ခဲစွာ ရုန်းကန်နေထိုင်ကြရတဲ့ အနေအထား၊ လူသားဂုဏ်သိက္ခာကိုပင်လျှင် ငဲ့ကွက်ခြင်း မပြုနိုင်တော့ပဲ တောင်းရမ်းစားသောက်ကာ အသက်ရှင်ဖို့ ကြိုးစားနေကြရတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်လောက် ဆင်းရဲမွဲတေခြင်း မရှိသည့်တိုင် မြန်မာနိုင်ငံရဲ့ အခြားသော ဒေသတွေဖြစ်တဲ့ ချင်း၊ ကရင်နီ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း စတဲ့ ဒေသက ကျေးရွာတွေ စစ်ဘေးနဲ့ အငတ်ဘေးကို တပြိုင်နက်ထဲ ရင်ဆိုင်ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာလည်း ဆင်းရဲမှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေကြရတဲ့သူတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။ လက်ဖက်ရည် တခွက်ကို ကျပ်ထောင်ဂဏန်းနဲ့ ချီဖြစ်နေချိန် တရက်အနိမ့်ဆုံး လုပ်အားခက ကျပ် ၆၈၀၀ သာရှိနေတာ ဖြစ်ပါတယ်။ ခုနှစ်ထဲမှာ တရားမဝင်ကုန်စည်တိုက်ဖျက်ရေး ဆိုတဲ့ စီမံချက်နဲ့ နယ်စပ်ကုန်သွယ်ရေးက ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို ဖမ်းဆီးတာ၊ နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်ထားတာတွေကြောင့်လည်း ပြည်တွင်းမှာ ပြည်ပတင်သွင်းမှုကို အားထားနေရတဲ့ စားသုံးဆီလို ဆပ်ပြာ၊ ဆေးဝါး လူသုံးကုန်ပစ္စည်းတွေ အဆမတန် စျေးနှုန်းတက်တာ သို့မဟုတ် ဝယ်မရတော့တဲ့ ပြဿနာမျိုးနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
တရုတ်နယ်စပ်ကုန်သွယ်ရေးလည်း ကောင်းမွန်စွာ မလည်ပတ်နိုင် ပြည်တွင်းထုတ်ကုန်တွေ မပို့နိုင်သလို ပြည်ပကုန်ပစ္စည်းတွေလည်း မတင်သွင်းနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ယခင် တရုတ်နယ်စပ်က တင်ပို့နေတဲ့ ဆန်ကြမ်းတွေ မတင်ပို့နိုင်ခြင်းကြောင့် စပါးစိုက်ပျိုးသူတွေ ဈေးမရ အရှုံးပေါ်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြရသလို၊ ပြောင်းဖူးစိုက်ပျိုးတဲ့ တောင်သူတွေလည်း တရုတ်၊ ထိုင်းနိုင်ငံတို့ကို ပို့ဆောင်ရောင်းချဖို့ အခက်အခဲတွေ၊ တားမြစ် ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
ဆန်ကြမ်းဈေးက ကျဆင်းနေချိန် လူလတ်တန်းစား ဝယ်ယူစားသုံးလေ့ရှိတဲ့ ပေါ်ဆန်းမွှေးလို ဆန်အမျိုးအစားရဲ့ ဈေးနှုန်းကတော့ မြင့်တက်နေတာ ဖြစ်ပါတယ်။ နယ်စပ်ကတဆင့် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ရှားပါးလာချိန် ပြည်တွင်းဖြစ် ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေလည်း မတည်ငြိမ်တော့တဲ့ အနေအထားဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးကို တင်းကျပ်စွာ ကိုင်တွယ်ပိတ်ဆို့လိုက်တဲ့ အကျိုးဆက်ကြောင့် ပြည်ပက တင်သွင်းတဲ့ ကုန်စည်တွေ ဈေးမြင့်တက်နေချိန် ကျပ်ငွေတန်ဖိုးက ခါတိုင်းနှစ်လို ဆိုးရွားစွာကျဆင်းတာ လှုပ်ခတ်တာ မတွေ့ရတော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ မြန်မာငွေ တန်ဖိုးထပ်မကျဆင်းတဲ့ လက္ခဏာက တခုတည်းကွက်ကြည့်ရင် ကောင်းပေမယ့် တဖက်မှာ ဝယ်ယူစားသုံးရတဲ့ အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းက မြင့်တက်နေတာ ဖြစ်ပါတယ်။
အခုလို နိုင်ငံတွင်းက ပြည်သူလူထုအနေနဲ့ ခက်ခဲကျပ်တည်းစွာ အသက်ရှင်သန်နေနိုင်ရေးကို ခက်ခဲစွာ ကြိုးပမ်းနေချိန် ခေတ်ပျက်မှာ ချမ်းသာကြွယ်ဝသူတွေ၊ ချောင်လည်သူတွေလည်း အနည်းငယ်မျှသော ရာခိုင်နှုန်းအရ ရှိနေကြပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ အချို့သောမြို့ကြီးတွေမှာ ကလပ်တွေ၊ ဈေးကြီးတဲ့ စားသောက်ဆိုင်၊ ဘားတွေမှာ နေ့စဥ် သုံးဖြုန်းနေနိုင်တဲ့ အလွှာတချို့လည်း ရှိနေကြတာ ဖြစ်ပါတယ်။
ခေတ်အပျက်မှာ အခွင့်အလမ်းအမျိုးမျိုး ရရှိကြတဲ့ လူတွေရဲ့ ဒုက္ခကို ငွေကြေးနဲ့ လဲလှယ်ရယူကြတဲ့ သူတွေအဖို့ အခုလို ပြည်တွင်းစစ်မီး အရှိန်မြင့်နေချိန်က ၄င်းတို့အတွက် အခွင့်အလမ်းကာလသဖွယ် ဖြစ်လာနေကြတာပါ။ စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်ပြီး ငွေ သိန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ တောင်းပြီးပြန်လွှတ်ပေးတာမျိုး၊ အာဏာသိမ်းစစ်တပ်အတွက် လက်နက်ခဲယမ်းတွေကို ပြည်ပကနေ နည်းအမျိုးမျိုးနဲ့ ဝယ်ယူ တင်သွင်းပေးတဲ့ ခရိုနီတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလောက်အောင် အလွန်အကျွံထုတ်ယူတဲ့ သယံဇာတတွေနဲ့ ချမ်းသာကြွယ်ဝလာသူတွေ စသဖြင့် ခေတ်ပျက်၊ တိုင်းပြည်အပျက်မှာ အခွင့်အလမ်းအဖြစ် အသုံးချသူတွေ လက်တဆုပ်စာ အရေအတွက် နဲ့ ရှိနေကြတာ ဖြစ်ပါတယ်။
တဖက်မှာ တောင်းရမ်းစားသောက်နေတဲ့ ပြည်သူလူထုနဲ့ အခြားတဖက်မှာ ငွေကျပ် သိန်းသောင်းချီ ချမ်းသာကြွယ်ဝသွားကြတဲ့ ခေတ်ပျက် ခရိုနီ၊ အခွင့်အရေးသမားတွေလည်း ရှိနေကြတဲ့အဖြစ်က နိုင်ငံရဲ့ ကံကြမ္မာသရော်မှုလို့ ဆိုရမလားလို့တောင် မှတ်ယူမိပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar