စစ်ဘေးနဲ့ တိမ်းရှောင်နေကြရသူတွေရဲ့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးသမယ
မြန်မာနွေဦးခရိုနီကယ် - ဒီဇင်ဘာ ၂၀ မြင်ကွင်း
(မိုးမခ) ဒီဇင်ဘာ ၂၁ ၊ ၂၀၂၅
စစ်ဘေးနဲ့ တိမ်းရှောင်နေကြရသူတွေရဲ့ ခရစ်စမတ်နဲ့ နှစ်သစ်ကူးသမယ
မြန်မာနိုင်ငံမှာ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသအများအပြားမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတဲ့ တိုင်းရင်းသားအများအပြား ရှိကြတာဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ ရှမ်းမြောက်က ဒေသအချို့ဟာ လက်ရှိအချိန်မှာ စစ်ပွဲတွေ ဖြစ်ပွားနေကြတာ သို့မဟုတ် မိမိတို့နေရပ် ကျေးရွာမြို့တွေကို ပြန်ဖို့မဖြစ်နိုင်သေးတာကြောင့် အခြားတနေရာမှာ စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာဝင်တွေ အဖို့ ဒီဇင်ဘာလဟာ နှစ်တနှစ်လုံးမှာ ဘာသာရေးအရ အလေးအမြတ်ထားတဲ့ ခရစ်စမတ် အခါသမယဖြစ်ပြီး မိသားစုဝင်တွေ ဆုံတွေ့ကြတာ၊ မိမိတို့နေအိမ်မှာ အနားယူကြတဲ့ အခါသမယလည်း ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းတဲ့ အကျိုးဆက်ဖြစ်တဲ့ ပြည်တွင်းစစ်မီး ကျယ်ပြန့်စွာတောက်လောက်လာချိန်မှာ အခုလို ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ အခါသမယတွေကိုလည်း စစ်တပ်အနေနဲ့ လေးစားမှု၊ အလေးထားမှု မရှိတော့ပဲ လေကြောင်းက တိုက်ခိုက်မှုတွေ၊ မြေပြင်က ထိုးစစ်တွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
ခရစ်စမတ်အခါသမယမှာ ဝတ်ပြုဆုတောင်းကြတဲ့ ဘုရားကျောင်းတွေ အများအပြားလည်း စစ်ပွဲတွေအတွင်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ နဲ့ အများအပြား ပျက်စီးခဲ့ကြရပြီ ဖြစ်ပါတယ်။ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်းမြောက် အစရှိတဲ့ ဒေသတွေက ဘုရားကျောင်း ရာနဲ့ချီ ထိခိုက်ပျက်စီးခဲ့ပြီး ဖြစ်ပါတယ်။ ဒါတင်မက ၂၀၂၁ ခုနှစ်က ကရင်နီ (ကယား) ပြည်နယ် ဖရူဆိုမြို့နယ်က မိုးဆိုကျေးရွာအနီးမှာ ခရစ်စမတ် အကြိုနေ့လို အချိန်မှာ တိုက်ပွဲကနေ တိမ်းရှောင်တဲ့ အရပ်သား ၄၉ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး ကားတွေနဲ့ အတူမီးတင်ရှို့ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့တာ ၄ နှစ်ရှိခဲ့တဲ့ အချိန်ထိ စိတ်ထိခိုက်ကြေကွဲစရာ၊ နာကျင်စရာ အဖြစ်အပျက်တရပ် ဖြစ်နေဆဲ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ မိုဆိုကျေးရွာ အနီးကဖြစ်ရပ်ဟာ ခုချိန်ထိ ကရင်နီ(ကယား)ပြည်နယ်က လူထုကို ကြီးမားတဲ့ စိတ်ဒဏ်ရာအဖြစ် ခြောက်လှန့်နေဆဲလည်း ဖြစ်ပါတယ်။
အခုကာလမှာ လေကြောင်းကနေ လေယာဥ်နဲ့ ဖြစ်စေ၊ ပါရာမော်တာ၊ ဒရုန်း တို့နဲ့ဖြစ်စေ တိုက်ခိုက်မှုတွေ ပိုပြီးဖြစ်နိုင်ခြေရှိနေတာကြောင့် ကရင်နီပြည်တပ်မတော် KA ရဲ့ စစ်ဦးစီးချုပ်က ဒီဇင်ဘာ ၁၉ ရက်ကနေ ဇန်နဝါရီ ၅ ရက်အကြား နှစ်သစ်ကူးကာလ ၁၈ ရက်မှာ လူစုလူဝေး လုပ်တာတွေ အထူးသတိထားကြဖို့ သတိပေးထားပါတယ်။ အာဏာသိမ်း စစ်တပ်ဘက်က အခုလို ကာလမှာ လူစုလူဝေးတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ခြေရှိနေတာကြောင့် အခုလို လူထုကို သတိပေးရတာလို့လည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားကြောင်း သတင်းတွေ အရသိရပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က ဒီဇင်ဘာ ၂၈ ရက်မှာ ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပမှာ ဖြစ်လို့လည်း လုံခြုံရေးအရ သတိထားဖို့ လိုတယ်လို့လည်း ယူဆထားကြတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပတာ မကျင်းပတာထက် အာဏာသိမ်း စစ်တပ်အနေနဲ့ တိုင်းရင်းသား ဒေသခံ၊ ပြည်သူလူထုရဲ့ ဘာသာရေး အထွဋ်အမြတ်ကာလ၊ နေ့ရက်တွေထက်ကို စစ်ရေးအသာစီးရဖို့ အတွက်သာ အမြဲအာရုံစိုက်တာ ဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ခရစ်စမတ်သမယ ဖြစ်စေ၊ ဗမာရိုးရာ သင်္ကြန်တွင်းကာလတွေ ဖြစ်စေ၊ သီတင်းကျွတ် လပြည့်လို အခါသမယတွေ ဖြစ်စေ လေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ လွန်ခဲ့တဲ့ ၄/၅ နှစ်ကာလအတွေ့အကြုံတွေက သိရှိပြီးဖြစ်ပါတယ်။
လတ်တလော မြေပြင်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ဒေသတွေက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ဒေသအများအပြား မှာ ဖြစ်ပွားနေတာပါ၊ ကချင်ပြည်နယ်မှာ ဖားကန့်ဒေသ၊ ဗန်းမော်မြို့ တို့မှာ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ကျားဖြန့် ဧရိယာတွေ နဲ့ အခြားဒေသတွေ၊ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ထီးခီးမောတောင် နယ်စပ်ဒေသ၊ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ ရခိုင်ပြည်နယ်တောင်ပိုင်း နဲ့ ဧရာဝတီတိုင်းအစပ် လေးမျက်နှာ၊ ရေကြည်၊ ပဲခူးတိုင်းနဲ့ ရခိုင်ထိစပ်ရာ ရခိုင်ရိုးမ၊ မကွေးတိုင်း နဲ့ ရခိုင်ထိစပ်တဲ့ ဒေသတွေ၊ မကွေးတိုင်း အနောက်ဘက်ခြမ်း၊ မြောက်ဘက်ဒေသတွေ၊ ပဲခူးတိုင်း အနောက်ခြမ်း၊ ချင်းပြည်နယ် တီးတိန်၊ ဖလမ်း အစရှိတဲ့ နယ်မြေဒေသတွေက စစ်မျက်နှာတွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေ ဖြစ်ကြပါတယ်။
ဒီမြေပြင် စစ်မျက်နှာတွေသာမက မြေပြင်စစ်မျက်နှာ မရှိတဲ့ PDF သို့မဟုတ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ တိုင်းရင်းသား လူမျိုးတွေအဖို့ တနှစ်မှာ တကြိမ်ကျရောက်တဲ့ ခရစ်စမတ်လို အခါသမယမှာ ထိတ်ထိတ်လန့်လန့်နဲ့ ကျီးလန့်စာစား နေထိုင်ကြရတဲ့အဖြစ်က ခေတ္တခဏ သက်သာရရပြီး မိသားစုနဲ့ မိမိတို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကျေးရွာ၊ မြို့တွေမှာ စိတ်ဓါတ်ခွန်အား၊ ဖေးမကူညီမှု၊ အချင်းချင်း အားပေးစောင့်ရှောက်မှုတွေနဲ့ နေချင်ကြမှာ မလွဲပါဘူး။
သို့ပေမယ့် စစ်ပွဲဖြစ်ပွားရာ ပဋိပက္ခဒေသက သူတွေအဖို့တော့ ဝမ်းနည်းစွာပဲ အဲဒီလို အခွင့်အရေးမျိုး မရကြတဲ့ အနေအထားမှာ ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ ခရစ်စမတ် အခါသမယကို တိတ်ဆိတ်စွာနဲ့ ဗုံးခိုကျင်း၊ စစ်ဘေးရှောင် စခန်း၊ အိမ်နီးချင်းနိုင်ငံတွေမှာ မိသားစု တကွဲတပြား ခိုလှုံနေကြရင်း ကျော်ဖြတ်ကြရတာ ၄ နှစ်ကနေ ၅ နှစ်ထဲ ရောက်ရှိလာတာကို ဝမ်းနည်းဖွယ်ရာ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar