စစ်ကော်မရှင်ရဲ့ ဘလိုင်းစပေါ့က ဘာဖြစ်မလဲ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၁၄ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၁၅ ၊ ၂၀၂၅
စစ်ကော်မရှင်ရဲ့ ဘလိုင်းစပေါ့က ဘာဖြစ်မလဲ
ဒီဇင်ဘာ ၁၄ မနက်ခင်းမှာ အာဏာသိမ်းစစ်တပ်က အွန်လိုင်းလိမ်လည်မှုအမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့က မြန်မာ့အသံအဆောက်အအုံမှာ ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်းစစ်တပ်က အဓိကပြောချင်တာက -အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကို ခွင့်ပြုထားခြင်း၊ လက်ခံထားခြင်းမရှိသလို နှိမ်နင်းရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်လို့ အထပ်ထပ် ပြောကြားတာပဲ ဖြစ်ပါတယ်။ အွန်လိုင်းလိမ်လည်လှည့်ဖြားခြင်း လုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများ၊ ငွေမည်းခဝါချသည့် လုပ်ငန်းများ၊ လူမှောင်ခို လူကုန်ကူးသည့်လုပ်ငန်းများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းများနဲ့ လက်နက်ကိုင်ပြီး ရာဇဝတ်ဂိုဏ်းများကို ကာကွယ်ပေးသည့်လုပ်ငန်းများအားလုံးကို ၎င်းတို့စစ်တပ်နဲ့ သက်ဆိုင်ခြင်း မရှိဘူးလို့ ငြင်းဆိုတာ ဖြစ်ပေမယ့် သည်အရေးကိစ္စတွေအားလုံးကို သူတို့ ဟိုးအရင်ကတည်းက သိရှိထားပေးမယ့် မနှိမ်နှင်းခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒ့ါအပြင် - Scam Center များမှရရှိသော တရားမဝင်ငွေကြေးများသည် နယ်စပ်ဒေသရှိ တရားမဝင် ကုန်ပစ္စည်းများကို ဝယ်ယူရန်အတွက် အသုံးပြုကြောင်း၊ အဆိုပါတရားမဝင်ပစ္စည်းများကို နယ်စပ်ဖြတ်ကျော်ရောင်းချခြင်းဖြင့် တရားဝင်ပုံစံဆောင်သောဝင်ငွေအဖြစ်သို့ ပြောင်းလဲပစ်ကြောင်း၊ Scam Center များလည်ပတ်ရန်အတွက် လိုအပ်သည့်စက်ပစ္စည်းများ၊ အစားအသောက်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများကို တရားမဝင်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အခွန်ရှောင်၍ သယ်ယူပို့ဆောင်ကြောင်း၊ Scam Center များ လည်ပတ်ရန်အတွက် လိုအပ်သည့် ဝန်ထမ်းအင်အားကို တရားမဝင်နယ်စပ်လမ်းကြောင်း များမှတစ်ဆင့် လူကုန်ကူးခြင်းဖြင့် ရရှိနေခြင်းဖြစ်ကြောင်း ပြောကြားလိုက်တာမို့ -
မြန်မာစစ်တပ်၏ အာဏာသိမ်းကာလတ လျောက်လုံးက ကုန်သွယ်စီးပွာရေး ရောင်းဝယ်ရေးတွေလည်ပတ်နေတာတွေမှာ Scam Center တွေက ငွေကြေးတွေ၏ အထောက်အကူ ရရှိခဲ့တယ်ဆိုတာကို သွယ်ဝိုက်ဝန်ခံလိုက်ရာလည်း ရောက်သွားပါတယ်။
မြန်မာစစ်တပ်ဟာ ၎င်းတို့ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပရန် ဖိအားပေးပြီး တွန်းတိုက်ဆောင်ရွက်နေပေမယ့် တဖက်ကလည်း အွန်လိုင်းငွေလိမ် လူကုန်ကူး ရာဇဝတ်ဂိုဏ်းအရေးကို ရင်ဆိုင်နေရတာအပြင် ၎င်းတို့ကိုယ်တိုင်က လေကြောင်းစစ်အင်အားကို အလွန်အကျုးသုံးစွဲပြီး ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသတွေ တော်လှန်ရေးအင်အားစုတွေ အခြေစိုက်ထားတဲ့ အရပ်ဒေသတွေက လူနေအိမ်ခြေတွေ ဆေးရုံတွေ စာသင်ကျောင်းတွေကို တိုးမြှင့် တိုက်ခိုက်နေတာမို့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျုးလွန်နေတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ နိုင်ငံတကာက စစ်တပ်၏ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတာကို ကန့်ကွက်ရှုတ်ချနေကြပြီး သည်လို အခြေအနေတွေကနေ ကျင်းပဖို့ ကြိုးစားနေတဲ့ စစ်တပ်စိတ်တိုင်းကျ ရွေးကောက်ပွဲဟာ တရားဝင်အသိအမှတ်ပြုဖို့ မဖြစ်နိုင်ဘူးလို့လည်း ဝေဖန်မှုတွေကို ရင်ဆိုင်နေရပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ မြန်မာစစ်ခေါင်းဆောင်တွေကတော့ သူတို့ဘက်က ရပ်တည်ပေးမယ့် အိမ်နီးချင်းနိုင်ငံတွေထဲက တရုတ်၊ အိန္ဒိယအပြင် အာဆီယံနိုင်ငံတွေထဲက အချို့သော နိုင်ငံတွေ၏ နှုတ်ဆိတ်နေမှုတွေကို အခွင့်ကောင်းယူပြီး ရှေ့ဆက်တိုးဖို့ ဆက်ကြိုးစားနေမှာပဲလို့ အကဲခတ်တွေက မှတ်ချက်ပေးပါတယ်။ နိုင်ငံတကာ၏ စစ်ရေး နိုင်ငံရေး စီးပွားရေး အခင်းအကျင်းတွေမှာ ပထဝီဒေသအလိုက် အင်အားကြီးနိုင်ငံတွေက ဗိုလ်ကျစိုးမိုးမှုတွေကို အားနည်းသူတွေ ရင်ဆိုင်နေရတဲ့ အချိန်လည်း ဖြစ်နေပါတယ်။ အမေရိကန်က သူ၏ အနောက်ခြမ်းကမ္ဘာမှာ စိုးမိုးရေး၊ အစ္စရေးက ပါလစ္စတိုင်းလူမျိုးများအပေါ် အကြမ်းဖက်နှိပ်ကွပ်မှု၊ ရုရှား၏ ယူကရိန်းအပါအဝင် ဥရောပသမဂ္ဂနိုင်ငံများအပေါ်မှာ အနိုင်ကျင့် လွှမ်းမိုးရေး ခြေလှမ်းများ နဲ့ တရုတ်နိုင်ငံ၏ ထိုင်ဝမ်အပါအဝင် အိမ်နီးချင်းများအပေါ် ဖြန့်ကျက် စွက်ဖက်မှုတွေကို နိုင်ငံငယ်များ အားနည်းသည့်နိုင်ငံများ ခံစားနေရပါတယ်။ ထိုအချိန်ကာလမှာ နိုင်ငံငယ်တွေအချို့က စစ်အာဏာရှင်တွေအသီးသီးက သူတို့အာဏာစက်သက်တမ်းရှည်ဖို့ အစွမ်းကုန် ကျုးလွန်နိုင်ဖို့အတွက် အခွင့်အလမ်းလည်း ဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။
မြန်မာစစ်တပ်အတွက်က လက်ရှိမှာ တရုတ်၏ ကျောထောက်နောက်ခံနဲ့ အနောက်အုပ်စုကို အာခံဖို့ ဆုံးဖြတ်ထားပြီးဖြစ်သလို အိမ်နီးချင်းနိုင်ငံတွေကိုယ်တိုင်ကလည်း သူတို့၏ နိုင်ငံရေးမတည်ငြိမ်မှုတွေရှိနေတာမို့ နိုင်ငံတကာ၏ ဖိအားတွေကလည်း မြန်မာစစ်တပ်အပေါ် ထိရောက်မှုရှိမှာ မဟုတ်ဘူးလို့ သူတို့လည်း တွက်ချက်ထားဖို့ များပါတယ်။ မြန်မာစစ်တပ်အတွက် အဓိက ဘလိုင်းစပေါ့ (နောက်ကျောက မမြင်လိုက်ရတဲ့ ပျေ့ာကွက်)က နွေဦးတော်လှန်ရေးအင်အားစုတွေ၏ ခြေလှမ်းတွေနဲ့ လှုပ်ရှားမှုတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို ပြည်သူလူထုတရပ်လုံးက ထောက်ခံမှု လုံး၀မရှိခြင်း၊ ယုံကြည်ကိုးစားမှုမရှိခြင်းက ကိန်းသေတခု ဖြစ်နေပြီး ပြည်တွင်းဒေသအနှံ့မှာ ရှိနေနတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့က ယာယီကာလ အတက်အကျတွေ၊ အခိုက်အတန့် အားနည်းမှုတွေရှိနေတာကလွဲရင် တော်လှန်ရေးလက်နက်ကိုင်ခုခံစစ်တွေက နောက်ဆုတ် ပျေက်ကွယ်သွားဖို့ အလားအလာ မရှိသေးဘူးလို့ ယေဘူယျ သုံးသပ်ထားကြပါတယ်။ စစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ကျုးလွန်နေသမျှ တော်လှန်ရေးတပ်ဖွဲ့တွေ၏ ပြင်းထန်တဲ့ ခုခံမှုတွေ တန်ပြန်တိုက်ခိုက်မှုတွေ ခံစားရမှာ ဖြစ်ပြီး၊ မြန်မာစစ်တပ်က အတိုက်အခိုက် ရပ်နားလိုက်မယ်ဆိုရင်လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ရှေ့တိုးပြီး စစ်အုပ်စုကို ဖယ်ရှားပစ်ဖို့ ဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
တော်လှန်ရေးအဖွဲ့အစည်းတွေမှာ အဓိကပြသနာက အချင်းချင်းကြားက ပွတ်တိုက်မှုတွေ အငြင်းပွားမှုတွေ အတွင်းပဋိပက္ခတွေ ဖြစ်ပါတယ်။ အတွင်းပဋိပက္ခတွေကနေ အကွဲအပြဲတွေ ပြိုလဲမှုတွေအထိ ဖြစ်မလာသေးပေမယ့် ဝန်းယံ ထောက်ခံ ကြံ့ကြံ့ခံပေးနေကြတဲ့ မြန်မာပြည်သူလူထု၏ စိတ်ဓာတ်အင်အားတွေ ထောက်ပို့မှုတွေက တော်လှန်ရေးအဖွဲ့အစည်းတွေကို ခုချိန်အထိ အစည်းမပြေအောင် စည်းနှောင်ထားနေဆဲ ဖြစ်တယ်လို့ ဆိုရမယ် ထင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar