Breaking News

လှကျော်ဇော - ကြားညှပ်ခံရတော့မယ့် ဇာလန်စကီး

လှကျော်ဇော - ကြားညှပ်ခံရတော့မယ့် ဇာလန်စကီး

မိုးမခ ၊ ဒီဇင်ဘာ ၂၀ ၊ ၂၀၂၅

ဒီဇင်ဘာ ၈ ရက်နေ့က အမှတ် (၁၀) ဒေါင်းနင်းလမ်းမှာ ကျင်းပခဲ့တဲ့ ဥရောပခေါင်းဆောင် ၃ ဦး (ဗြိတိသျှဝန်ကြီးချုပ်၊ ဂျာမနီနန်းရင်းဝန်၊ ပြင်သစ်သမ္မတ)တို့နဲ့ တွေ့နေတဲ့ ဇာလန်စကီးရဲ့ ရုပ်သွင်က အခြေအနေ အားလုံးကို ပြောပြနေသလိုပဲ။ ဖိအားအမျိုးမျိုးအောက်က မထွေးနိုင် မအန်နိုင်မျှော်လင့်ချက်မဲ့ ကူသူ ကယ်သူ ရှာမတွေ့ဖြစ်နေတဲ့ ပုံရိပ်ပဲ တဲ့။

၁၁-၁၂-၂၀၂၅ နေ့က တရုတ်ဗဟို ရုပ်မြင်သံကြားအစီအစဉ် (CGTN)က ထုတ်လွှင့်သွားတဲ့ နိုင်ငံတကာက ပညာရှင်တွေ ပါဝင်တဲ့ စကားဝိုင်းဆွေးနွေးပွဲတခုမှာ အမေရိကန်ပါမောက္ခတယောက် ပြောသွားတာ။ နောက် ရုရှားက ပညာရှင်တယောက်ကလည်း ဒီလို ပြောသွားပါတယ်။

ပြင်သစ်က မက်ခရွန်ကလဲ လေတွေပဲ ပန်းသွားတာပါ။ ဆက်သာတိုက်-တို့တတွေ ဆက်ကူညီမှာ-တဲ့။ ဘာနဲ့ ကူညီမှာလဲ။ လက်နက်အကူအညီ ဆိုတာ အမေရိကန် ပေးမှရမှာ။ ဒါတွေကို ကိုင်တွယ်သုံးတတ်ဖို့ကလည်း ကာလတပိုင်း သင်တန်းပေးရဦးမှာ။ ရုရှားရဲ့ ဥရောပမှာရှိတဲ့ငွေ (ဒေါ်လာဘီလီယံ ၃၀၀ ကျော်) သုံးစွဲဖို့ ဆိုတာကလည်း မရေမရာ။ ဒါ့အပြင် သူက ဘယ်ကရတဲ့ စာရင်းမှားတွေလဲ မသိဘူး။

ရုရှားစီးပွားရေးကလည်း အတော်ကျနေပြီ။ ဒီစစ်စရိတ်တွေကို ဆက်တောင့်ခံနိုင်မှာ မဟုတ်ဘူး-တဲ့။ တကယ်တော့ နိုင်ငံတကာငွေကြေးအဖွဲ့ (IMF)က ပြောထားတာမှာ-ရုရှားနိုင်ငံရဲ့ နှစ်စဉ်တိုးတက်မှုနှုန်း(growth rate)ဟာ ဥရောပမှာ နှစ်-နှစ်ဆက်တိုက်အမြင့်ဆုံး---- တဲ့။ ဒါတွေကြောင့်ပဲ၊ ဇာလန်စကီးခမျာ ဒီလို (ကြားညှပ်ခံရတော့မယ့်) ပုံရိပ်တွေ ထွက်လာရတော့တာပေါ့။

သိပ်မဝေးသေးတဲ့ ကာလတခုတုန်းကလည်း ဒီလိုပဲ အနောက်နိုင်ငံ အရင်းရှင်ကြီးများရဲ့ စကားကိုယုံစားမိလို့ ချောက်ကျခဲ့ဖူးသူများ ရှိခဲ့ပါတယ်။

၁၉၉၁- ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားပြီးနောက်၊ ဆိုဗီယက်ခေါင်းဆောင်တွေ ဥပမာ-‌ ဂေါ်ဘာချောဗ့်က နေတိုးကို ဆက်မတိုးချဲ့ပါဘူးဆိုတဲ့‌ ဂျော့ချ်ဘွတ်ရှ် စကား ယုံပြီး ဝါဆောစာချုပ်အဖွဲ့ကို ဖျက်ပေးခဲ့တယ်။ ဘိုရစ်ရာဆင်ကလဲ-အမေရိက သွားပြီး ကျွန်တော်တို့ အခု အရင်းရှင်နိုင်ငံကြီးဖြစ်သွားပြီလေ-ခင်ဗျားတို့နဲ့ အတူတူပဲလေ။ ခင်ဗျားတို့ကူညီရမှာပေါ့ ဆိုပြီး အသနားခံဖူးပါတယ်။

ပူတင် ကိုယ်တိုင်လည်း ကလင်တင်ကို ခင်ဗျားတို့က နေတိုးကို ဥရောပကာကွယ်ရေးအတွက် ထားမယ်ဆိုရင် ကောင်းပါတယ်။ ကျွန်တော်တို့လည်း ဝင်မယ်လေ... လို့ တောင်းဆိုဖူးခဲ့ကြပါတယ်။ ဘာမှဖြစ်မလာပါဘူး။ (၂၀၂၄ က ပူတင်က အင်တာဗျူးတခုမှာ အပြည့်အစုံ ဇာတ်စုံခင်းသွားတာ)

(လှကျော်ဇော - ပူတင်ရဲ့ အင်တာဗျူး - MoeMaKa Media)

ဒါအပြင် နေတိုးကို တိုးချဲ့တာ မိမိတို့ အိမ်ခြံနဘေးရောက်လာတယ်။ ယူဂိုစလပ်တို့၊ ချက်ကိုစလိုဗက်တို့လဲ (မိမိတို့ မျက်စိအောက်မှာတင်) နေတိုးကျေးဇူးနဲ့ အစိတ်စိတ်အမြွှာမြွှာ ကွဲကုန်တယ်။ ဒီတော့ ရုရှားခေါင်းဆောင်တွေ-မိမိတို့ ချောက်ကျပြီဆိုတာ မြင်လာကြတယ်။

ပူတင် အပါအဝင် ဒီခေါင်းဆောင်တွေဟာ ဝါဆောစာချုပ် အဖွဲ့ကို စွန့်ပစ်လို့ရတယ်။ ဆိုဗီယက်ယူနီယံကို စွန့်ပစ်လို့ ရတယ်။ ကွန်မြူနစ်ဝါဒကို စွန့်ပစ်လို့ရတယ်။ သူတို့ စွန့်ပစ်လို့မရတာက သူတို့ရဲ့အမျိုးသားရေးပါ။ ဒီတော့ မိမိတို့ ခေါင်းပြန်ထောင်လာနိုင်ရေးအတွက် ကိုယ်ထူးကိုယ်ချွန် စဉ်းစားနည်းတွေပြောင်း မဟာမိတ်အသစ်တွေရှာ မိမိတို့ အင်အားကို ပြန်စုစည်း စတဲ့ ခြေလှမ်းတွေ လှမ်းလာရပါတော့တယ်။

အဲဒီတော့ အခုတခေါက် ထရန့်က ပူတင်ကို ဂျီ-ရှစ်(G-8)ထဲ ပြန်ဝင်ခွင့်ပြုမယ် ဆိုတာတောင် ပူတင်က-တော်ပါပြီ၊ မဝင်တော့ပါဘူး တဲ့။

ဒါတွေကို လတ်လတ်ဆတ်ဆတ် မြင်တွေ့ထားရတဲ့ နိုင်ငံ‌ရေးခေါင်းဆောင်တွေဟာ (အထူးသဖြင့် အင်အားချည့်နဲ့တဲ့ နိုင်ငံငယ်များ)ဟာ အလွန်သင်ခန်းစာယူသင့်ပါတယ်။

အခုလည်း ဇာလန်စကီး ဟာ- တို့ ကူမယ်။ တိုက်သာတိုက်လို့ (ဗြိတိသျှဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်စကား အပါအ၀င် အနောက်နိုင်ငံများရဲ့ လေနဲ့အားပေးမှု) ကို ယုံပြီး ရုရှားကို စိန်ခေါ်တိုက်ခိုက်ခဲ့ပေမယ့် မိမိနိုင်ငံပဲ ပြုတ်ပြုတ်ပြုန်းရမယ့်အရေးကို မြင်လာနေပါပြီ။ ဒါကြောင့်ပဲ နေတိုးထဲ မဝင်တော့ပါဘူး ဆိုတဲ့ ကတိကို ပေးလိုက်ရပါပြီ။ ရုရှားကလည်း ဒီကတိပဲ တောင်းခဲ့တာပါပဲ။

ဒီလိုနဲ့ ဒီရုရှား-ယူကရိန်း စစ်ပွဲကြီး ပြီးသွားတော့မယ့် အလားအလာတွေ ပေါ်ထွက်လာနေပါပြီ။ ဒါ‌ကြောင့်ပဲ အားလုံး နိုးနိုးကြားကြား နေကြဖို့ သတိပေးနေရတာပါ။

လှကျော်ဇော

၁၆-၁၂-၂၀၂၅။

ကိုးကား။ https://www.cgtn.com/tv/replay?id=CaeHDEA 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar