လေခဏီ - မွန်မြတ်စိတ်ထား လူထုအားတို့ ဆပွားပေါ်ထွန်းလာစေသတည်း
လေခဏီ - မွန်မြတ်စိတ်ထား လူထုအားတို့ ဆပွားပေါ်ထွန်းလာစေသတည်း
မိုးမခ ၊ ဒီဇင်ဘာ ၂၁ ၊ ၂၀၂၅
တပ်ပေါင်းစုကို ကြိုဆိုကြတဲ့ သဝဏ်လွှာတွေထဲက ချစ်စရာ ရှုချက် မြင်ချက် တွေးစရာအကွက်များကို ကောက်နုတ် အရသာခံကြည့်ပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်က "ယခုလို စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းသည် မြေပြင်အင်အားစုများ ခိုင်မာလာခြင်းနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု တိုးတက် ခိုင်မာလာကြောင်းကို သက်သေပြသည့် အရေးကြီးသောကဏ္ဍတရပ်" အဖြစ် ရှုမြင်ပါသတဲ့။
"NUG, ERO များနှင့် အပြန်အလှန် နားလည်ယုံကြည်လေးစားမှု၊ တန်းတူညီမျှမှုနှင့် နိုင်ငံရေးရည်မှန်းချက် မူဝါဒမျှဝေမှုအပေါ် အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုကို အထူးအလေးထားထောက်ခံအပ်ပါသည်"တဲ့။
NUCCကလဲ "လက်နက်ကိုင်တော်လှန်ရေးတပ်များအကြား ဘုံရည်မှန်းချက် ဘုံလမ်းစဉ်များဖြင့် အခြေခံ၍ မဟာမိတ်စုဖွဲ့ခြင်း၊ ပူးတွဲကွပ်ကဲမှုများ တည်ဆောက်ဖော်ဆောင်ခြင်းသည် တော်လှန်ရေးအောင်ပွဲရှိရာ လမ်းကြောင်းဆီသို့ ပိုမိုတည့်မတ်စွာ လျှောက်လှမ်းနိုင်မည့် လမ်းစများဖြစ်သည်"လို့ ယုံကြည်ပါသတဲ့။
နွေဦးတော်လှန်ရေးနဲ့အတူ ပအိုဝ်းအမျိုးသားလွတ်မြောက်မှု တတိယတော်လှန်ရေးကို ဖော်ဆောင်နေတဲ့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီကလဲ "လူထုနွေဦးတော်လှန်ရေးတွင်ပေါ်ပေါက်လာသော ဒေသနှင့်လူမျိုးအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များ၊ တပ်အဖွဲ့အစည်းများက တပ်ပေါင်းစုအသွင်ဖြင့်ရပ်တည်၍ ထိရောက်အားကောင်းသော ကွပ်ကဲမှုယန္တယားဖော်ဆောင်ပြီး တိုက်ပွဲဝင်သွားရန် ကတိကဝတ်ပြု စုစည်းနိုင်ခဲ့ခြင်းသည် လူထုနွေဦးတော်လှန်ရေးအောင်မြင်စေရေးနှင့် ဒေသပေါင်းစုံရှိ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး ပြည်ထောင်စုတခုလုံး လွတ်မြောက်စေရေးတို့အတွက် ရှေ့ဆောင်အောင်မြင်မှုတရပ်ဖြစ်ကြောင်း" ဂုဏ်ပြုပါတယ်တဲ့။
"ယခုကဲ့သို့ နွေဦးတော်လှန်ရေးအတွင်း ညီညွတ်မှုအင်အားလျော့နည်းနေပြီး တပ်ပေါင်းစုဖွဲ့ရန် ရုန်းကန်နေရသည့် အခြေအနေတွင် နွေဦးတော်လှန်ရေး၏ မူလပိုင်ရှင်များဟုဆိုလျှင် မမှားနိုင်သည့် လူငယ်တော်လှန်ရေးရဲဘော်ခေါင်းဆောင်များမှ ညီညွတ်ခိုင်မာအားကောင်းသော တပ်ပေါင်းစုတခုကို လက်တွေ့ကျကျ ဖွဲ့စည်းလိုက်နိုင်ခြင်းသည် တော်လှန်ရေးအတွက် အပေါင်းလက္ခဏာဆောင်သော သမိုင်းမှတ်တိုင်တခုကို စိုက်ထူလိုက်နိုင်ခြင်း" လို့ ပဲခူးယူနစ် ဖက်ဒရယ်အင်အားစု-BUFF က တန်ဖိုးထား ရှုမြင်ပါတယ်တဲ့။
"ယခုကဲ့သို့ တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှုကို အခြေခံ၍ နိုင်ငံရေး၊ စစ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမည့် မဟာမိတ်တပ်ပေါင်းစုတရပ် ပေါ်ပေါက်လာခြင်းသည် နွေဦးတော်လှန်ရေး၏ အရေးပါသောတိုးတက်မှုအဆင့်တခုဖြစ်ပြီး ပြည်သူလူထု၏မျှော်လင့်ချက်များကို ခိုင်မာစေသည့် သမိုင်းဝင်လုပ်ဆောင်မှုတခု" လို့ စစ်ကိုင်းဖိုရမ် ဖက်ဒရေးရှင်းက ယုံကြည်ပါသတဲ့။
"ထို့အပြင် စစ်ကိုင်းဒေသအပါအဝင် နိုင်ငံအနှံ့ရှိ ပြည်သူလူထု၏ အသက်၊ အိမ်ခြံမြေ၊ လူမှုဘဝများကို ကာကွယ်ရေးအတွက် တော်လှန်ရေးအင်အားစုများအကြား ပိုမိုကျယ်ပြန့်သည့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးချဲ့အကောင်အထည်ဖော်နိုင်ကြပါစေကြောင်း" လည်း ဆုမွန်ကောင်းတောင်းပါသတဲ့။
ရာမညဖက်ဒရယ်အင်အားစုသစ်(NRFF)ကလဲ "အနာဂတ်ခရီးလမ်းတလျှောက်တွင်လည်း အချင်းချင်း ယုံကြည်မှုနှင့် ညီညွတ်မှုများကို အခြေခံကာ လက်တွဲညီညွတ်စွာဖြင့် ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းစဉ်များကို ဆက်လက်အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း" ဆုမွန်ကောင်းတောင်းလိုက်ပါသတဲ့။
ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်တော်(N.S.S.A.A)ကလဲ (၂၀၂၁ခုနှစ်တွင် အကြမ်းဖက်စစ်အုပ်စုက စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနှောင့်ယှက်ပြီး အာဏာမြဲရေး ကြိုးစားနေချိန်တွင် သပိတ်များ တလုံးပြီးတလုံးမှောက်ကာ လက်နက်ကိုင်လမ်းစဉ် ရွေးချယ်လာခဲ့ကြသော မြန်မာပြည်တဝှမ်းမှ တော်လှန်ရေးတပ်များစုစည်း၍ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းလိုက်ခြင်းသည် အကြမ်းဖက်စစ်အုပ်စုကို သွေးပျက်စေရုံမက နွေဦးတော်လှန်ရေးအတွက်လည်း ကြီးမားသောနိုင်ငံရေးအရွေ့တခုဖြစ်သည်"လို့ ဆိုပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ကလည်း "နှစ်ပေါင်းများစွာ ပြည်သူလူထုအား နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်အုပ်ချုပ်နေသော အကြမ်းဖက် ဖက်ဆစ်စစ်အုပ်စုအား ရရာလက်နက်ကိုင်စွဲ၍ တော်လှန်နေကြသော တော်လှန်ရေးအင်အားစုများသည် မြန်မာနိုင်ငံ အနှံ့အပြား နေရာစုံ ဒေသပေါင်းစုံမှ ပေါ်ပေါက်လာခဲ့ကြပြီး ယခု အရေးပါသည့်အချိန်ကာလတွင် တော်လှန်ရေးရည်မှန်းချက်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစု (၁၉) ဖွဲ့ဖြင့်ပေါင်းစည်းကာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance - SRA)အဖြစ် ဖွဲ့စည်းတည်ထောင်နိုင်ခြင်း" ကို ဂုဏ်ပြုကြိုဆိုပါသတဲ့။
"ကွဲပြားနေသော လက်နက်ကိုင်အဖွဲ့အစည်းများကို စုစည်း၍ လူထု လိုလားတောင့်တ မျှော်လင့်နေသည့် ကြီးမားသော မဟာမိတ်တပ်ပေါင်းစုတရပ်ဖြစ်သော Spring Revolution Alliance (SRA)" ကို ဖွဲ့စည်းနိုင်တဲ့အတွက် ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)ကလည်း ဝမ်းမြောက်လှပါသတဲ့ဗျာ။
PRA(Magway)ကလဲ "အားကောင်းစွာဖြင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ပေါ်ထွက်လာသော်လည်း ယခုချိန်ထိ ထိုအင်အားစုများအကြားတွင် ဗဟိုထိန်းချုပ်မှုအားကောင်းကောင်းဖြင့် အမိန့်ပေးကွပ်ကဲမှု ကွင်းဆက်မရှိသေးဘဲ လစ်ဟင်းလျက်ရှိကာ ထုတရပ်ကို မတည်ဆောက်နိုင်ခဲ့ကြပါ။ ထိုအချိန်တွင် Spring Revolution Alliance (SRA)ကဲ့သို့ တပ်ပေါင်းစုသဏ္ဌာန်ဖွဲ့စည်းနိုင်ခြင်း" ကို အားတက်မိပါသတဲ့။
ဗိုလ်နဂါးတို့ BNRAကလည်း "နွေဦးတော်လှန်ရေးကာလတွင် နိုင်ငံတဝန်း ပိုမိုကောင်းမွန်သောရလဒ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် မဟာမိတ်တပ်ပေါင်းစုအားအင်သည် မျှော်လင့်ချင်ရောင်နီ" လို့ ဆိုလာပါတယ်။
PLAကလဲ "နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုသည် မျက်မှောက်ခေတ်တော်လှန်ရေးအတွက် အလွန်ပင် အရေးကြီးသော အရွေ့တခု" ဖြစ်ပါသတဲ့။
SRAကိုယ်တိုင်ကလဲ "လက်ရှိကာလတွင် လူထုအပေါ် အကြမ်းဖက်စစ်အုပ်စုက နည်းလမ်းမျိုးစုံဖြင့် စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ နေ့စဉ်နှင့်အမျှ ကျူးလွန်နေသဖြင့် တနိုင်ငံလုံး အထွေထွေလူမှုစီးပွားအကျပ်အတည်းများ ရင်ဆိုင်နေရပြီး ထိုအကျပ်အတည်းမှ ပြည်သူလူထုတရပ်လုံး အမြန်ဆုံးလွတ်မြောက်ရန် တပ်ပေါင်းစုအားဖြင့် တိုက်ပွဲဝင်သွားမည်" လို့ ကတိကဝတ်ပြုထားပါတယ်ခင်ဗျား။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar