ဟိုက်ရှားဘား - "အရူးနှင့် သားရေကွင်း"
Art- BPN
"အရူးနှင့် သားရေကွင်း"
ဟိုက်ရှားဘား
(မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၂၅
မြူနှင်းများနှင့် လှပသော စျေးနံနက်ခင်း တစ်ခုဖြစ်သည်။
ဝေလီဝေလင်းအချိန်ကတည်း စျေးသည်များက စျေးဗန်းများကိုအသင့်ပြင်ထားကြပြီး စျေးဝယ်သူများကို စောင့်ဆိုင်းနေကြသည်…။
‘စျေးရောင်းကောင်းမည့်တစ်နေ့’ ဟု အားလုံးက မျော်လင့်နေကြသည်။
တအောင့်နေသော် ဆောင်းတွင်းဦးထုပ်ကိုဆောင်း၍ အနွေးထည်ဝတ်ထားကြသော စျေးဝယ်သူတချို့စတင်ဝင်ရောက်လာကြသည်။
နံနက် ၇ နာရီခန့်တွင် မြူနှင်းများကွဲစပြု၍ တစျေးလုံး ပျားပိတုန်းများဝဲပျံသလို ဆူညံနေ၍ စျေးရောင်းကောင်းချိန်သို့ရောက်လာသည်။
ထိုအချိန်တွင် စုတ်ဖွာဖွာ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးနှင့် ယပ်တောင်တစ်ချောင်းခေါင်းတွင်စိုက်ထားသော အရူးတစ်ယောက်စျေးထဲသို့ ဝင်လာသည်။ အဖာတစ်ရာအဝတ်ကို ဝတ်ထားလျက် သူ့တကိုယ်လုံးလည်း ညစ်ပတ်နံစော်နေသည်။ သူ့လက်ထဲတွင်ကား ဘယ်ကရမှန်းမသိသော ‘သားရေကွင်း’ တစ်ကွင်း.…။
စျေးဝယ်သူများကလည်း ‘ကွက်ကြည့်ကွက်ကြည့်’ဖြင့် သူနှင့်မထိစေရန် ရှောင်ကြသဖြင့် ထိုအရူးမှာ လူပုံအလယ်တွင် အထင်းသားပေါ်လွင်နေတော့သည်။
ထိုနောက် အရူးက သုံးရောင်စပ် ‘ဒိုးမကြီး’ ကိုဆွဲ၍ ဆွဲ၍
“ငါအခု ယူလာတဲ့ဟာကို ‘ဥပဒေ’လို့ခေါ်ကြရမယ်…သားရေကွင်းမဟုတ်ဘူး…ဘာဖြစ်လို့လဲဆိုတော့…
‘ဥပဒေဆိုတာ သားရေကွင်း။ သားရေကွင်းဆိုတာ ဥပဒေပဲ’…၊ နဂိုရှိရင်းစွဲထက် ပိုရှည်အောင် ကြိုက်သလိုဆန့်လို့ရတယ်…၊…လျော့လိုက်ဆွဲလိုက်နဲ့…ကစားလို့တောင်ရသေး…ဟေးဟေးဟေး…၊ အဲ…ပြတ်အောင်တော့ မဆွဲလေနဲ့…ပြတ်သွားရင်တော့ ပြဿနာရှိတယ်…။
ဆွဲတဲ့သူရဲ့လက်ကို သားရေကွင်းပြတ်စ ရိုက်ရင် ‘နာသဟေ့’…”
လူအများ ‘ရယ်’ ကြသည်။
သို့သော် အရူးစကားက လေးနက်သည်။ ထိုစကားများကို တစ်စျေးလုံးကြားအောင် ‘ထပ်ခါထပ်ခါ’ ပြောနေလေတော့သည်။
ထို့နောက် အရူးက အနီးရှိလူများကို သားရေကွင်းဖြင်ပစ်ရန်ချိန်တော့သည်။
လူများလည်း ကြောက်လန့်တကြားဖြင့် မထိအောင်လက်ဖြင့်ကာကြသည်။
ထိုအခါ အရူးက တဟားဟားရယ်လျက် “‘ဥပဒေရဲ့ ပစ်မှတ်ထားခံရတယ်’ ဆိုတာဒါပဲ…။ ကြောက်ကြတယ်မဟုတ်လား…ဟားဟားဟားဟား…။ မကြောက်ကြပါနဲ့…မိုးပေါ်ထောင်ပစ်လိုက်တာပါ…။ သားရေကွင်းလေးပါ…။ဗျောက် မဟုတ်ပါဘူး…ဟားဟားဟား…။မကြောက်ပါနဲ့…။ ’မကြောက်လို့ရမလားသားရီးရဲ့…သူတို့မှာ…ဗျောက်တွေနဲ့ ‘…” ဟု ကျယ်လောင်စွာဖြင့် ဟစ်ကြွေးနေတော့သည်…။
အရူးက ဘယ်ကရမှန်းမသိသော သီချင်းတစ်ပိုင်းတစ်စကိုပင်ထည့်ဆိုသွားသေးသည်…
“ဤအရူးသည် အရူးအစစ်လား…အရူးပါးလား “ တစ်စျေးလုံး ဝေခွဲမရဖြစ်နေသည်…။
တစ်ချို့က အန္တရာယ် တစ်စုံတစ်ရာဖြစ်လာမည့်အရေးကို စိုးရိမ်သည့်အလား ထိုအရူးဘေးမှ ခပ်သုတ်သုတ် ဖြတ်လျောက်ကာစျေးအမြန်ဝယ်၍ ပြန်ကြသည်။
တချို့က အခြေအနေကို အကဲခတ်ရင်း ခပ်လှမ်းလှမ်းမှ မတ်တပ်ရပ်နားထောင်ကြသည်။
တအောင့်နေသော် ‘ကာကီရောင်’ တူညီဝတ်စုံဝတ်ပုဂ္ဂိုလ်များရောက်လာကါ ထိုအရူး၏လက်ကိုကိုင်၍ ကုတ်မှဆွဲကာ အတင်းခေါ်သွားလေတော့သည်…
ထို့နောက် အရူးက တစျေးလုံးကြားအောင် ခေါင်းကိုလှည့်ကာ ပခုံးကိုကျော်၍ အော်ပြောလိုက်သည်မှာ
“…ဟေးဟေးဟေး…ငါလာခဲ့တဲ့နေရာကို ငါ့ကိုပြန်ခေါ်သွားကြတော့မယ်…နောက်တခေါက် ငါ’ပြန်ထွက်’ လာရက် ‘အမှန်တရား’ ကိုခေါ်ခဲ့မယ်…” ဟုဆိုကာ ဆွဲခေါ်ရာနောက်သို့ ‘ဒရွတ်တိုက်’ ပါသွားလေသည်…။
တစျေးလုံး ငြိမ်သက်နေ၏။
တအောင့်နေသော် စျေးဝယ်သူများက အရင်လို ‘ပုံမှန်’ ပင်…။
ဟိုက်ရှားဘား
ဒီဇင်ဘာလ၊ ၁၂ ရက်၊ ၂၀၂၅
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
